မင်္ဂလာပါရှင့်။ သံလွင်တိုင်းမ်ရဲ့ အမှန်/အမှား အစီအစဉ်ကနေ ကြိုဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေးလှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု၊ သတင်းမှားတွေကို အမှန်/အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ Han nyein Oo,ပြည်ချစ်သား၊ Myanmar Hard Talk စတဲ့ စစ်ကောင်စီအကောင့်တုတွေဖြန့်ဝေနေတဲ့ “စစ်ကိုင်းမြိုနယ် တာတိုင်ကျေးရွာမှာ NUG လက်အောက်ခံ ပကဖ အဖွဲ့မှ Local PDF များ အစည်းအဝေးခေါ်ပြီး သ –တ်ဖြတ်” ဆိုတဲ့အကြောင်းအရာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီအကြောင်းအရာကို တယ်လီဝရမ်အကောင့်ကနေ မတ်လ( ၈)ရက်နေ့မှာ ဖြန့်ဝေတာကို တွေ့ရပါတယ်။

စစ်တပ်လော်ဘီတွေဖြန့်ဝေနေတဲ့ ပိုစ့်ပါ အကြောင်းအရာ အပြည့်အစုံမှာတော့”စစ်ကိုင်းမြိုနယ် တာတိုင်ကျေးရွာမှာ NUG လက်အောက်ခံ ပကဖ အဖွဲမှ Local PDF များ အစည်းအဝေးခေါ်ပြီး thet ဖြတ်လိုက်ကြောင်းသိရပါတယ်။ ပကဖ နဲ့ PDf နှစ်ဖွဲလုံးကတော့ NUG လက်အောက်ကဖြစ်ပေမယ့် ငွေကြေးကိစ္စတွေရှုပ်လာတော့ အဝေမတည့်တွေဖြစ်လာပြီး အချင်းချင်းတွေ သတ်ဖြတ်လာတာဖြစ်လာပါတယ်”ဆိုပြီး ဓာတ်ပုံတွေနဲ့အတူ စစ်ကောင်စီ လော်ဘီတွေက အွန်လိုင်းမှာ ဝါဒဖြန့် ရေးသားဖြန့်ဝေနေတာပါ။

တပ်ထောက်ခံသူအကောင့်တုတွေ ဖြန့်ဝေနေတဲ့ ဓာတ်ပုံနဲ့ပိုစ့်ပါအကြောင်းအရာနဲ့ ပတ်သက်ပြီး သံလွင်တိုင်းမ်က စစ်ဆေးကြည့်ရာမှာတော့ ထုတ်ပြန်ချက်အတု၊ ဝါဒဖြန့်သတင်းအမှားတစ်ခုသာ ဖြစ်နေတာကို စိစစ်တွေ့ရှိရပါတယ်။

ဖြစ်စဉ်အမှန်ကတော့ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် တာတိုင်ရွာ ထဲကိုမတ် ၁ ရက်က စစ်တပ်က စီးနင်းပြီးနောက် ရက်စက်စွာ သတ်ဖြတ်ခံရတဲ့ ရွာတော်လှန်ရေးအဖွဲ့ခေါင်းဆောင်နှင့် ဒေသခံအချို့၏ ရုပ်အလောင်းတွေဖြစ်ပြီး စစ်တပ်လော်ဘီတွေကအဆိုပါ ဓာတ်ပုံတွေကို ဖြတ်ကပ်ညှပ်ကာ PDFအချင်းချင်း သတ်ထားသယောင် သတင်းအမှားဖြန့်ချိနေတာကို စိစစ်တွေ့ရှိရပါတယ်။

စစ်ကောင်စီစစ်ကြောင်းမှာ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် တာတိုင်ရွာအတွင်းသို့ ဖေဖော်ဝါရီ ၂၉ရက် နေ့တည်းက ရုတ်တရက် ဝင်ရောက်စီးနင်းပြီး တာတိုင်ရွာ တော်လှန်ရေးအဖွဲ့၏ ခေါင်းဆောင်တစ်ဦးကို စစ်ကောင်စီတပ်က အပိုင်းပိုင်းခုတ်ထစ် သတ်ဖြတ်သွားတာဖြစ်တယ်လို့ Myanmar Now သတင်းဌာနက ဒေသခံများကို မေးမြန်းကာ ရေးသားဖော်ထုတ်ထားတာကို စိစစ်တွေ့ရပါတယ်။

ထိုဖြစ်စဉ်အတွင်း စစ်ကောင်စီက ဓားစာခံ ဖမ်းခေါ်သွားသည့် အမျိုးသမီးသုံးဦးအပါအဝင် အခြားဒေသခံ ၁၄ ဦးပါ သတ်ဖြတ်ခံခဲ့ရသည်ဟု ဒေသတွင်းသတင်းရင်းမြစ်များကို မေးမြန်းကာ မီဒီယာများက ရေးသားဖော်ပြထားတာကို စိစစ်တွေ့ရှိရပါတယ်။

Myanmar Nowသတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းလင့်

https://myanmar-now.org/mm/news/14120

RFA သတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းလင့်

https://bit.ly/4256D8z

Mandalay_Free_Press သတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းလင့်

https://bit.ly/4260clD

ဒီအချက်တွေကြောင့် လူမှုကွန်ယက်ပေါ်မှာ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေကြတဲ့”စစ်ကိုင်းမြိုနယ် တာတိုင်ကျေးရွာမှာ NUG လက်အောက်ခံ ပကဖ အဖွဲမှ Local PDF များ အစည်းအဝေးခေါ်ပြီး သ –တ်ဖြတ်”ဆိုတဲ့ ဓာတ်ပုံပါ သတင်းဟာ စစ်တပ်ထောက်ခံသူတွေဘက်က ဖြန့်ဝေနေတဲ့ သတင်းအမှားတစ်ခုသာဖြစ်ကြောင်း သံလွင်တိုင်းမ် ပရိသတ်တွေအတွက် စိစစ်ပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.