ဌေးဝင်း
ခုနှစ်တွေ သက္ကရာဇ်တွေက နုပျိုခြင်း ရင့်အိုခြင်းတွေကို တိုင်းတာပေးတယ်။ အချိန်တစ်ခုမှာ နုပျိုခြင်းနဲ့ မာန်တက် ပျော်ရွှင် ကြည်နူးနိုင်ခဲ့သလို ကာလတစ်ခုအရောက်မှာ မာန်မာနတွေလျှောကျပြီး သံဝေဂလေနဲ့ ခရီးဆက်နေရတာ ဟာ လောက စက်ရဟတ် ဇာတ်ဝင်ခန်းရဲ့ မပါမဖြစ် အပိုင်းတစ်ပိုင်းပါဘဲ။ ဒါဟာ သက်ရှိ သတ္တဝါတွေအတွက်သာ အ ကျုံးဝင်တာ မဟုတ်ပေဘူး။ သက်မဲ့အရာတွေဟာလည်း ထိုဖြစ်စဉ်ထဲမှာ ဝင်ပါနေကြသည်လေ။ လူတွေနေတဲ့ မြို့ ရွာ နိုင်ငံတွေဟာလည်း အိုမင်းတဲ့ ကာလ ရှိတာပါဘဲ။
အတိတ်က ငါတို့နေတဲ့ မြို့ဟာ ရိုးရာအစဉ်အလာကို ထိန်းသိမ်းလို့လား ဒါမှမဟုတ် ခေတ်မမီလို့လား ဆင်းရဲလို့ လားတော့ မပြောတတ်။ လူနေအိမ်ယာ အများစုက သစ်သားကို အဓိက အသုံးပြုခဲ့ရာကနေ ရုတ်တရက် တိုင်းပြည်ရဲ့ အုပ်ချုပ်ရေး ယန္တရား ပြောင်းလဲသွားပြီးတဲ့နောက်မှာ ငါတို့မြို့ရဲ့ မြေပြင်ပေါ်မှာ တိုက် အမြင့်ကြီးတွေ ထိုးထိုးထောင် ထောင် ပေါ်ထွက်လာကြတယ်။ သူ့ထက်ငါ အရပ်ပိုရှည်တာကို ပြိုင်နေကြသလိုဘဲ။ မိုးတိုးမတ်မတ်တွေ ရပ်လို့။ အ ရင်က သေးသေးသွယ်သွယ် ရှည်ရှည်မျောမျော ကားလမ်းမတွေကလည်း စားကောင်း သောက်ကောင်း တွေ စားရ သော်ရလို့ ဝဖီးလာတဲ့ သတ္တဝါတစ်ကောင်လို နဂိုထက် နှစ်ဆ သုံး ဆ ဝဖီးလာကြတယ်။
၁၉၆၂ ခုနှစ်ကနေ ၁၉၈၈ ခုနှစ်ထိ ငါတို့ တိုင်းပြည်ကို မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီက အုပ်ချုပ်ခဲ့တယ်။ ပါးစပ်က ”ဆိုရှယ်လစ် ခေတ်ပြောင်း တော်လှန်ရေး” တို့ ”တိုင်းသူ ပြည်သား အားလုံး လောက နိဗ္ဗာန်သို့ အရောက် ချီတက် ရေး ” တို့ ကို အသံကောင်း တွင်တွင် ဟစ်ခဲ့ပေမဲ့ သူတို့ တကယ် ကျင့်သုံးသွားတာက ”တသွေး တသံ တမိန့်” နဲ့ တိုင်းပြည်ကို ပြာပုံဘဝ ရောက်အောင် ဖိနှိပ် ချုပ်ချယ် သွားခဲ့ကြတာပါဘဲ။ တိုင်းပြည်ကို နိုင်ငံတကာနဲ့ အဆက် အ သွယ် ဖြစ်ပစ်တဲ့ ” တံခါးပိတ် ဝါဒ” ပါဘဲ။ နှစ်ဆယ့်ခြောက်နှစ် လုံးလုံး တံခါးပိတ်ထားလိုက်တာ လူတွေမှာ မျက်စိ နား ပိတ်ကုန်သွားရုံသာမက စာ ရိတ္တတွေ လည်း အံ့သြဖွယ်ကောင်းလောက်အောင် ချွတ်ခြုံကျ သွားခဲ့တယ်။ နောက်ဆုံး မှာတော့ တိုင်းပြည်ဟာ ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံအဖြစ် ကြေညာရသည်အထိ ဖြစ်သွားခဲ့တယ်။ ဒီလိုနဲ့ ငါတို့မြို့ဟာ လည်း ဆင်းရဲ မွဲတေစွာနဲ့ အိုမင်း ရင့်ရော် ခဲ့ရတယ်။
ဒီလိုနဲ့ နောက်ဆုံးမှာ ပြည်သူလူထုဟာ ဒီမင်းဆိုးမင်းညစ်တွေကို ပြင်းထန်စွာ ဆန့်ကျင် တော်လှန်ကာ ဖယ်ရှားပစ်ခဲ့ ကြတယ်။ မင်းဆိုကို ဖယ်ရှားပစ်လို့ မင်းကောင်းမင်းမြတ်တွေကို ရလာသလား ဆိုတော့ ”နိုး”ပါဘဲ။ ထပ်တက်လာတဲ့ ကိုသာဆိုးတွေရဲ့ ရက်စက်စွာ အုပ်ချုပ်တဲ့ မှောင် အတိပြီးသော ခေတ်ဆိုးတစ်ခုထဲသို့သာ နိုင်ငံဟာ မှောက်လျှက် လဲ ခဲ့ရပါတော့တယ်။
ဒီလိုနဲ့ ငါတို့မြို့ဟာလည်း ဟပ်ချလောင်း ဆိုပြီး ရုတ်တရက် အသွင်ပြောင်းလဲသွားသတယ်။ မိဘဘိုးဘွား လက် ထက်ကတည်းက နေလာခဲ့ ကြသူတွေဟာ အထုပ်ပိုက်ပြီး မြို့ကြီးရဲ့ဘေးနားက အသစ်ဖော်ထုတ်လိုက်တဲ့ အရံ မြို့ သစ်တွေဆီကို ပြေးကြရလေရဲ့။ ဒီရဲ့ ခံစားချက် ဝေဒနာတွေကတော့ အခြားသော ဒဏ်ရာဒဏ်ချက် မြောက်များစွာ နဲ့ အတူ ငါတို့မြို့ရဲ့ ရင်ကွဲနာကျ သမိုင်းမှာ ထင်ကျန်နေခဲ့တာ အမှန်ပါဘဲ။
နာကျင်သူတွေရဲ့ ခံစားချက်ကို လျစ်လျူရှုနိုင်စွမ်းတဲ့ မြို့ဟာ ရောင်စုံမီးတွေ ထိန်ညီးအောင် ထွန်းပြီး ဟန်ဆောင် အပြုံး တုတွေကို တပ်ဆင်ကာ သာယာနေတဲ့ ဂိုက်နဲ့ ခပ်ချေချေ စတိုင်ထုတ်နေလေရဲ့။ ဒီဇိုင်းသစ် မျိုးစုံနဲ့ ကခုန်ဖို့ မျက်နှာ ပြင် တစ်ခုလုံးကိုလည်း ဆေးဆိုး ပန်းရိုက် မိတ်ကပ်တွေ ချယ်သလို့။ လူတွေကလည်း ဟိုး အရင်က မသုံးဖူးတဲ့ အရာ တွေ သုံးခွင့်မရခဲ့တဲ့ ပစ္စည်းတွေနဲ့ ကျေနပ်မှု အသစ်တစ်ခုနောက်ကို တကောက်ကောက် လိုက်ပါကြပြန်တယ်။ ဒါပေ မဲ့ ဒီလူတွေရဲ့ တကယ့် အတွင်းပိုင်းကျတဲ့ စိတ်ထဲမှာတော့ သူတို့အတွက် ဝတ်စုံသစ် တစ်စုံကို လဲလှယ် ဆင်မြန်းနိုင် စွမ်း မရှိခဲ့ကြဘူး။ ရောင်စုံဖြာတဲ့ အိမ်မက်လမ်းဟာ အက်ဆစ်ရည် တွေ အပြည့်ဖုံးလွှမ်းထားတယ် ဆိုတာကို ကောင်း ကောင်းသိနေကြလို့ သူတို့ရဲ့ နှုတ်ဖျားက မကျေနပ်မှုကိုလည်း ဖုံးကွယ် မထားခဲ့ကြဘူး။ မြို့ကသာ ကာလာချိန်းသွား တယ် လူများစွာကတော့ ဝတ်ရုံဟောင်းကြီးကို ဆက်လက် ဝတ်ရုံထားကြဆဲ။
အဲဒီ မြို့ကြီးထဲမှာ အသစ်ထွန်းကားလာတဲ့ ယဉ်ကျေးမှုကတော့ ဟန်ဆောင်မှုတွေနဲ့ အတ္တအလံကို မြင့်နိုင်သမျှ မြင့် အောင် လွှင့်ထူလာကြခြင်းပါဘဲ။ ဒီယဉ်ကျေးမှုမှာ ကျင်လည်သူတွေကတော့ တဘက်သားကို ဂျင်းထဲ့ဖို့ ဆေးထိုးဘို့ ဘာမှ ဝန်လေးတဲ့သူတွေ မဟုတ်ကြဘူး။ ဖားဖို့ လော်ဖို့ စောက်ဖောင်းထုဖို့နဲ့ ပေါင်းစားဖို့ဆိုတာ သူတို့ ရဲ့ DNA အစစ် ဖြစ်ပေတယ်။ ကောက်ကျစ်ခြင်းဆိုတာ သူတို့တွေရဲ့ စွဲမြဲစွာကျင့်တဲ့ ကျင့်စဉ်ပါ။
သူတို့ရဲ့ ကတိကဝတ်ဆိုတာ တကယ်တော့ လိမ်ညာခြင်း စာချုပ်တစ်ရပ်ပါ။ ဒါတွေဟာ သူတို့တွေ ဖန်ခွက်ချင်း တေ့ ပြီး ဆုတောင်းရင်း သောက်စားကြတဲ့ ယမကာ ဝိုင်းတွေမှာ အားရပါးရ သုံးဆောင်ကြတဲ့ အမြည်း ကောင်းကောင်းတွေ ပ။ ပိုပြီး သြဇာ အာဏာ ကြီးမားသူတွေကတော့ သူတို့ရဲ့ မုသားစကားတွေကို ယုံကြည်စရာကောင်းတဲ့ သစ္စာစ ကား အဖြစ် အပေါစား သတင်းစာဆရာတွေကို စာစီစာကုံးတွေ ရေးခိုင်းတတ်ကြတယ်။
ငါတို့ရဲ့ မြို့ကြီးကို ဝေဖန်ပိုင်းခြား ခွဲခြမ်းစိပ်ဖြာသူတွေကတော့ မောဟိုက် ပင်ပန်းစွာ မောင်းနှင်လည်ပတ်နေတဲ့ စက်ရုံ ဟောင်းကြီး တစ်ရုံအဖြစ် တင်စားပြောဆိုကြလေရဲ့။ မှားယွင်းနေတဲ့ စံနစ်တစ်ခုကို အကောင်းဆုံးပါလို့ ကြွေးကြော် ရင်း အသူတရာနက်တဲ့ ချောက်ထဲ ပြေးဆင်းနေတဲ့ ခေတ်ကြီးမှာ ဒါတွေဟာ ပျားရည်ဟန် အသွင်ယူထားတဲ့ အဆိပ် ရည်ပြည့် ကုန်သေတ္တတွေဘဲပေါ့။ ဒီမြို့ရဲ့ မနက်ဖြန် တွေဆိုတာ ကြေကွဲစရာ နေ့ရက်တွေအဖြစ် ကပြကြမဲ့ ပြဇာတ် တွေပါ။
ဒီအခြေအနေကို ပြောင်းပြန်လှန်ပစ်ချင်သူ တစ်ချို့ကတော့ ပစ္စုပ္ပန်နဲ့ ရန်ဖြစ်ရင်း သူတို့ရဲ့ ခပ်ညစ်ညစ် နေ့စွဲတွေဟာ ကုန်းဆုံး ရွေ့လျား နေကြလေရဲ့။ ဒီလို မျိုးဆက်တွေရဲ့ ခေါင်းပေါ်မှာတော့ အမိန့်တွေ ဥပဒေတွေက ဝဲနေကြတယ်။ အ နိုင်ကျင့်ခံရခြင်း နှိပ်စက်ညှဉ်းပန်း ခံရခြင်းဆိုတာ သူတို့တွေအတွက်သာ သီးခြား ရည်ရွယ်ပြောဆိုတဲ့ ဝေါဟာရတွေ ဘဲ ထင်ပါရဲ့။ ”ကိုယ်စိုက်ခဲ့သမျှ ကိုယ်ရိတ်သိမ်းရမယ်” လို့ ယုံကြည်ခဲ့ဖူးကြတဲ့ ဒီမြို့သားတွေဟာ တကယ်တော့ စိတ် ကူး အကြီး ကြီး ယဉ်ခဲ့ကြသူတွေပါ။ တကယ်တော့ သူတို့ဟာ ထွန်ယက် စိုက်ပျိုးသူတွေမျှသာ ဖြစ်ပါတယ်။ ရိတ်သိမ်း ချိန် ရောက်တဲ့အခါ သူတို့ဟာ ပါဝင်ခွင့် မရတော့ပါဘူး။ ကျောင်းစာအုပ်ထဲမှာ ပြဌာန်းထားတဲ့ ကိုယ်ကျင့်တရားတွေ စံတွေ ဟာ တကယ်တော့ ဒီမြို့ရဲ့ အခင်းအကျင်းမှာ အသုံးမဝင်ခဲ့ပါဘူး။
၁၉၉၀ ပြည့်လွန်နှစ်များမှာ စကားလုံးအသစ်တွေ လူနေမှု ဒီဇိုင်းအသစ်တွေဟာ ပြင်းထန်တဲ့ အရှိန်နဲ့ ရိုက်ခတ်နေခဲ့ တယ်။ တံခါးပိတ် ဝါဒီတွေ ပြိုလဲတော့ တံခါးဖွင့်တဲ့ အသံတွေ စီစီညံညံ မြည်သံ ထွက်လာတယ်။ ဈေးကွက် စီးပွားရေး ဆိုတဲ့ အသံက အကျယ်လောင် ဆုံးပါဘဲ။ တချိန်တည်းမှာ အကျဉ်းထောင်တွေရဲ့ တံခါးတွေလည်း ပွင့်လာခဲ့တယ်။ အ ခြားတဘက်မှာ တက္ကသိုလ် ကောလိပ် ကျောင်းတွေရဲ့ တံခါးတွေဟာ မကြာခဏ ပိတ်ပစ်ခြင်းကို ခံခဲ့ကြရတယ်။ ဖွင့် ပြန်တော့လည်း တစ်နှစ်သင်ရမဲ့ စာကို လပိုင်းကလေး ဖုတ်ပူမီးတိုက်.. အဖြစ်..သင်ပေးတဲ့ စာတွေကို ကျက်မှတ် ကူးချရင်း ဘွဲ့လက်မှတ်တွေ ချီးမြှင့်ခြင်း အခမ်းအနားတွေ စီစီရီရီ ပေါ်ထွန်းခဲ့တယ်။
တပြိုင်နက်တည်းမှာ ကသောင်းကနင်း ဝရုန်းသုန်းကား ဖြစ်စဉ်လို့ ဖွင့်ဆိုနိုင်မဲ့ အင်္ဂလိပ်စကားလုံး CHAO က ခေတ် စားခဲ့တယ်။ Knowledge Age ဆိုတဲ့စကားလုံးကို ပညာခေတ်ဆိုတဲ့ ဘာသာပြန်စကားလုံးက ပညာလိုက်စားသူ လူ ငယ်များကြားမှာ အပြောများခဲ့ကြတယ်။ စီးပွားရေးဘက်မှာတော့ ကန်ထရိုက်တွေ ခေတ်ထလာတယ်။ မြေ အရောင်း အဝယ် သမားတွေ ပန်းပန်လာတယ်။ မြေဈေးနှုန်း မြင့်တက် ပေါက်ကွဲမှုနဲ့အတူ တခါမှ မမြင်ဘူးတဲ့ သူစိမ်းတွေ မြို့ကို လွှမ်းမိုးသွားကြတယ်။ အာဏာရှိသူနဲ့ ငွေကို ရေလိုရော လေလိုပါ သုံးနိုင်သူတို့ ချစ်ကြည်ရင်းနှီးမှု ပြုလိုက်ကြချိန်မှာ မူလ နေထိုင်ခဲ့သူ ငါတို့တွေဟာ အလိုအလျောက် ဆင်းရဲ မွဲတေမှု ချောက်ကမ္ဘားထဲကို အရှိန်အဟုန် ပြင်းပြင်းနဲ့ ဇောက်ထိုး ကျသွားခဲ့ကြရလေရဲ့။
အခြားတဘက်မှာ ဒီလို ရှိနေပြန်တယ်။ ဈေးကွက်စီးပွားရေး စနစ်နဲ့ ကိုယ့်ဘက်က တံခါးဖွင့်ပါတယ်ဆိုတဲ့ အခါကျ ပြန် တော့ စီးပွားရေး အင်အားကြီးမားတဲ့ အနောက် နိုင်ငံတွေရဲ့ သပိတ်မှောက် စီးပွားရေး ပိတ်ဆို့မှုကို ခံခဲ့ရပြန်တယ်။ အ ဓိက အကြောင်းရင်းကတော့ ဒီမိုက ရေစီနဲ့ လူ့အခွင့်အရေးကို လျစ်လျူရှုလို့ပါဘဲ။ လူထုက ထောက်ခံမဲပေးပြီး ရွေး ကောက်တင်မြှောက်ခဲ့တဲ့ ပါတီတွေနဲ့ ရွေးကောက်ခံ ကိုယ်စားလှယ်တွေကို အာဏာမလွှဲအပ်တဲ့အပြင် ရက်ရက်စက် စက် နှိပ်ကွပ်ဖြိုခွင်းပြီး ထောင်သွင်း အကျဉ်းချခဲ့လို့ပါဘဲ။
ဒီရဲ့ အကျိုးဆက်က ဒီနိုင်ငံကလူတွေ ဒီမြို့က လူတွေ ပေါ်မှာ ဘာတွေ ရောင်ပြန်ဟပ် သက်ရောက်လာခဲ့သလဲ။ လည် သူစားတမ်း ဖြစ်လာတယ်။ မှင်ကောင်းကောင်းနဲ့ လူလည်တွေ လူလိမ်တွေ လူနပ်လူပါးတွေ နေရာတကာမှာ ထင်ပေါ် လာတယ်။ အလုပ်ဖြစ်လာတယ်။ ရက်စက်ကြမ်းကြုတ်သော အုပ်ချုပ်သူနဲ့ အလွန်းသင့်အောင် ဖားလျားဆက် ဆံပြီး ကိုယ့်အိတ်ကပ်ထဲ ရနိုင်သလောက် သိပ်ထည့်တတ်တဲ့ လူတွေဟာ နေ့ချင်းညချင်း သူဌေးမင်းတွေအဖြစ် ပြောင်းလဲ လာကြတယ်။
ခေတ်ရေစီးတစ်ခု အရှိန်အဟုန် ဖြတ်သန်းချိန်မှာ ပြင်းထန်တဲ့ လေတွေ လှိုင်းတွေ မုန်တိုင်းတွေ ဝဲဂယက်တွေဟာ မ ဖြစ်မနေ ပါနေကျ အခင်အကျင်းပါဘဲ။ အတ္တကြီးတဲ့ လူငယ်တစ်ချို့က တိုင်းပြည်ဘာဖြစ်ဖြစ် ငါနဲ့မဆိုင် ငါ့ဘဝအတွက် ဘဲ ငါကြိုးစားမယ်။ ဘယ်သူသေသေ ငတေမာ ပြီးရောဆိုသူတွေ ရှိခဲ့သလို ” လူတစ်ယောက်ရဲ့ တန်ဖိုးဟာ သူ ဖြတ် သန်း ကျော်လွှားနေတဲ့ ခေတ်ကြီးက သူ့ ပခုံးပေါ် တင်ပေးလိုက်တဲ့ သမိုင်းတာဝန်ကို သူ ဘယ်လောက် သယ်ပိုး ထမ်း ရွက်ခဲ့တယ် ဆိုတဲ့ အချက်နဲ့ တိုင်းတာ ရ မှာပဲ ” ဆိုတဲ့ ဆရာ ဗန်းမော်တင်အောင်ရဲ့ စကားကို ရင်ထဲ စွဲငြိပြီး ကိုယ့် ခေတ်မှာ ရင်ဆိုင်ကြုံတွေ့နေရတဲ့ သမိုင်းပေးတာဝန်တွေ ထမ်းရွက်ရင်း နရသိန်ကို စံမြန်းရသူတွေ မြေအောက်ကို ငုပ်လျှိုးသွားသူ တွေ တောခိုသွားတဲ့ လူငယ်လူရွယ်တွေ လည်း အထောင်အသောင်း ရှိခဲ့ပေါ့။
နှစ်ပေါင်း ရာထောင်တွေ စိမ်းစိုခဲ့တဲ့ တောင်တန်းကြီးတွေဟာ တောင်ကတုံးတွေ ဖြစ်ခဲ့ရ တယ်။ မြစ်ချောင်း အင်းအိုင် တွေဟာ တိမ်ကောခဲ့ရတယ်။ လယ်ယာတွေမှာ လုပ်ကိုင်မဲ့ ကျေးလက်က လူငယ် လူရွယ် မြောက်များစွာဟာ လယ် ယာ လုပ်ငန်းကို စွန့်ခွါပြီး ရွှေ့ပြောင်း အလုပ်သမားဘဝကို ပြောင်းလဲ ခံယူခဲ့ကြတယ်။ ကိုယ့်တိုင်းပြည်မှာ မှောင်မိုက် နေချိန် ကိုယ့်တိုင်းပြည်ကထွက်တဲ့ သဘာဝ ဓာတ်ငွေ့တွေကတော့ တခြားတိုင်းပြည်တွေမှာ လင်းထိန်ဖို့ လျှပ်စစ် စွမ်းအင်တွေ ဖြစ်သွားခဲ့ရတယ်။
ဒီလိုနဲ့ မြို့ကြီးဟာ နှစ်ဆယ်ရာစုကို လက်ပြနှုတ်ဆက်ခဲ့တယ်။
ဒါပေမဲ့ ရာစုနှစ်ခုကို ခွပြီး ရှင်သန်နေသူတွေကတော့ ရာစုဟောင်းထဲက အတွေးနဲ့ဘဲ ဆက်လက် ရှင်သန်နေပြီး ရာစု သစ်မှာ မွေးဖွားလာတဲ့ ဒီနေ့ မျိုးဆက်သစ်တွေက တော့ သူတို့ခေတ်ကပေးတဲ့ အမြင်သစ် အတွေးသစ် နည်းပညာအ သစ် ရင်ဘတ်အသစ်နဲ့ ရာစုသစ်ရဲ့ ဂီတသစ်ကို ခုံမင်ကြတယ်။ ပြဇာတ်အသစ်ရဲ့ ဇာတ်လမ်းဇာတ်ကွက်ကို ဖန်တီး ထု ဆစ်ဖို့ အားထုတ်နေကြတယ်။ ဒါဟာ မြို့ကြီထဲ မှာ နောက်ထပ် ပေါ်လာတဲ့ ပွတ်တိုက်မှုပါ။
ဒီလိုနဲ့ နှစ်တွေ ကြာညောင်းလာတဲ့အခါ အုပ်ချုပ်သူတွေ အချင်းချင်း ဖြုတ်ထုတ်သတ် ဇာတ်လမ်းတွေ ပေါ်ခဲ့သလို လမ်းမပေါ်မှာ ရဟန်းသံဃာတော်တွေ ပြည်သူလူထုတွေ သွေးစွန်းတဲ့ အဖြစ်ဆိုးလည်း ရှိခဲ့တယ်။ သဘာဝ ဘေးဒဏ် နဲ့ လူလုပ် ကပ်ဘေးဆိုးတွေကိုလည်း ပက်ပက်စက်စက် ရင်ဆိုင်ခဲ့ရတယ်။ ကိုးရိုးကားယားနဲ့ ဖားတစ်ပိုင်း ငါးတစ်ပိုင်း ဇာတ်ကို ဆက်ကဖို့ အခြေခံ ဥပဒေ ဆိုတာကို အတည်ပြုလိုက်ကြပြန်တယ်။ တချိန်တည်းမှာဘဲ အရောင်ပြောင်းသွား တဲ့ နိုင်ငံရေး ဇာတ်ခုံပေါ်က ကကြိုးကကွက်တွေကိုလည်း မမြင်ချင်မှ အဆုံး တဝကြီး ရှုစားခဲ့ရတယ်။ ဒါဟာ ငါတို့ မြို့အိုကြီးရဲ့ သရုပ်မှန် ဇာတ်ဝင်ထဲက ကျော်ကြားလှတဲ့ ပြဇာတ်တွေပါဘဲ။
မြို့တော်အဖြစ်က လျှောချ ခံရရုံသာမက မြို့ရဲ့ အထင်ကရ သင်္ကေတတွေ အားလုံးနီးပါးကို ထုတ်ယူ ဖယ်ရှား ခံထားရ တာတောင် သတိသံဝေဂ မယူနိုင်ဘဲ ခပ်လှမ်းလှမ်းမှာရှိနေတဲ့ စင်္ကာပူရ် ကျွန်းကို လှမ်းကြည့်ပြီး ”တခါက နင်ဟာ တံငါ ရွာလေးပါ ကွာ။ နင်ဟာ ငါ့ကို အားကျပြီး ကြိုးစားခဲ့လို့ ခုလို ကြီးပွားလာတာပါလို့ ” ရေရွတ်ပြီး ခဏခဏ စိတ်ကြီးက ဝင် တတ်သေးတယ်။ ”ကြည့်နေ နင့်ကို ငါ ကျော်တက်ပြမယ်” လို့လည်း တစ်ချက် တစ်ချက် ထထပြီး ကြုံးဝါးတတ် တာဟာ ငါတို့ မြို့အိုကြီးပါဘဲ။
နှစ်ဆယ့်တစ်ရာစုရဲ့ ငါးပုံတစ်ပုံ ကာလကို ရောက်သွားချိုန်မှာတော့ မြို့ကြီးအိုကြီးဟာ ပိုမို ခမ်းနားတဲ့ ဘာသာစကား တွေကို အသုံးပြုတတ်လာတယ်။ ဟိုးအရင်က အဘိဓာန်စာအုပ်ထဲမှာဘဲ ဣန္ဒြေ ကြီးကြီး နေနေခဲ့တဲ့ သာမန် အရပ်သူ အရပ်သား နားစိမ်းတဲ့ ဝေါဟာရတွေကို တွင်တွင်ကြီး သုံးလာတယ်။ ဘာသာပြန်စကားလုံးတွေဆိုတော့ နားထဲကိုချော ကနဲ ဝင်ဖို့ ခက်သလို ပြောသာပြောနေရတယ် အဓိပ္ပါယ်ကို သေသေချာချာ နားမလည်သူတွေက အများကြီး။ တချိန် တည်းမှာ ကုန်တိုက်ကြီးတွေ ကွန်ဒိုကြီးတွေ ဇိမ်ခံ ကားကြီးတွေကလည်း မြို့အိုကြီးထဲမှာ ပျော်ရွှင်နေကြလေရဲ့။
ဒီမြို့ကြီးရဲ့ အတ္ထုပ္ပတ်ကို စာပေ ဂီတ ကဗျာ ပန်းချီ ရုပ်ရှင် စသဖြင့် ကိုယ်ကျွမ်းကျင်ရာ အနုပညာနဲ့ သရုပ်ဖော်ကြ ရေး ဖွဲ့ကြတာ ယနေ့တိုင်ပါဘဲ။ ဒီနေ့ လူငယ်လေးတွေက သူတို့မြင်တွေ့နေတာကို ရက်ပ် ဂီတနဲ့ ပေါက်ကွဲ ပြကြသ လို ငါတို့ ငယ်စဉ်ကလည်း မော်ဒန် ကဗျာ ဆိုတဲ့ အရေးအဖွဲ့နဲ့ စိတ်ထဲရှိတာကို ဖောက်ထုတ်ပြခဲ့ဖူးကြတာဘဲ။ အဲအချိန် က ကဗျာကို မရေးရမနေနိုင်အောင် ရူးရူးသွပ်သွပ် ဖြစ်နေသူတွေ များစွာ ရှိခဲ့ဖူးရဲ့။ ကိုယ်နေထိုင်ရာ ခေတ်ကြီးကို စိတ် အလိုမကျလို့ တစ်ခုခုကို ပြောပြချင်တွေ ပြင်းပြနေကြတယ်။ အနာဂတ်ဆိုတဲ့ စကားလုံးကိုယ်တိုင်ကိုက အဲဒီ ခေတ် ကြီးထဲမှာ အဓိပ္ပါယ်ကင်းမဲ့နေသလို ခံစားနေကြရတတယ်။ ရေရေရာရာ ဘာမှမရှိဘဲ အချိန်တွေရဲ့ တိုက်စားမှုအောက် မှာ ရွေ့လျား မျောပါနေကြတာဟာ အဲဒီကာလက လူငယ် တော်တော် များများရဲ့ သရုပ်မှန်ပါဘဲ။
၁၉၉၀ ပြည့်လွန် နှစ်များက ငါတို့ နေ့တိုင်း နီးပါး ထိုင်ဖြစ်တဲ့ ဆိုင်ရဲ့ နာမည်က ”ဇေယျာ ကဖီး” ပါ။ စာ ကဗျာ သမိုင်း ပန်းချီ ဂီတ နိုင်ငံရေး ခေတ် စနစ် နိုင်ငံတကာ စတဲ့ ဘာသာရပ် မျိုးစုံကို ကျဆိမ့် နဲ့ သောက်ပစ်ကြတယ်။ နှင်းဆီနက် ငွေတောင် ဂျိုးသိန်း ဆေးပေါ့လိပ်တွေရဲ့ မီးခိုးငွေ့တွေကြားမှာ ကျယ်လောင်စွာ ပြောဆို ဆွေးနွေးပစ်ကြတယ်။ သုံး မတ် တန် လဘက်ရည်တစ်ခွက်ရယ် တစ်ကျပ်ဖိုး ငါးလိပ် ခြောက်လိပ်ရတဲ့ ဆေးပေါ့လိပ်ရယ်။ ဆိုင်က ဖွင့်ပေးတဲ့ အဲဒီ ခေတ်ရဲ့ ဂီတဖြစ်တဲ့ ရော့ခ်တွေ ရော့ခ် အင်ရိုးလ်တွေနဲ့ ခေါင်းကို ဆေးပစ်ကြတယ်။ အဲဒီနေ့ရက်များမှာ ငါ့ သူငယ်ချင်း ကဗျာဆရာ ”ယူမိုး”ဟာ သူရေးထား ကဗျာတစ်ပုဒ်ကို ယူလာခဲ့တယ်။ လေးမျက်နှာလောက်ရှည်တဲ့ သူ့ကဗျာရဲ့နာမည် က ”ဆေးသား အသစ်နဲ့ မြို့အိုကြီး” ဖြစ်ပါတယ်။ ဒီကဗျာကို သူရွတ်ပြတာထဲက ငါ့နားထဲမှာ ခုထက်တိုင် စွဲနေသေး တဲ့ စာပိုဒ်ကလေးကတော့
”ငါကြေကွဲတယ် လောကကြီးရဲ့ရန်သူသစ်ဟာ ကဗျာဆရာတွေ တဲ့လား။ ဝမ်းနည်းမိပါရဲ့ မြိုးကြီးရယ်။ မဟုတ်တာ လုပ်သူတွေရဲ့ ရန်သူဟာ ကဗျာဆရာတွေတဲ့လား ဝမ်းနည်းမိပါရဲ့ မြို့ကြီးရယ်။ တစ်စုံတစ်ရာကို ကြေကွဲလို့ လွမ်း ဆွတ်မိတဲ့အခါ တစ်စုံတစ်ရာကို တပ်မက်လို့ ရူးသွပ်မိတဲ့အခါ တစ်စုံတစ်ရာကို ခံပြင်းလို့ ဒေါသထွက်မိတဲ့အခါ အဲဒီ အခါ ငါ ကဗျာဆရာဖြစ်သွားတယ်။ အဲဒါ ရန်သူတဲ့လား ဆိုစမ်းပါဦး မြို့အိုကြီးရေ ” …. တဲ့။
ဆေးသားအသစ်နဲ့ မြို့အိုကြီး
_________________
အဲဒီမြို့ကို
အုတ်တိုက်အမြင့်ကြီးတွေက
တဖြေးဖြေး စားသုံးသွားကြ
လမ်းမတွေကတော့
အရင်ကနဲ့မတူပဲ ဝလာကြ
ဒါပင်မယ့်
အနာတွေက ဗလာပွ
ပြီးတော့ အသစ်ဟန်ဆောင်ထား တဲ့
မီးလုံးအသစ်တွေနဲ့
ခြံစည်းရိုးအသစ်တွေ
ဆေးသားအသစ်တွေနဲ့
ကားအသစ်တွေ
သတင်းအသစ်တွေနဲ့
ပလပ်ဖောင်းအသစ်တွေရဲ့အ ပေါ်က
အင်္ကျီ အဟောင်းနဲ့ လူတွေ
မကျေနပ်တဲ့ စကားလုံးအသစ်တွေနဲ့
အက်ဆစ်နာရီတွေပေါ်မှာ လမ်းလျှောက်နေကြပေါ့ ။ ။
သေချာတာတစ်ခုကတော့
အဲဒီလူတွေရဲ့ လိမ်လည်မှုနဲ့
ဟန်ဆောင်မှုအသစ်တွေ
အတ္တရဲ့အလံထူပွဲကို
တခမ်းတနား ကျင်းပနေတာတွေ
အရက်ခွက်တွေထဲက
ယဉ်ကျေးမှုအရိုင်းတွေ
ဖောက်ကားရောင်းဝယ်မှုဆိုင်ရာ
ကောက်ကျစ်မှု အစီအစဉ်သစ်တွေ
မနက်ဖန်ကို လိမ်လည်မယ့်
စာချုပ်စာတမ်းတွေ
ဒါတွေပါပဲ ။ ။
အဲဒီအထဲက
မယုံကြည်နိုင်စရာကောင်းတဲ့
ယုံကြည်မှုကတိတွေနဲ့
အပေါစားသစ္စာတရား ဆိုတာတွေကိုတော့
သတင်းစာစက္ကူနဲ့ပတ်ပြီး
ရောင်းဝယ်ဖောက်ကားနေလေရဲ့ ။ ။
မြို့ကြီးကို ခွဲစိတ်ကြည့်တော့
အစီအစဉ်တွေ ကိုးရိုးကားရားနဲ့
ကရိယာတန်ဆာပလာတွေ မစုံလင်တဲ့
စက်ရုံအဟောင်းကြီးတစ်ခုမျှသာ မြင်ရ
ကြေကွဲမှုတစ်ခုကတော့
မနက်ဖန်ဆိုတာတွေကို
ဒဏ်ရာတွေနဲ့ ထွင်းထုနေတာပါပဲဗျာ ။ ။
ငါကတော့
ဘာမှမထူးခြားတဲ့
ခပ်ညစ်ညစ်နေ့စွဲတွေမှာ
ပစ္စုပ္ပန်ဆိုတာကို ရှာဖွေရင်း
တရွေ့ရွေ့ ကုန်ဆုံးနေခဲ့တယ် ။
အမိန့်များစွာရဲ့
အနိုင်ကျင့်မှုကို နာခံရင်း
တရွေ့ရွေ့ ကုန်ဆုံးနေခဲ့တယ် ။။
ညကင်းတဲရဲ့
သံချောင်းခေါက်သံကို ရွံ့မုန်းရင်း
တရွေ့ရွေ့ ကုန်ဆုံးနေခဲ့တယ် ။။
ကိုယ်ကျင့်တရားရဲ့ ကျောင်းစာအုပ်တွေ
သူခိုးခိုးခံရတဲ့ နေ့တွေဖြတ်သန်းရင်း
ငါ ကုန်ဆုံးလို့နေတယ် ။။
ငါကြေကွဲတယ်
လောကကြီးရဲ့ရန်သူသစ်ဟာ
ကဗျာဆရာတွေတဲ့လား
ဝမ်းနည်းမိပါရဲ့ မြိုးကြီးရယ်
မဟုတ်တာလုပ်သူတွေရဲ့ ရန်သူဟာ
ကဗျာဆရာတွေတဲ့လား
ဝမ်းနည်းမိပါရဲ့ မြို့ကြီးရယ် ။
တစ်စုံတစ်ရာကို
ကြေကွဲလို့ လွမ်းဆွတ်မိတဲ့အခါ
တစ်စုံတစ်ရာကို
တပ်မက်လို့ ရူးသွပ်မိတဲ့အခါ
တစ်စုံတစ်ရာကို
ခံပြင်းလို့ ဒေါသထွက်မိတဲ့အခါ
အဲဒီအခါ ငါ ကဗျာဆရာဖြစ်သွားတယ်
အဲဒါရန်သူတဲ့လား
ဆိုစမ်းပါဦး မြို့အိုကြီးရေ ။ ။
တကယ်တော့
ငါဟာ
မြေထုတစ်ခုအတွက် ပြာတစ်မှုန်ပါ
ငါ့မိုးကောင်းကင်ရဲ့နိဒါန်းကို
ငါကိုယ်တိုင် အစပြုဖွင့်လှစ်ပြီး
ငါကိုယ်တိုင်ပဲ အဆုံးသတ်ရမယ့်သူပါ။ ။
အပြုံးအတုတွေကို ရေးခြယ်ဖို့
ပိတ်သားအသစ် ယက်လုပ်သူဟာ
ငါမဟုတ်ရပါဘူးကွယ်
ငါဟာ
အရောင်ခြယ်အကြောင်းတရားတွေရဲ့
လောင်းရိပ်အောက်က
ထောင်ချောက်မိနေသူ တစ်ယောက်ပါ ။။
ဒီထက်ပိုဦးမှာလား
အဓိပ္ပါယ်ရှိတဲ့ ကဗျာတစ်ပုဒ်အတွက်
ဘဝတစ်ခုလုံးကို စတေးလိုက်ရတာ
စွန့်လွတ်ခဲ့ရတာ
အဲဒီမြို့ပေါ်မှာ ။ ။
( ယူမိုး)
၁၉၉၂ ခုနှစ်တွင် ရေးခဲ့သည်။
(၂၀၁၉ ခုနှစ် သြဂုတ်လ ၁၇ ရက်နေ့ထုတ် Daily Eleven Newspaper)