မော်လမြိုင် – မတ်(၃၁)
ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ကို စစ်အာဏာရှင်တော်လှန်ရေးအတွက် မိစ္ဆာနှင်တဲ့ ကမ္မဝါစာ အဖြစ်အသုံးချ တိုက်ပွဲဝင်ရမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလ ကပြောပါတယ်။
ဒီနေ့ မတ်လ(၃၁) ရက်နေ့မှာ ကျရောက်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် (၂) နှစ်ပြည့်အခမ်း အနားမှာ အခုလိုပြောခဲ့တာပါ။ “ စစ်အာဏာရှင်စနစ် အမြစ်ပြတ် သုတ်သင် ချေမှုန်းရေးအတွက် မူကိုအခြေခံတဲ့ တော်လှန် ရေး တိုက်ပွဲကို ဆင်နွှဲနေတာ ဖြစ်ပါတယ်။ဒါ့ကြောင့် ဖက်ဒရယ်ဒီမိုက ရေစီပဋိညာဉ်ကို စစ်အာဏာရှင် တော်လှန်ရေးအတွက် မိစ္ဆာနှင်တဲ့ကမ္မဝါစာအဖြစ် အသုံးချ တိုက်ပွဲဝင်ရပါလိမ့်မယ်” လို့ယာယီ သမ္မတဒူဝါလရှီးလ ကပြောပါတယ်။
အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီရဲ့ စုဖွဲ့မှုနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် ကို စနစ်တကျ ဆွေးနွေးအတည်ပြု ပြဋ္ဌာန်းနိုင်တာဟာ အောင်မြင်မှုတစ်ရပ်ဖြစ်တယ်လို့ ပြောပါသေးတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံရေးအင်အားစုများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဝင်များ နဲ့ ဒီမိုကရေစီ လိုလားတဲ့ ပြည်သူတွေတော်လှန်ခဲ့ကြကာ အဲဒီအင်အားစုအားလုံး သဘောတူညီတဲ့ နိုင်ငံရေး ဘုံသဘောတူညီချက်ရရှိဖို့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ ကနေတဆင့် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ကို အတည်ပြုခဲ့ကြတာဖြစ်ပါတယ်။
ဒါ့အပြင်ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ဟာ တော်လှန်ရေးအင်အားစုအားလုံး သဘောတူထားတဲ့ နိုင်ငံရေး သဘောတူညီချက်တစ်ခုဖြစ်သလို အနာဂတ်နိုင်ငံတော်သစ်ရဲ့ လမ်းစဉ်မူဝါဒတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။
ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် (၂) နှစ်ပြည့်အခမ်းအနားကို လူမျိုးစုခေါင်းဆောင်တွေနဲ့ တော်လှန်ရေးအင်အားစုတွေက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပြီး နိုင်ငံရေးပါတီတွေနဲ့ နိုင်ငံရေး အင်အားစုတွေက သဝဏ်လွှာအသီးသီးပေးပို့ခဲ့ကြတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – NUG