ကော်သူးလေ၊ မတ်(၃၁)

ကော်သူးလေအုပ်ချုပ်နယ်မြေ ဖာပွန်ခရိုင်အတွင်းရှိ စစ်ကောင်စီအတွက် စစ်ရေးဗျူဟာမြောက်တဲ့ မယ်ခါး ထာတပ်စခန်းကို KNLA တပ်မဟာ(၅)ပူးပေါင်းအဖွဲ့က (၄၅)မိနစ်နဲ့ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNU တပ်မဟာ(၅)က မတ်လ(၃၀)ရက်နေ့ ရက်စွဲနဲ့ သတင်းထုတ်ပြန်ပါတယ်။

ထိုင်းနယ်စပ် သံလွင်မြစ်ကမ်းနားမှာတည်ရှိတဲ့ စစ်ကောင်စီတပ်ရဲ့ မယ်ခါးထာစခန်းကို ပြီးခဲ့တဲ့ မတ်လ (၂၈)ရက်နေ့ မနက်(၅)နာရီအချိန်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ(၅)ပူး ပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းယူလိုက်ပြီး တိုက်ပွဲကြာချိန်ဟာ (၄၅)မိနစ်သာကြာမြင့်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

တိုက်ပွဲအပြီး စစ်ကောင်စီတပ်ဘက်က (၁၆)ဦးသေဆုံးပြီး (၇)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ဒဏ်ရာရသူ တွေထဲက (၅)ဦးဟာ ထိုင်းနိုင်ငံဘက်ခြမ်းကို ကူးခတ်လွတ်မြောက်သွားခဲ့ပြီး လက်ရှိမှာ ထိုင်းစစ်တပ်က ဆေးကုသမှုပေးလျက်ရှိတယ်လို့ ထုတ်ပြန်ချက်က ဆိုထားပါတယ်။

မယ်ခါးထာစခန်းကို ပြန်လည်သိမ်းယူအပြီးမှာတော့ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး၊ လက်နက် ငယ်မျိုးစု စုစုပေါင်း(၂၃)လက်နဲ့ ကျည်တောင့်(၃၀၀၀)ကျော်အပြင် ဆက်သွယ်ရေးစက်၊ စကားပြောစက်၊ ဖုန်း၊ ဓာတ်ခဲဗူးနဲ့ စစ်ဘောင်းဘီတွေကို သိမ်းဆည်းရခဲ့တယ်လို့ တပ်မဟာ(၅)က ထုတ်ပြန်ပြောဆိုပါတယ်။

မယ်ခါးထာစခန်းသိမ်းတိုက်ပွဲအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မ ဟာ (၅)ပူးပေါင်းတပ်ဖွဲ့ဘက်က (၁)ဦးကျဆုံးပြီး (၈)ဦး ဒဏ်ရာရရှိသွားခဲ့တယ်လို့ ဆိုပါတယ်။

မယ်ခါးထာစခန်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ သံလွင်မြစ်ကမ်းပေါ်ရှိ သွားလာနေတဲ့ ခရီးသွားပြည်သူလူထုတွေအပေါ် ခေါ်ယူစစ်ဆေးမေးမြန်းတာ၊ ခြိမ်းခြောက်ပစ်ခတ်တာနဲ့ စားနပ်ရိက္ခာတွေကို တောင်းယူတာစတဲ့ လုပ်ရပ်တွေကို လုပ်ဆောင်နေတဲ့ စခန်းတစ်ခုဖြစ်ပါတယ်။

မယ်ခါးထာတပ်စခန်းဟာ (၁၉၉၅)ခုနှစ် KNU ဗဟိုဌာနချုပ် မာနယ်ပလောကျဆုံးအပြီး စစ်တပ်ဘက်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်သိမ်းယူထားတဲ့ KNLA စခန်းဟောင်းတစ်ခုဖြစ်တယ်လို့ KNU မူတြော်သတင်းစဉ်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.