ဝါရှင်တန်၊ မတ်(၉)

အမေရိကန်ရဲ့ ကူးစက်ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးစင်တာဟာ တရုတ်နိုင်ငံကလာရောက်တဲ့ ခရီး သွားတွေအတွက် မဖြစ်မနေ ကိုဗစ်၁၉စစ်ဆေးဖို့ လိုအပ်ချက်တွေကို အခြားနိုင်ငံတွေနည်းတူ  မတ်လ ၁၀ ရက်နေ့မှ စတင်ပြီး ဖျက်သိမ်းပေးသွားတော့မှာ ဖြစ်ပါတယ်။

အမေရိကန် ပြည်ထောင်စုအနေနဲ့ ဒီလိုတွေဖြေလျော့ပေးလိုက်ပေမယ့် တရုတ်နိုင်ငံနဲ့ ကမ္ဘာတဝှမ်းရှိ ကူးစက်မှုဖြစ်စဉ်တွေကို ဆက်လက်စောင့်ကြည့်သွားမယ်လို့လည်း သတင်းရင်းမြစ်တစ်ဦးက ရိုက်တာ သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

ကိုဗစ်၁၉စစ်ဆေးမှု ဖြေလျော့ပေးတဲ့ ဆုံးဖြတ်ချက်ကို ဝါရှင်တန်ပို့စ်က အစောဆုံးဖော်ပြထားခဲ့တာပါ။ အမေရိကန်ရောဂါထိန်းချုပ်ရေးစင်တာကတော့ ဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး မှတ်ချက်တစ်စုံတရာ တုံ့ပြန်ဖြေကြားခြင်းမရှိခဲ့ပါဘူး။

ပေကျင်းဟာ တင်းကျပ်တဲ့ ကိုဗစ်၁၉ မူဝါဒတွေကို ရုတ်သိမ်းဖို့ ဆုံးဖြတ်ချိန် ဇန်နဝါရီအစောပိုင်းမှာ အမေရိ ကန်ဟာ အိန္ဒိယ၊ ကနေဒါ၊ အီတလီ၊ ဂျပန်နဲ့ အခြားနိုင်ငံတွေနည်းတူ ကန့်သတ်ချက်လျှော့ချရေးကို ပူးပေါင်းလာခဲ့တာပါ။

ဒီဇင်ဘာအစောပိုင်းမှာ တရုတ်နိုင်ငံဟာ သူ့ရဲ့ ကိုဗစ်၁၉ မူဝါဒကို ရုတ်တရက် ရုတ်သိမ်းလိုက်ချိန်မှာ လူဦးရေ ၁.၄ ဘီလီယံကို ဗိုင်းရပ်စ်ပြန်လည် ကူးစက်ပျံ့နှံ့ခဲ့ပြီး ရောဂါဖြစ်ပွားမှု မြင့်တက်ခဲ့ပါတယ်။

ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ကျွမ်းကျင်သူတွေက မေးခွန်းထုတ်ပေမယ့်လည်း ဖေဖော်ဝါရီလထဲမှာ ကမ္ဘာ့သေဆုံး မှုနှုန်းအနည်းဆုံးဖြစ်လာကာ  တရုတ်နိုင်ငံရဲ့ထိပ်တန်းခေါင်းဆောင်တွေဟာ ကိုဗစ်၁၉နဲ့ ပတ်သက်ပြီး “ကြီးမားတဲ့အောင်ပွဲ” အဖြစ် ကြေညာခဲ့ပါတယ်။

ကိုဗစ် မျိုးကွဲဖြစ်ပေါ်မှုကို စောလျင်စွာ စမ်းသပ်နိုင်ရေးကို ခရီးသွားဧည့်တွေက ကူညီပါဝင်နိုင်တဲ့ Genomic Surveillance Program (TGS) အစီအစဉ်ကို ဆက်လက်ထိန်းသိမ်းထားမယ်လို့  CDC မှ ရိုက်တာ သတင်း ဌာနကို ပြောကြားခဲ့ပါတယ်။ အဲဒီအစီအစဉ်ကို ဒီဇင်ဘာလမှာ စတင်ခဲ့ပြီး Seattle နဲ့ Los Angeles တို့မှာလည်း တိုးချဲ့ဆောင်ရွက်ခဲ့ပါတယ်။

Ref; Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.