ရေး၊ ဧပြီ(၁၃)

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ဇီးဖြူသောင်ကျေးရွာရှိ ကျေးရွာအုပ်ချုပ်ရေးမှူးရုံး တိုက်ခိုက်ခံရတာကြောင့် ပြည်သူ့စစ်အဖွဲ့ဝင် ၂ ဦး အပါအဝင် ၃ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဧပြီ ၁၁ ရက်နေ့ ညနေ ၃ နာရီလောက်မှာ ဇီးဖြူသောင်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးကို ရေးပြောက်ကျားတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် ရုံးအရှေ့မှာရှိနေတဲ့ စစ်ကောင်စီသြဇာခံ ပြည်သူ့စစ်အဖွဲ့ဝင် ၂ ဦး သေဆုံးပြီး သေနတ် ၂ ကိုလည်း ရေးပြောက်ကျားတပ်ဖွဲ့က သိမ်းဆည်းနိုင်ခဲ့တာပါ။

အုပ်ချုပ်ရေးမှူးရုံး ဝင်ရောက်တိုက်ခိုက်မှုမှာ ရုံးအတွင်း ထောက်ခံစာလာလုပ်တဲ့ ဆိတ်ကလေးကျေး ရွာနေ အသက် ၁၄ နှစ်အရွယ် မောင်ငြိမ်းခန့်ကျော် ကျည်ထိမှန်သေဆုံးသွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ရေးပြောက်ကျားတပ်ဖွဲ့တာဝန်ခံ ဗိုလ်ကျန်ရစ်ကတော့ အခုတိုက်ခိုက်မှုဖြစ်စဉ်မှာ လူငယ် ၁ ဦး သေ ဆုံးသွားတဲ့အတွက် အနူးအညွတ်တောင်ပန်ကြောင်းနဲ့ ပြည်သူတွေအနေနဲ့လည်း စစ်ကောင်စီနဲ့ နီးနီးကပ်ကပ်နေတာ မလုပ်ကြဖို့ မေတ္တာရပ်ခံတာပါ။

ပြီးခဲ့တဲ့ ဧပြီ ၄ ရက်နေ့ကလည်း ရေးမြို့နယ် အာယုတောင်ကျေးရွာအနီးရှိ စစ်ကောင်စီသြဇာခံ ပြည်သူစစ်စခန်းတစ်ခုကို ရေးဘီးလူးအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး အဲဒီတိုက်ခိုက်မှုမှာ ပြည်သူစစ် ၂ ဦး သေဆုံးပြီး ၁ ဦး အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.