အုတ်တွင်း – မတ်(၂၂)

ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ် ညောင်ခြေထောက်ဘူတာနဲ့ ဇေယျဝတီဘူတာကြားမှာ ရထားမိုင်း ထိလို့ ခရီးသည်(၂) ဦးထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ဒေသလူမှုကူညီရေးအသင်းတာဝန်ရှိသူတွေက ပြောပါတယ်။

ဖြစ်စဉ်မှာ ဒီနေ့ မတ်လ(၂၂) ရက်နေ့ မနက်အစောပိုင်းက ရန်ကုန်ကနေ မန္တလေးဘက်ကို ထွက်ခွာလာတဲ့ အမှတ်(၃) အဆန်လူစီးရထားဟာ ရထားလမ်းမိုင်တိုင်အမှတ် ၁၄၂/၉ နဲ့ ၁၄၂/၁၀ ကြားမှာ မိုင်းထိခဲ့တာပါ။

“ရထားမိုင်းထိတော့ ဟုတ်တယ်။ လူနာတွေကိုတော့ ဆေးရုံပို့ထားတယ်လို့ သိရတယ်။ ထိခိုက် ဒဏ်ရာရသူကတော့ အမျိုးသား ၂ ဦးပါ။ အဲဒီအထဲမှာ ဟိန္နူ ဘာသာဝင် အမျိုးသားတစ်ဦးပါတယ်။ ရထားလဲ စက်ခေါင်းအနောက်က အတွဲက တော်တော်လေး ပျက်စီးသွားတာတော့ သိရတယ်။ ”လို့ ဒေသလူမှုကူညီရေးအသင်းဝင်တစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

ရထားမိုင်းထိခဲ့တာကြောင့် ရိုးရိုးတန်းမှာ လိုက်ပါလာတဲ့ ဖြူးမြို့နယ် ကြာအင်းကျေးရွာနေ ဦးလေးလွင်နဲ့ ကျောက်တံခါးမြို့ စီကူလန်ကျေးရွာနေ ဦးဟီရာကျန် တို့နှစ်ဦးကို ကျွဲပွဲဆေးရုံ ကိုပို့ဆောင်ပေးထားပြီး ဒဏ်ရာမစိုးရိမ်ရဘူးလို့လည်း သူက ပြောပါသေးတယ်။

မိုင်းထိခဲ့တဲ့ ရထားကတော့ စက်ခေါင်းမှန်ကွဲတာ၊ ပထမအတွဲ ပြတင်းပေါက်၊ ဝင်ပေါက်တံခါး နဲ့ ထိုင်ခုံတွေ ပျက်စီးမှုရှိခဲ့တယ်လို့သိရပါတယ်။

အဲဒီနောက် မနက်(၇) နာရီဝန်းကျင်မှာ မိုင်းထိခဲ့တဲ့ ရထားတွဲကို ပြင်ဆင်တာတွေလုပ်ပြီး ညောင်ခြေောက်ဘူတာမှာ ရပ်နားခဲ့ကာ မန္တလေးဘက်ကို ဆက်ထွက်သွားတယ်လို့ သိရပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဘယ်အဖွဲ့ကလုပ်ဆောင်ထားတယ်ဆိုတာ ထုတ်ပြန်ထားတာမရှိသေးသလို စစ်ကောင်စီဘက်ကတော့ အင်အား(၂၀) လောက်နဲ့ စစ်ဆေးမှုတွေ လာရောက်လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.