နေရန်ကုန်၊ မတ်(၂)

ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းတွေမှာ ဒီမိုကရေစီထည့်သွင်းသင်ကြားမှုအပေါ် တားမြစ်တာဟာ ကျောင်း သားတွေ ဒီမိုကရေစီစံနှုန်းသိရှိနေတာက စစ်ကောင်စီအတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှုဖြစ်တယ်လို့ ဒီမိုကရေစီရေးလှုပ်ရှားသူတွေနဲ့ ပညာရေးအသိုင်းအဝိုင်းက ပြောဆိုလိုက်ပါတယ်။

စစ်ကောင်စီပညာရေးဝန်ကြီးဌာနက ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းတွေမှာ အနောက်တိုင်းဒီမိုကရေစီယဉ်ကျေးမှု ထည့်သွင်းသင်ကြားနေတဲ့အတွက် ကိုယ်ပိုင်ကျောင်းတွေနဲ့ပတ်သက်တဲ့ စည်းကမ်း၊ဥပဒေတွေကို ထုတ်ပြန်ဖို့ ကရင်ပြည်နယ်၊ခရိုင်ပညာရေးမှူးတွေအားလုံးကို ဖေဖော်ဝါရီ ၁၇ ရက်နေ့က အကြောင်းကြားစာ ညွှန်ကြားခဲ့တာပါ။

အဲဒီညွှန်ကြားချက်မှာ ပုဂ္ဂလိက ပညာရေးဥပဒေကို ရေးဆွဲထုတ်ပြန်ပြီးရင် အနောက်တိုင်းဒီမိုကရေစီယဉ်ကျေးမှု ထည့်သွင်းသင်ကြားတာနဲ့ အခြားမလိုလားသော သင်ကြားမှုတွေကို ထိရောက်စွာဟန့်တား အရေးယူဆောင် ရွက်နိုင်မယ်လို့ ဆိုထားပါတယ်။

အွန်လိုင်းပညာရေး Burma Academy အဖွဲ့ဝင် ကိုမင်းခန့်ကျော်လင်းကတော့ ဒီမိုကရေစီသင်ကြားမှု တားမြစ် တာဟာ ဒီမိုကရေစီထွန်းကားမှာကို စစ်အုပ်စုစိုးရိမ်တာကြောင့် ဖြစ်ပြီး စစ်အာဏာရှင်စနစ် ကျင့်သုံးဖို့ ကြိုးပမ်း တာလို့ ဝေဖန်တာပါ။

“သူတို့ကိုယ်တိုင် အာဏာရှင်စနစ်ကိုပဲ ကျင့်သုံးချင်တဲ့အတွက် ဒီမိုကရေစီယဉ်ကျေးမှုထွန်းကားတာက သူတို့အတွက် ပြဿနာလို့ ထင်ခဲ့တာကိုး။ အနောက်အုပ်စုကတော့ ရှင်းပါတယ်၊ သူတို့ကို မထောက်ခံတဲ့ အစုအဖွဲ့တွေ ဖြစ်နေလို့ သူတို့မုန်းတာပေါ့။ ဒါမျိုး ပြောလို့ရတယ်။ သူတို့အနေနဲ့ နှစ်ခုစလုံးကို ပေါင်းပြီး ဆွဲချနေမယ်။ တကယ်တမ်း သူတို့ကိုယ်တိုင် ကြောက်တာတော့ မြန်မာနိုင်ငံမှာ ခေတ်အဆက်ဆက် စစ်တပ်ကို တွန်းလှန်ဖို့ ကျောင်းသားလှုပ်ရှားမှုတွေက အများဆုံးဖြစ်ပေါ်ခဲ့တဲ့အတွက် ကျောင်းတွေကိုသူတို့အနေနဲ့ လန့် တယ်။ ကျောင်းသားတွေဆီမှာ ဒီမိုကရေစီစံနှုန်းတွေကို သိနေတာဟာ သူတို့အတွက် ကြီးမားတဲ့ခြိမ်းခြောက်မှု ဖြစ်တယ်လို့ ဖော်ပြနေပါတယ်”လို့ သူက ဆိုပါတယ်။

စစ်ကောင်စီပြောတဲ့ အနောက်တိုင်းဒီမိုကရေစီယဉ်ကျေးမှုဟာ ဒီမိုကရေစီကျင့်သုံးတဲ့နိုင်ငံတွေမှာ အသိအ မှတ်ပြုထားတဲ့ လူသူအချင်းချင်း ချစ်တတ်ဖို့ ၊ဒီမိုကရေစီစံနှုန်းတွေ၊လူ့အခွင့်အရေးစံနှုန်းတွေကို သင်ရိုးတွေမှာ အဓိကထား သင်ကြားတာလို့ ဆိုပါတယ်။

ဒီမိုကရေစီရေးလှုပ်ရှားသူ ကျောင်းသားခေါင်းဆောင်ဟောင်း ကိုမင်းသွေးသစ်ကလည်း စစ်ကောင်စီရဲ့ အခု လုပ် ရပ်ဟာ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်စေဖို့အတွက် ဒီမိုကရေစီမျိုးစေ့နဲ့ အရင်းအ မြစ်တွေကို ဖြတ်တောက်တာလို့ ဝေဖန်ပါတယ်။

“ပညာရေးကဏ္ဍမှာ အစိုးရရဲ့ အုပ်ချုပ်မှုအောက်မှာရှိတဲ့ အစိုးရကျောင်းတွေအပြင် ပုဂ္ဂလိကကျောင်းတွေမှာပါ ဒီမိုကရေစီစံနှုန်းတွေကို မသင်ရဘူးဆိုတာက တကယ်တမ်းကျ စစ်အာဏာရှင်စနစ်ကောင်းကောင်း အုပ်ချုပ်နိုင်ဖို့၊ သက်ဆိုးရှည်ဖို့၊ ဒီမိုကရေစီ မျိုးစေ့နဲ့ ဒီမိုကရေစီအရင်းအမြစ်တွေကို ဖြတ်တောက်တာ ဖြစ်ပါတယ်။ နောက် ကျရင် သူနဲ့ဆက်ဆံတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ နိုင် ငံတကာက လူသားချင်းစာနာထောက်ထားမှုအကူအ ညီတွေ လာပေးတဲ့အဖွဲ့အစည်းတွေ ဒီလို NGO တွေ CSO တွေကိုလည်း တားမြစ်ကန့်သတ်တာတွေ ဒီနိုင်ငံမှာ ဒါမလုပ်ရဘူး၊ ဒါမြန်မာပြည်ရဲ့ ဥပဒေဆိုတာမျိုး ဆက်လုပ်လိမ့်မယ်လို့ ကျွန်တော့်အနေနဲ့ ယူဆပါတယ်”လို့ သူက ဆိုပါတယ်။စစ်ကောင်စီဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာတုန်းကလည်း အမျိုးသားပညာရေးဥပဒေပါ ပုဒ်မတစ်ချို့ကို ပြန် လည်ပြင်ဆင်ပြီး “အခြေခံပညာအဆင့်တွင် မြန်မာဘာသာစကားကို စာသင်ခန်းသုံး ဘာသာစကားအဖြစ် အသုံးပြုရမယ်”လို့ အစားထိုးထုတ်ပြန်ခဲ့ပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီတပ်ဟာ အာဏာသိမ်း ၂ နှစ်ကျော်ကာလအတွင်း ပြည်ထောင်စုလွှတ် တော်ကနေ အတည်ပြုထားတဲ့ ဥပဒေတွေကို လွှတ်တော်မရှိဘဲ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရဆိုပြီး ပြင် ဆင် ပြဌာန်းတာတွေ ဆက်တိုက်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.