ဟနွိုင်း၊ ဖေဖော်ဝါရီ(၇)

ဗီယက်နမ်သမ္မတဟောင်း ငုယင်စောင်ဖူက သူဝန်ကြီးချုပ်ဖြစ်ခဲ့စဉ်က သူ့လက်အောက်မှာ တာဝန်ထမ်း ဆောင်ခဲ့တဲ့ အရာရှိဝန်ထမ်းတွေရဲ့ ချိုးဖောက်ကျူးလွန်မှုတွေကိုတာဝန်ယူ တာဝန်ခံတဲ့အနေနဲ့ ရာထူးမှ နုတ်ထွက်ခဲ့တာဖြစ်တယ်လို့ အစိုးရရဲ့ ဝက်ဘ်ဆိုဒ်စာမျက်နှာပါ ရေးသားချက်တစ်ခုအရ သိရှိရပါတယ်။

သမ္မတဟောင်းဟာ ပြီးခဲ့တဲ့ဇန်နဝါရီလမှာ သမ္မတရာထူးနဲ့ ပေါ်လစ်ဗျူရိုအဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်ခဲ့ပြီး ယာယီ သမ္မတအဖြစ် တာဝန်ယူမယ့် ဒုတိယသမ္မတထံကို ရာထူးလွှဲပြောင်းပေးခဲ့တာလည်းဖြစ်ပါတယ်။

ဗီယက်နမ်ကွန်မြူနစ်ပါတီဗဟိုကော်မတီဟာ သမ္မတဟောင်း ဖူနဲ့ ရာထူးကနေနုတ်ထွက်ထားတဲ့ ဒုဝန်ကြီး ချုပ်ဟောင်း ဖမ်ဘင်မင်နေရာကို အစားထိုးဖို့ ပေါ်လစ်ဗျူရိုအဖွဲ့ဝင်အသစ်များကို ကြေညာသွားဖို့ရှိတယ်လို့ သိရပါတယ်။

ဗီယက်နမ်သမ္မတနေရာအတွက် ကြေညာချက်ထုတ်ပြန်မှုကို ပါတီဗဟိုကော်မတီအနေနဲ့ ပြုလုပ်သွားမှာဖြစ်ပြီး လာမယ့် မေ သို့မဟုတ် ဇွန် လမှာ ကျင်းပမယ့် အမျိုးသားညီလာခံကတဆင့် ကိုယ်စားလှယ်လောင်းကို မဲပေး ရွေးချယ်သွားမှာလည်းဖြစ်ပါတယ်။

သမ္မတဟောင်းဖူဟာ ၂၀၁၆ ခုနှစ် မှ ၂၀၂၁ ခုနှစ်အထိ ဗီယက်နမ်ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ပါတီနဲ့ တိုင်းပြည်အတွက် သူရဲ့ တာဝန်ဝတ္တရားတွေကို ကောင်းစွာ သိမြင်သူလည်းဖြစ်ပါတယ်။ ကိုဗစ် – ၁၉ စမ်းသပ်ရေးပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီ Viet A Technology JSC နဲ့ဆက်စပ်နေတဲ့ လာဘ်ပေးလာဘ်ယူအ ရှုပ်တော်ပုံမှာ သူ့မိသားစုမပါဝင်ခဲ့ဘူးလို့ ပြောဆိုခဲ့တဲ့အကြောင်း အဲဒီသတင်းထဲမှာ ဖော်ပြထားတာပါ။

ဗီယက်နမ်ကွန်မြူနစ်ပါတီဗဟိုကော်မတီရဲ့ စုံစမ်းစစ်ရေးကော်မရှင် က အနှစ်ချုပ်ထုတ်ပြန်တဲ့ အချက်တွေထဲမှာ လည်း သမ္မတဟောင်းရဲ့ကတော်နဲ့ သားသမီးတွေဟာ Viet A လာဘ်စားမှုကိစ္စမှာ ပါဝင်ပတ်သက်ခြင်းမရှိ ကြောင်း ဖော်ပြထားပါတယ်။

အာဏာပိုင်တွေကတော့ အဲဒီအမှုကိစ္စနဲ့ ပတ်သက်ပြီး လူ ၁၀၂ ဦးကို ပြစ်မှုဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေ အတိုင်းဆောင်ရွက်ဖို့ လုပ်ငန်းစဉ်များ စတင်ထားပြီးဖြစ်ကြောင်းလည်း လူထုလုံခြုံရေးဝန်ကြီးဌာနက ပြော ပါတယ်။

ဗီယက်နမ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီအထွေထွေအတွင်းရေးမှူးရုံးရဲ့ အမြဲတမ်းအဖွဲ့ဝင်  မစ္စတာ ဗွန်ဗန်ထူအွန် က ၂၀၂၁ ခုနှစ် ဧပြီလလ သမ္မတအဖြစ်ရွေးကောက်ခံခဲ့ရတဲ့ မစ္စတာဖူရဲ့ သမ္မတအဖြစ် တိုင်းပြည်အတွက် ဆောင်ရွက်ပေးခဲ့မှုများကို ချီးမွမ်းဂုဏ်ပြု ပြောဆိုထားပါတယ်။

Ref,Straits Times

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.