မင်္ဂလာပါရှင့်။ သံလွင်တိုင်းမ်ရဲ့ အမှန်/အမှား အစီအစဉ်ကနေ ကြိုဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု သတင်းမှားတွေကို အမှန်၊အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ စစ်ကောင်စီလော်ဘီ အကောင့်တုတွေဖြန့်ဝေနေတဲ့ “ပဇီကြီးကျေးရွာ ဖြစ်စဉ်နဲ့ပက်သက်ပြီး နိုင်ငံတကာက နစက ကို ထောက်ခံ”ဆိုတဲ့ ဓာတ်ပုံပါအကြောင်းအရာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီအကြောင်းအရာကို မှိုင်းဝေ တယ်လီဂရမ်အကောင့်ကနေ ဧပြီလ(၁၈)ရက်နေ့မှာ ဖြန့်ဝေတာကို တွေ့ရပါတယ်။

စစ်တပ်လော်ဘီတွေဖြန့်ဝေနေတဲ့ ပိုစ့်ပါ အကြောင်းအရာ အပြည့်အစုံမှာတော့ “ပဇီကြီးကျေးရွာ အပြင်ဘက် NUGရုံး ဗုံးကြဲတဲ့ကိစ္စနဲ့ပက်သက်ပြီး အကြမ်းဖက်သမားတွေကို နှိမ်နှင်းတာဖြစ်တဲ့အတွက် နစက လုပ်ဆောင်ချက်ကို န်ုင်ငံတကာက ထောက်ခံ”ဆိုပြီး ဓာတ်ပုံတွေနဲ့ အတူစစ်ကောင်စီ လော်ဘီတွေက အွန်လိုင်းမှာ ဝါဒဖြန့် ရေးသားဖြန့်ဝေနေတာပါ။

တပ်ထောက်ခံသူအကောင့်တုတွေ ဖြန့်ဝေနေတဲ့ ဓာတ်ပုံနဲ့ပိုစ့်ပါအကြောင်းအရာနဲ့ ပတ်သက်ပြီး သံလွင်တိုင်းမ်က စစ်ဆေးကြည့်ရာမှာတော့ ထုတ်ပြန်ချက်အတု ဝါဒဖြန့်သတင်းအမှား တစ်ခုသာ ဖြစ်နေတာကို စိစစ်တွေ့ရှိရပါတယ်။

ဖြစ်စဉ်အမှန်ကတော့ ပဇီကြီးကျေးရွာမှာ စကစက လေကြောင်းတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး G-7 စက်မှုထိပ်သီး နိုင်ငံခြားရေးဝန် ကြီးတွေက စစ်ကောင်စီကို ပြင်းပြင်းထန်ထန် ပြစ်တင် ရှုတ်ချလိုက်ကြောင်း ဂျပန်နိုင်ငံမှာ ကျင်းပတဲ့ စက်မှုထိပ်သီး ၇ နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးအပြီး ဧပြီ၁၈ရက်က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖေါ်ပြထားတာကို VOAသတင်းဌာနက သတင်းရေးသားဖော်ပြထားတာကို စိစစ်တွေ့ရှိရပါတယ်။

မြန်မာနိုင်ငံကို စစ်လက်နက်တွေ မရောက်အောင် ဟန့်တားပိတ်ပင်ဖို့ နိုင်ငံအားလုံးကို ထပ်မံတောင်းဆိုတဲ့အကြောင်း မြန်မာစစ် တပ်အနေနဲ့ အကြမ်းဖက်မှုတွေ ချက်ခြင်း ရပ်ဆိုင်းဖို့၊ နိုင်ငံရေး အကျဉ်း သားတွေ၊ တရားလက်လွှတ်ဖမ်းဆီးထားသူ အားလုံးကို လွှတ်ပေးဖို့လည်းG-7 စက်မှု ထိပ်သီးနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေက တောင်းဆိုထားတဲ့ ထုတ်ပြန်ချက်သတင်းကို VOAသတင်း ဌာနကရေးသားဖော်ပြထားတာကို စိစစ်တွေ့ရှိရပါတယ်။

ဒါ့အပြင် ပဇီကြီးကျေးရွာဖြစ်စဉ်အပေါ် ကုလလုံခြုံရေးကောင်စီခေါ်ရန် ဗြိတိန်နိုင်ငံကတောင်းဆိုတဲ့အပြင် လူပေါင်း ၁၆၀ ကျော်သေဆုံးခဲ့ရသည့် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ပဇီကြီးရွာ၌ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုအပေါ် အာဆီယံက အပြင်းအထန်ရှုတ်ချကြောင်း အလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံက (ဧပြီ ၁၃) ထုတ်ပြန်လိုက်တဲ့ သတင်းကို Myanmar now သတင်းဌာနက ရေးသားဖော်ပြထားတာကို စိစစ်တွေ့ရှိရပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ မလေးရှားအကြံပေးအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာ ဆာယက် ဟာမစ် အယ်လ်ဘာကလည်း ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာမှာ စစ်ကောင်စီရဲ့ လေတိုက်တိုက်ခိုက်မှုကြောင့် အမျိုးသမီးနဲ့ အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေအပါအဝင် လူတွေရာနဲ့ချီ သေဆုံးခဲ့ရတဲ့ အဖြစ် အပျက်ကို သူကပြင်းထန်စွာ ရှုတ်ချကြောင်း ဧပြီလ ၁၃ ရက်က ထုတ်ပြန်ကြေညာထားတာကို RFA သတင်းဌာနက သတင်းရေးသား ဖော်ပြထားတာကို စိဥ်တွေ့ရှိရပါတယ်။

Myanmar nowသတင်းဌာနမှာ ဖော်ပြထားတဲ့သတင်းလင့်

https://bit.ly/41Ea4Sv

VOAသတင်းဌာနမှာ ဖော်ပြထားတဲ့သတင်းလင့်

https://bit.ly/41kEPfD

RFAသတင်းဌာနမှာ ဖော်ပြထားတဲ့သတင်းလင့်

https://bit.ly/3UPwL42

ဒီအချက်တွေကြောင့် လူမှုကွန်ယက်ပေါ်မှာ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေကြတဲ့ “ပဇီကြီးကျေးရွာ ဖြစ်စဉ်နဲ့ပက်သက်ပြီး နိုင်ငံတကာက နစက ကို ထောက်ခံ” ဆိုတဲ့ ဓာတ်ပုံပါ သတင်းဟာ စစ်တပ်ထောက်ခံသူတွေဘက်က ဖြန့်ဝေနေတဲ့ သတင်းမှားတစ်ခုသာဖြစ်ကြောင်း သံလွင်တိုင်းမ် ပရိသတ်တွေအတွက် စိစစ်ပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.