ထားဝယ်၊ ဧပြီ(၁၃)
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် သပိတ်ကော်မတီဦးဆောင်သူတစ်ဦးဖြစ်တဲ့ ကိုမင်းလွင်ဦးကို ကူညီဖမ်းဆီးသတင်းပေးနိုင်သူတွေကို ဆုကြေးငွေကျပ်သိန်း ၃၀၀ ချီးမြှင့်သွားမယ်လို့ စစ်ကောင်စီ ထားဝယ်ခရိုင်လုံခြုံရေးနဲ့ အေးချမ်းတည်ငြိမ်မှုဖော်ဆောင်ရေးအဖွဲ့က ဧပြီ ၁၂ ရက်နေ့မှာ ကြေညာပါတယ်။
စစ်ကောင်စီကတော့ ကိုမင်းလွင်ဦးဟာ လောင်းလုံးမြို့နယ်အတွင်း နယ်မြေအေးချမ်းမှု ထိခိုက်စေဖို့ လူငယ်တွေကို စည်းရုံးပြီး ဆန္ဒပြဆူပူလှုံ့ဆော်မှုတွေ ဆောင်ရွက်နေသူဖြစ်တဲ့အတွက် ကူညီဖမ်းဆီးပေးသူတွေကို ဆုငွေချီးမြှင့်သွားမယ်ဆိုတဲ့ ကြေညာစာရွက်တွေကို လောင်းလုံးမြို့ပေါ် လမ်းဆုံလမ်း ခွနဲ့ ဓါတ်မီးတိုင်တွေမှာ လိုက်လံကပ်ထားတာ ဖြစ်ပါတယ်။
ကိုမင်းလွင်ဦးကတော့ တော်လှန်ရေးဟာ လူထုထဲကပေါက်ဖွားလာတာဖြစ်ကြောင်းနဲ့ တော်လှန်ရေးရဲ့ ကဏ္ဍအသီးသီးမှာပါဝင်နေကြတဲ့ လူငယ်တွေဟာ တစ်စုံတစ်ယောက်၊ အစုအဖွဲ့တစ်ခုက ဖျားယောင်းသွေးဆောင်တဲ့အတွက် ပါဝင်နေကြခြင်းမဟုတ်ကြောင်းကို တစ်နိုင်ငံလုံးသိရှိပြီဖြစ်တယ်လို့ တုံ့ပြန်တာပါ။
ကိုမင်းလွင်ဦးကို ဆုကြေးထုတ်တဲ့အပေါ် ထားဝယ်ခရိုင် ဒီမိုကရေစီလှုပ်ရှားမှု သပိတ်ကော်မတီကလည်း မည်သည့်အကြမ်းဖက်လုပ်ရပ်မျိုးကိုမှ ကျူးလွန်ထားခြင်းမရှိဘဲ အကြမ်းမဖက်လူထုလှုပ်ရှားမှုနည်းလမ်းနဲ့ ဖယ်ဒရယ်ဒီမိုကရေစီရရှိရေး လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။
ဒါ့အပြင် စစ်ကောင်စီ ပြောဆိုရေးသားသလို ဆန္ဒပြသူတွေဟာ နယ်မြေမအေးချမ်းအောင် လုပ်ဆောင်နေသူတွေမဟုတ်ဘဲ စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့တွေကသာ နယ်မြေမတည်ငြိမ်အောင် လုပ်ဆောင်နေတာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
ကိုမင်းလွင်ဦးဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် မတ်လမှာ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅ (က)နဲ့ ဖမ်းဝရမ်းထုတ်ခံထားရသူဖြစ်ပြီး ၂၀၂၃ ခုနှစ် မတ်လမှာတော့ စစ်ကောင်စီက အကြမ်းဖက်ဥပဒေတွေနဲ့ပါ ထပ်မံအမှုဖွင့်ထားတဲ့အတွက် ထွက်ပြေးတိမ်းရှောင်နေတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Democracy Movement Strike Committee-Dawei