မော်လမြိုင်၊ မတ်(၂၉)

ကရင်ပြည်နယ် အာရှလမ်းမကြီးတလျှောက် ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ထိုင်း-မြန်မာ နှစ်နိုင်ငံကုန်သွယ် ရေး ရပ်ဆိုင်းလုနီးပါးဖြစ်လာပြီး တရားမဝင်ကုန်သွယ်မှု အနည်းငယ်သာ ကျန်ရှိတော့တယ်လို့ နယ်စပ်ကုန်သည်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ (၂၅)ရက်နေ့ကစပြီး အာရှလမ်းမကြီး တစ်လျှောက် ကော့ကရိတ်၊ ကျုံဒိုးမြို့နဲ့ မြဝတီကုန်သွယ် ရေးဇုန်တို့မှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တွေအကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သလို လက်ရှိအချိန်ထိလည်း နှစ်ဖက်စစ်ရေး ဆက်လက်တင်းမာနေတာ ဖြစ်ပါတယ်။

လတ်တလော စစ်ရေးလုံခြုံရေး အခြေအနေတွေ ရှုပ်ထွေးနေတာကြောင့် မတ်လ(၂၅)ရက်နေ့ကနေစပြီး ကျုံဒိုးမြို့ကနေ မြဝတီမြို့အထိ မည်သည့်နည်းနဲ့မှ ဖြတ်သန်းသွားလာတာ လုံးဝမပြုလုပ်ကြဖို့ ကျားဖြူစစ်ကြောင်းက မေတ္တာရပ်ခံထားပါတယ်။

တိုက်ပွဲတွေကြောင့် တရားဝင်ကုန်သွယ်မှု လုံးဝနီးပါးရပ်တန့်သွားပြီး တရားမဝင်လမ်းကြောင်းကနေ ကုန်ပစ္စည်း တင်ပို့နေတဲ့ ကုန်သွယ်မှု ၁၀ ရာခိုင်နှုန်းလောက်သာ ကျန်ရှိတော့တယ်လို့ နယ်စပ်ကုန် သည်တစ်ဦးက ပြောပါတယ်။

“အခုက တရားမဝင်လမ်းကြောင်းကပဲ ဝင်ကြတော့တာပေါ့။ ထို့ကိုကိုးလမ်းကြောင်းကနေပြီးတော့လေ၊ မြဝတီ-ဘားအံလမ်းကြောင်းက မဖြစ်မနေ စားသောက်ရမယ့် ဟာတွေပေါ့။ ကုန်ဈေးနှုန်းက နည်းနည်းဈေးတက်သွား တာပေါ့၊ အရင်တုန်းကဆိုရင် တစ်နာရီလောက်သွားရမယ့်ခရီးကို အခုဆို(၄)နာရီလောက် သွားရတာပေါ့။ တောင်ပေါ်လမ်းကျတော့ လမ်းကတော့ (၄၀) ရာခိုင်နှုန်းလောက် ကောင်းနေတာပေါ့။ အတက်အဆင်းမှာ၊ လှေတွေဘာတွေနဲ့ သွားရတာခက်တာပေါ့လေ။ တရားဝင်ကတော့ ကားတွေက သွားလို့မရဘဲ အကုန်လုံး ရပ် တန့်သွားတာပေါ့။ ကုန်စည်းစီးဆင်းမှုကတော့ သုညလောက် ဖြစ်သွားတာပေါ့။ အဲဒီ တရားမဝင်လမ်းကြောင်း က ဝင်တဲ့ဟာတွေလောက်ပဲ သွားလို့ရတာကို။ (၉၀) ရာခိုင်နှုန်းလောက်တော့ ရပ်တန့်သွားပြီးနဲ့ တူတယ်၊ ဒေသသုံးဖို့ပဲ ဆိုတော့လေ (၁၀) ရာခိုင်နှုန်းလောက်ပဲ ရှိတော့တယ်”လို့ ဆိုပါတယ်။

အာရှလမ်းမကြီး တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် ထို့ကိုကိုးလမ်းကနေ သွားလာနေရတဲ့အတွက် အချိန်ကြာပြီး ကုန်ကျစရိတ်ပိုမိုကုန်ကျသလို ကုန်ပစ္စည်းတွေကိုလည်း လိုသလောက် တင်သွင်းလို့မရတဲ့အတွက် ထိုင်းကုန်ပစ္စည်း ဈေးနှုန်းအနည်းငယ် မြင့်တက်လာတယ်လို့ သိရပါတယ်။

လက်ရှိမှာလည်း ကုန်သွယ်ရေးဇုန်တွေ ပိတ်ထားတာကြောင့် ဒေသထွက်ကုန်ပစ္စည်းတွေကို တဖက်နိုင်ငံကို တင်ပို့မှုလုံးဝ ရပ်တန့်နေသလို ကုန်ပစ္စည်းတွေကိုလည်း တင်သွင်းဖို့ ခက်ခဲလာတဲ့အတွက် ပိတ်ရက်ကြာလာတာနဲ့အမျှ ထိုင်းကုန်ပစ္စည်းဈေးနှုန်း သိသိသာသာ မြင့်တက်လာနိုင်တယ်လို့ ကုန် သည်တွေက သုံးသပ်ပါတယ်။

ထိုင်းကုန်ပစ္စည်းရောင်းချသူတစ်ဦးကလည်း ကုန်ပစ္စည်းသယ်ယူတဲ့ကားတွေ ဆင်းလို့မရတာကြောင့် ထိုင်းကုန်ပစ္စည်း လက်ကျန်ရှိသူတွေက ဈေးခေါ်ကြတဲ့အတွက် ဈေးနှုန်းအနည်းငယ် မြင့်တက်လာတယ်လို့ ပြောပါတယ်။

“(ကုန်ဈေးနှုန်း) တက်တယ်ပေါ့။ ကားမှဆင်းမရတာ၊ လမ်းပျက်တယ်၊ ကားတွေဆင်းလို့ မရဘူး။ အားလုံး နားနေရတာပေါ့။ ကားတွေကို သူကမတက်နဲ့လို့ မှာထားတာကို၊ အသွားအလာ မလုပ်ထားခိုင်းဘူး ခင်ဗျ၊ ရှိတဲ့ သူကတော့ ခေါ်ပေါ့၊ တင်ရောင်းပေါ့။ ဒါကတော့ ထုံစံအမြဲဖြစ်နေကြပဲ။ မြဝတီ-မော်လမြိုင်ဈေးကွက်က ဒီလိုပဲ ဈေးခေါ်ကြတာပေါ့။ ပစ္စည်းမလွယ်တော့ ခေါ်ကြတာပေါ့။ (၂၀၀) (၃၀၀) အဲဒီလောက်ပေါ့။ ထို့ကိုကိုး လမ်းကျတော့ ကုန်မရဘူး ကားသေးပဲရတယ်။ ကုန်အသေးပဲရတယ် အကြီးမရဘူး။ ပရိုဘောက်ရမယ်၊ ဒိုင်နာလောက် ရတာပေါ့၊ သူက ဖောင်တွေဘာတွေနဲ့ ကူးရတော့ အဆင်မပြေဘူး၊ ရေလမ်းပါ ရှိတယ်”လို့ ဆိုပါတယ်။

ဒါ့အပြင် ထိုင်းကုန်ပစ္စည်း သယ်ယူပို့ဆောင်ရာမှာ တိုက်ပွဲတွေနဲ့ လမ်းကြောင်း အခက်အခဲတွေကြောင့် ထိုင်းကုန်ပစ္စည်း တွေဟာဆိုရင် အမျိုးအစားပေါ် မူတည်ကာ ကျပ်(၂၀၀) ဝန်းကျင်ကနေ ကျပ်(၁၀၀၀) ဝန်းကျင်ထိ ဈေးနှုန်းတွေ အနည်းငယ်မြင့်တက်လာတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံဟာ မြဝတီကုန်သွယ်ရေးဇုန်ကနေ ထိုင်းနိုင်ငံထဲကို ဒေသထွက် စိုက်ပျိုးသီးနှံတွေကိုတော့ တင်ပို့နေတာဖြစ်ပြီး ထိုင်းနိုင်ငံကတော့ မြန်မာနိုင်ငံထဲကို အခြေခံစားသောက်ကုန်၊ ဆေးဝါး၊ အလှကုန်၊ လူသုံးကုန်၊ ဆောက်လုပ်ရေးသုံး ကုန်ကြမ်းပစ္စည်းတွေ အပါအဝင် အထွေထွေသုံးကုန် ပစ္စည်းတွေကို တင်သွင်းနေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.