မော်လမြိုင် – မတ်(၃၁)

အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ Project DragonFly ကရရှိထာတဲ့ ရန်ပုံငွေထဲက ဒေါ်လာ (၁.၄) သန်းကို လေကြောင်းရန်ကာကွယ်ရေး အတွက် အသုံးပြုနေသလို တန်ပြန်လေကြောင်းတိုက်ခိုက်ရေး ကဏ္ဍအတွက် ဒေါ်လာ (၈) သိန်းလျာထားသုံးစွဲနေတယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။

နိုင်ငံတကာ Fundraiser တွေဆီကတဆင့် Project DragonFly အတွက် အမေရိကန် ဒေါ်လာ (၂.၂) သန်းကို လက်ခံရရှိထားတယ်လို့ ဆိုထားတာပါ။

NUG အနေနဲ့ ဘဏ္ဍာငွေရှာဖွေရေးအစီအစဉ်တွေမှာ အတက်ပညာ၊အသိပညာ၊ငွေကြေးတွေနဲ့ ပါဝင် ကူညီအားဖြည့်ပေးနေကြတဲ့ တစ်ဦးချင်စီတိုင်းရဲ့ ကြိုးစားအားထုတ်မှုတွေကို လေးစားအသိအမှတ် ပြုတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

Project DragonFly မှ ရရှိခဲ့တဲ့ ရန်ပုံငွေတွေနဲ့ ပြုလုပ်ခဲ့တဲ့ စစ်ဆင်ရေး အောင်မြင်မှုတွေကို လုံခြုံရေး အရ သင့်လျော်တဲ့ အချိန်မှာ ထုတ်ပြန်ပေးသွားမယ်လို့လည်း အသိပေးထားပါတယ်။

NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ နိုင်ငံတကာ Fundraiser တွေနဲ့ ပူးပေါင်းလုပ်ဆောင် ခဲ့တဲ့ ရန်ပုံငွေရှာဖွေရေးစီမံချက်တွေက ရရှိလာတဲ့ ရန်ပုံငွေတွေကို တာဝန်ယူမှု၊ တာဝန်ခံမှုအပြည်နဲ့ စနစ်တကျစီမံခန့်ခွဲနေပြီး အလေအလွင့်မရှိလက်ခံရရှိထားတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြည်သူတွေနဲ့ တော်လှန်ရေးအဖွဲ့တွေကတော့ Project DragonFly ကိစ္စနဲ့ ပတ်သက်ပြီး NUG ကို မကြာခဏမေးခွန်းထုတ်တာတွေရှိနေပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – MOD

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.