{"uid":"53DBC9A5-8670-499B-91AD-1970D090FFD5_1678007516822","source":"other","origin":"gallery"}

ရေး၊ မတ်(၇)

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အောင်သာယာကျေးရွာမှာ မတ် ၅ ရက်နေ့ နေ့လည်ပိုင်းက စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်ခဲ့တာကြောင့် အသက် ၇၈ နှစ်အရွယ် အဘွားအိုတစ်ဦး ပြင်းထန်ဒဏ်ရာရရှိပြီး အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေမှာရှိနေတယ်လို့ ဒေသခံတွေနဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မနေ့ နေ့လည် ၂ နာရီလောက်မှာ လမိုင်းမြို့ အခြေစိုက် စစ်ကောင်စီ အမှတ် (၃၁၇) အမြောက်တပ်ကနေ တိုက်ပွဲမရှိဘဲ လက်နက်ကြီး ၄ လုံး ရမ်းသမ်းပစ်ခတ်ခဲ့ရာကနေ အောင်သာယာကျေးရွာထဲ လက်နက်ကြီး ကျည်တစ်လုံး ကျရောက်ပေါက်ကွဲခဲ့တာပါ။

စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ကြောင့် အောင်သာယာကျေးရွာ ဘုန်းကြီးကျောင်း အနီးရှိ နေအိမ်အပေါ် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အသက် ၇၈ နှစ်အရွယ် အဘွားအိုတစ်ဦး အူပွင့်ထွက် ဒဏ်ရာရရှိခဲ့ပါတယ်။

အူပွင့်ထွက်ဒဏ်ရာရရှိခဲ့တဲ့ အဘွားအိုကို လူမှုကယ်ဆယ်ရေးအဖွဲ့တွေကနေ မော်လမြိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး အသက်အန္တရာယ် စိုးရိမ်ရတဲ့အခြေအနေမှာ ရှိနေတယ်လို့ ဆိုပါတယ်။

လက်နက်ကြီး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့တဲ့ အဘွားအိုဟာ မော်လမြိုင်ဆေးရုံမှာ တက်ရောက်ကုသစဉ် သေဆုံးသွားတယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် သံလွင်တိုင်းမ်အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ရေးမြို့နယ်မှာတော့ စစ်တပ် အာဏာသိမ်းကာလအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၂ ဦး သေဆုံးထားပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိထားတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.