မွန်ပြည်နယ်မှာ သင်္ကြန်ပွဲတော်စည်းကားဖို့အတွက် စစ်ကောင်စီခန့် ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းရှင်တွေနဲ့ ကုမ္ပဏီတွေကို ခေါ်ယူပြီး သင်္ကြန်မဏ္ဍပ် မဖြစ်မနေ ဆောက်လုပ်ကြဖို့ ဖိအားပေးနေတာတွေ ရှိနေပါတယ်။

မွန်ပြည်နယ်ရဲ့ ဗဟိုမဏ္ဍပ်ကိုတော့ မော်လမြိုင် ကမ်းနားလမ်း မြို့မတံတားမှာ ပြည်နယ်စစ်ကောင်စီက စတင်ဆောက်လုပ်နေပြီး ဖြစ်ပါတယ်။

စစ်ကောင်စီခန့် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းကတော့ ရိုးရာယဉ်ကျေးမှု အမွေအနှစ်ဖြစ်တဲ့ သင်္ကြန်ပွဲတော်ကို မပျောက်ပျက်အောင် ထိန်းသိမ်းဖို့အတွက် မော်လမြိုင် ကမ်းနားလမ်း တစ်လျှောက် ဖျော်ဖြေရေး အက မဏ္ဍပ်တွေနဲ့ ရေကစားမဏ္ဍပ်တွေ ဆောက်လုပ်ကြဖို့ ပြောဆိုလာတာပါ။

မွန်ပြည်နယ်မှာတော့ သင်္ကြန်ပွဲတော်တွေကို ပြီးခဲ့တဲ့ (၂၀၂၀)ခုနှစ်မှ စတင်ကာ ကိုဗစ်ကပ်ရောဂါ အခြေအနေတွေကြောင့် မကျင်းပခဲ့သလို စစ်တပ် အာဏာသိမ်းပြီးနောက် ကျင်းပပြုလုပ်ခဲ့တဲ့ (၂၀၂၁)ခုနှစ်နဲ့ (၂၀၂၂)ခုနှစ် သင်္ကြန်ကာလတွေမှာလည်း ပြည်သူတွေအနေနဲ့ ပူးပေါင်း ပါဝင်ခဲ့ခြင်း မရှိပါဘူး။

လက်ရှိမှာ စစ်ကောင်စီက သင်္ကြန်ပွဲတော် စည်ကားအောင် လုပ်ဆောင်ဖို့ ပြင်ဆင်နေပေမယ့် တော်လှန်ရေး အင်အားစုတွေကတော့ စစ်ကောင်စီက ပြုလုပ်တဲ့ သင်္ကြန်မဏ္ဍပ်တွေမှာ ပါဝင်ဆင်နွှဲတာတွေ မလုပ်ဖို့ တိုက်တွန်းတာတွေ ရှိနေပါတယ်။

သတင်း / ဓာတ်ပုံ – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.