မော်လမြိုင် – ဖေဖော်ဝါရီ(၆)
မွန်ပြည်နယ်၊ မော်လမြိုင်မြို့ ဖက်တန်းရပ်ကွက် အ.ထ.က(၈) ကျောင်းဘေးက ရဲဝန်ထမ်း လိုင်းခန်းဝင်းကို Dawna Dragon Force ၊ ဇာမဏိပြောက်ကျားအဖွဲ့နဲ့ ကမ်းရိုးတန်း ပြည်သူ့ ကာကွယ်ရေးအဖွဲ့တိုက မိုင်းဖောက်ခွဲခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ(၅) ရက်နေ့ ည(၈) နာရီကျော်က ဖောက်ခွဲခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ “ပေါက်ကွဲသံက အကျယ်ကြီးပဲ။ မြေကြီးပါတုန်သွားတယ်။ ပေါက်ကွဲမှုဖြစ်တဲ့အချိန် မီးကလည်း မလာတော့ မှောင်နေတယ်” လို့ ရဲဝန်ထမ်းလိုင်းခန်း အနီးမှာ နေထိုင်သူတစ်ဦးက သံလွင်တိုင်းမ် ကို ပြောပါတယ်။
ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရောက်ရှိလာပြီး လမ်းပိတ်ဆို့ စစ်ဆေး တာတွေလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး လူထိခိုက်သေဆုံးတာနဲ့ အဆောက်အဦး ထိခိုက်ပျက်စီးတာ မရှိဘူးလို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
မော်လမြိုင်မြို့မှာ မကြာခဏ ဗုံးပေါက်ကွဲတာနဲ့ စစ်ကောင်စီတပ်တွေကို ပစ်ခတ်တာတွေ ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က လုံခြုံရေးတိုးမြှင့်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်