ဟောင်ကောင်၊ မတ်(၁)

ဟောင်ကောင်မှာ တင်းကျပ်တဲ့ကိုဗစ်စည်းမျဉ်းတွေကို သုံးနှစ်ကျော်ကြာသတ်မှတ်ထားပြီးတဲ့နောက်မှာတော့ အခုအချိန်မှာ သာမန်လူနေထိုင်မှုပုံစံအဖြစ်ပြန်လည်ဖြေလျော့လိုက်ပြီဖြစ်ပါတယ်။

နှာခေါင်းစည်းတပ်ရတဲ့ကန့်သတ်ချက်ကို မတ်(၁)ရက်နေ့မှာ စတင်ဖြေလျော့ပေးမှာဖြစ်ပြီး ဧည့်သည်တွေနဲ့ စီးပွားရေးသမားတွေကို ပြန်လည်ဖိတ်ခေါ်မှုတွေပြုလုပ်နေပြီဖြစ်တယ်လို့ ဟောင်ကောင်အစိုးရအကြီးအကဲက ပြောကြားခဲ့တာပါ။

ကမ္ဘာတစ်ဝှမ်းမှာ နှာခေါင်းစည်းမဖြစ်မနေတပ်ဆင်ရမယ့် စည်းကမ်းချက်ကို ချမှတ်ထားဆဲဖြစ်တဲ့ ဟောင် ကောင်အထူးအုပ်ချုပ်ရေးဒေသမှာတော့ အဲဒီအစီအစဉ်ဟာ မတ်(၁)ရက်နေ့မှာ စတင်အသက်ဝင်မှာဖြစ်တယ် လို့ ဟောင်ကောင်ရဲ့ အကြီးအကဲလီက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ဟောင်ကောင်နဲ့ မကာအိုနှစ်နိုင်ငံစလုံးဟာ လွန်ခဲ့တဲ့သုံးနှစ်အတွင်း တရုတ်နိုင်ငံရဲ့ ကိုဗစ် ဇီးရိုးမူဝါဒကို လိုက်နာခဲ့ကြတာပါ။ ၂၀၂၀ ခုနှစ်မှ စတင်ပြီး နှာခေါင်းစည်းတပ်ဆင်ဖို့အတွက် ပြဌာန်းခဲ့တဲ့ ဟောင်ကောင်ဟာ  တင်းကျပ်တဲ့ COVID စည်းမျဉ်းတွေကို ပြီးခဲ့တဲ့နှစ်မှာ စတင်ဖြေလျှော့ခဲ့ပါတယ်။

“ဒီဆုံးဖြတ်ချက်ကို ချမှတ်ဖို့ အကောင်းဆုံးအချိန်လို့ ကျွန်တော်တို့ ယူဆပါတယ်။ ဟောင်ကောင်ဟာ ပုံမှန်ပြန်ဖြစ်နေပြီဆိုတာကို ပြသတဲ့ ပြတ်သားတဲ့ သတင်းစကားပါပဲ” လို့ လီက ပြောပါတယ်။

ဒါပေမယ့် ဆေးရုံတွေလို အန္တရာယ်ဖြစ်နိုင်ချေရှိတဲ့ နေရာတွေမှာတော့ ဝန်ထမ်းတွေနဲ့ ဧည့်သည်တွေကို နှာခေါင်းစည်းတပ်ဖို့သတ်မှတ်ချက်ကတော့ သက်ဆိုင်ရာ အုပ်ချုပ်ရေးအာဏာပိုင်တွေက ဆုံးဖြတ်နိုင်တယ်လို့  ဆိုပါတယ်။

အိမ်နီးချင်း အထူးအုပ်ချုပ်ရေးဒေသ မကာအိုရဲ့ အများပြည်သူ သယ်ယူပို့ဆောင်ရေး၊ ဆေးရုံတွေနဲ့ နေရာအချို့ကလွဲပြီး နေရာအများစုအတွက် COVID 19 နဲ့ ပတ်သက်တဲ့ နှာခေါင်းစည်းတပ်ဆင်မှုကို လျှော့ချသွားမယ်လို့  ဖေဖော်ဝါရီ ၂၆ ရက်က ပြောကြားခဲ့ပါတယ်။

၂၀၂၀ ခုနှစ်ကတည်းက ရပ်တန့်ခဲ့တဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် ခရီးသွားတွေနဲ့ စီးပွားရေးလုပ်ငန်းတွေကို ပြန်လည်ခေါ်ဆောင်တဲ့အနေနဲ့ အခုလမှာ “Hello Hong Kong” လို့ခေါ်တဲ့ ပရိုမိုးရှင်းလှုပ်ရှားမှုကို စတင်ခဲ့ပြီး နောက်မှာ အခုလိုနှာခေါင်းစည်းဖယ်ရှားဖို့ ထုတ်ပြန်ချက် ထွက်ပေါ်လာတာဖြစ်ပါတယ်။

(Reuters)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.