ရန်ကုန် ၊ မတ် (၇)
နိုင်ငံတဝန်းမှာ အခုနှစ် ဇန်နဝါရီနဲ့ ဖေဖော်ဝါရီ ၂ လတာအတွင်း စစ်ကောင်စီတပ်က တိုင်းနဲ့ပြည် နယ် အသီးသီးမှာ လူ့အခွင့်အရေးချိုးဖောက်ခဲ့တဲ့ နည်းလမ်း ၂၅ ခုအထိ ရှိခဲ့ပြီး အကြိမ်ရေ ၆၄၀ အထိ ကျူးလွန်ခဲ့တယ်လို့ နွေဦးမော်ကွန်း Spring Archive ရဲ့ အပတ်စဉ်အချက်အလက်တွေက သိရပါတယ်။
ဒီကိန်းဂဏန်းတွေဟာ လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) – နွေဦးမော်ကွန်း Spring Archive ကနေ သတင်းမီဒီယာတွေကို အခြေခံပြီး အပတ်စဉ်ထုတ်ပြန်ထားတဲ့ အချက်အလက်တွေကို သံလွင်တိုင်းမ်က ပြန်လည်ပြုစုထားတာပါ။
လူ့အခွင့်အရေးချိုးဖောက်မှု ကြုံတွေ့ရတဲ့ တိုင်းနဲ့ပြည်နယ်အားလုံးတို့မှာ စစ်ကောင်စီတပ်ဘက်က ကျုးလွန်တဲ့ အကြိမ်ရေ ၃၄၀ ကျော်ရှိခဲ့ပြီး စစ်ကိုင်းတိုင်းဟာ အကြိမ်ရေ ၁၃၀ ကျော်နဲ့ အများဆုံးကျူးလွန်ခံရတာ ဖြစ်ပါ တယ်။
စစ်ကိုင်းတိုင်း ဒေသခံတစ်ဦးကတော့ စစ်ကောင်စီတပ်က နေအိမ်တွေကို မီးရှို့တာ၊အရပ်သားတွေကို တွေ့ရင် ဓားစာခံအဖြစ် ဖမ်းခေါ်ပြီး သတ်ဖြတ်တာစတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ အများကြီးရှိတယ်လို့ သံလွင် တိုင်းမ်ကို ပြောပါတယ်။
“ကျွန်မတို့ အနီးတစ်ဝိုက်မှာဆိုရင် အိမ်တွေ မီးရှို့တယ်၊ တွေ့တဲ့သူကို ဖမ်းဆီးတယ်။ ပြီးရင် ဓားစာခံခေါ်သွား ပြီး သူတို့ (စကစတပ်ဖွဲ့ဝင်တွေ) မလိုချင်ရင် သတ်ဖြတ်ထားခဲ့တာတွေပေါ့။ အိမ်ခြေတွေ တော်တော်များများ ကိုလည်း မီးရှို့သွားတာတွေ ကျွန်မတို့ မျက်မြင် မြင်ရတဲ့အခါကျလို့ရှိရင် မျက် ရည်နဲ့မျက်ခွက်ပေါ့။ စစ်ကရှောင် ရသေးတယ်။ ရှောင်ပြီးပြန်လာတဲ့ အချိန်တောင်မှပဲ နေစရာအိမ်မရှိတော့တာတွေပေါ့။ ဒီလို (လူ့အခွင့်အရေး) ချိုးဖောက်မှုတွေက အများကြီးပဲပေါ့”လို့ သူက ဆိုပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ လူ့အခွင့်အရေးချိုးဖောက်ခဲ့တဲ့ နည်းလမ်း ၂၅ ခုထဲမှာ အကြိမ်ရေအများဆုံးဖြစ်တဲ့ ပြည်သူပိုင်အဆောက်အအုံ/ပစ္စည်းတွေကို မီးရှို့ဖျက်ဆီးတာ ၉၆ ကြိမ်၊ လက်နက်ကြီးနဲ့ပစ်ခတ်တာ ၈၂ ကြိမ်ရှိ ခဲ့သလို အရပ်သားတွေ ဖမ်းဆီးခံရမှု ၇၄ ကြိမ် ရှိခဲ့တာပါ။
ဒါ့အပြင် လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာ၊ လူသားဒိုင်းပြုလုပ်ပြီး ဓားစာခံအဖြစ် ဖမ်းဆီးတာ၊ ဖမ်း ဆီး ညှင်းပန်းနှိပ်စက်တာ၊ ပြည်သူတွေကို မီးရှို့သတ်ဖြတ်တာ၊ အသက်မပြည့်တဲ့ ကလေးတွေကို ဖမ်းဆီးတာ၊ မြေမြှုပ်မိုင်း ထောင်တာ စတဲ့ နည်းလမ်းတွေနဲ့ အကြိမ်ရေများစွာ လူ့အခွင့်အရေးချိုးဖောက်ခဲ့တာ ဖြစ်ပါတယ်။
စစ်ကိုင်းတိုင်းအတွင်းရှိ မြေပြင်လူထုသပိတ်မှာ ပါဝင်နေတဲ့ ဒေသခံတစ်ဦးကလည်း ပြည်သူတွေကို ရက်ရက် စက်စက် လုပ်ပြလေ ပြည်သူတွေက အရင်ကထက် စိတ်ဓာတ်တက်ကြွပြီး စစ်ကောင်စီကို ပိုမုန်းတီးတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“အဲဒီလို လုပ်ပြလေ တကယ့်ပြည်သူတွေက ကြောက်တော့ကြောက်ကြတယ်။ ဒါပေမယ့် ဒီလိုလုပ်ပြလေ သူတို့ စိတ်တွေ (ဒေသခံ) ပိုပြီး မခံနိုင်ကြဘူး။ သူတို့စိတ်တွေ နဂိုကထက် ပိုတက်ကြွလာတာပေါ့။ ဒီလိုမျိုး လူ့အခွင့် အရေးချိုးဖောက်တာတွေ ဒီလောက်ကြီးအထိ ရက်ရက်စက်စက် လုပ်ပြတဲ့အခါကျတော့ ကြောက်တာက ကြောက်တာ တစ်ကဏ္ဍပဲ။ ဒါပေမယ့် သူတို့ဘက်ကို (စကစ) လုံးဝ ပိုရွံ့ရှာမုန်းတီးတာပေါ့။ သူတို့ (စကစ) အဲဒီလိုလုပ်လေ ပြည်သူတွေက ပိုပြီး ရွံ့ရှာမုန်းတီးလေပဲဖြစ်မှာပဲဗျ” လို့ သူက ဆိုပါတယ်။
စစ်ကောင်စီကို လက်နက်ကိုင်ခုခံတော်လှန်မှုနဲ့ရော မြေပြင်သပိတ်နဲ့ပါ ဆန့်ကျင်မှုအားကောင်းတဲ့ စစ်ကိုင်းတိုင်း အတွင်းရှိ မြို့နယ် ၁၄ ခုကို စစ်အုပ်ချုပ်ရေးအမိန့် ကျင့်သုံးဖို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂ ရက်နေ့မှာ စစ်ကောင်စီက ကြေညာထားတာပါ။
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ တာတိုင်ကျေးရွာရှိ ဒေသခံတစ်ချို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဓားစာခံ အဖြစ် ခေါ်ဆောင်သွားပြီး မတ် ၂ ရက်နေ့မှာ အမျိုးသမီးအပါအဝင် ဒေသခံ ၁၇ ဦးကို သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေဆီ သိရပါတယ်။
ဒါ့အပြင် မတ် ၃ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ခင်မွန်ကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက် လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အသက် ၁၃ နှစ်အရွယ် ကလေးငယ်တစ် ဦး အပါအဝင် ဒေသခံ ၃ ဦး သေဆုံးခဲ့ရပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်ရေးမှူးရုံး (OCHA) ရဲ့ အချက်အလက်တွေအရ နိုင်ငံတဝန်းမှာ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီ ၂ လတာအတွင်း အရပ်သားပြည်သူ ၁၅၄,၀၀၀ ကျော်ဟာ နေရပ်စွန့်ခွာထွက်ပြေးနေရတယ်လို့ မတ် ၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
သတင်း – သံလွင်တိုင်းမ်