ရေး၊ ဧပြီ(၁၁)

စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လိမ္မော်ခြံကျေးရွာအနီး မော်လမြိုင်-ရေး ကား လမ်းမမှာ ဧပြီ ၁၀ ရက်နေ့က အိမ်စီးကားတစ်စီး ပစ်ခတ်ခံရပြီး အရပ်သားပြည်သူ ၂ ဦး ဒဏ် ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အဲဒီနေ့ မနက် ၁၁ နာရီအချိန်လောက်မှာ ဘုရားသုံးဆူမြို့ဘက်ကနေ ရေးဘက်ကိုဆင်းလာတဲ့ Vigo အိမ်ကား တစ်စီးဟာ လိမ္မော်ခြံကုန်းဆင်းအရောက်မှာ ပစ်ခတ်ခံလိုက်ရတာ ဖြစ်ပါတယ်။

သေနတ်နဲ့ပစ်ခတ်ခံရတာကြောင့် ကားပေါ်ပါလာတဲ့ ရေးမြို့နယ်နေသူ ဦးဖေသန်းမှာ ခါးကျည်ဖောက်ဝင် ဒဏ်ရာတစ်ချက်၊ ဒေါ်မြမွန်က ခြေသလုံးရှပ်မှန် ဒဏ်ရာတစ်ချက်ရရှိခဲ့ပါတယ်။

ဒဏ်ရာရရှိခဲ့တဲ့ ဒေသခံ ၂ ဦးကိုတော့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ရေးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးထားတယ်လို့ သိရပါတယ်။ဒေသခံတွေအဆိုအရ ဒေသခံ ၂ ဦး သေနတ်နဲ့ ပစ်ခတ်ခံရတဲ့နေရာဟာ စစ်ကောင်စီတပ် ကင်းပုန်းလာဝပ်တဲ့ နေရာတစ်ခုလည်း ဖြစ်တယ်လို့ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁ ရက်နေ့ကလည်း ရေးဘက်ကနေ သံဖြူဇရပ်ဘက်ကို ထွက်လာတဲ့ အိမ်စီးကားတစ်စီးကို ဘေးလမိုင်းနဲ့ အေးကမ္ဘာရွာအကြားမှာ စစ်ကောင်စီကင်းပုန်းကနေ သေနတ်နဲ့လှမ်းပစ်လို့ လမိုင်းမြို့နေ လင်မယား ၂ ဦးဒဏ်ရာရရှိထားပါတယ်။

စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ ရေးမြို့နယ်မှာတော့ မကြာခဏ စစ်ကောင်စီတပ်ရဲ့ သေနတ်နဲ့ ပစ်ခတ်မှုကြောင့် အရပ်သား ၅ ဦးထက်မနည်း သေဆုံးပြီး ၁၀ ဦးကျော် ဒဏ်ရာရရှိထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Linn Nay

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.