မွန်ပြည်ကာကွယ်ရေးတပ် (MSDF) ဥက္ကဋ္ဌ ဒေါက်တာသီရိမွန်ချမ်းနဲ့ ဆက်သွယ်မေးမြန်းချက်။
မွန်ပြည်ကာကွယ်ရေးတပ် (MSDF)ကို စစ်တပ်အာဏာသိမ်းတဲ့ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလမှာ စတင်ဖွဲ့စည်း ခဲ့တာ ဖြစ်ပြီး အခုဆိုရင် တစ်နှစ်ကျော်ကာလထဲ ရောက်ရှိလာတာပါ။ ဒီတစ်နှစ်ကျော်ကာလအတွင်း ဖြစ်ပေါ် လာတဲ့ နိုင်ငံရေး၊ စစ်ရေးအခြေအနေအရပ်ရပ်တွေကြောင့် (MSDF) ရဲ့ နိုင်ငံရေး၊ စစ်ရေးဦးဆောင်ကော်မတီ ပြန်လည်ဖွဲ့စည်းခဲ့ပါတယ်။ ဒါကြောင့် မွန်ပြည်ကာကွယ်ရေးတပ် (MSDF) နိုင်ငံရေး၊ စစ်ရေး ဦးဆောင်ကော်မ တီ ပြန်လည်ဖွဲ့စည်းရတဲ့ အခြေအနေ၊ တော်လှန်ရေး ရည်မှန်းချက်တွေ၊ နွေဦးတော်လှန်ရေးအပေါ် သဘော ထားအမြင်၊ ဆက်လက်ဆောင်ရွက်သွားမယ့် လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး မွန်ပြည်ကာကွယ်ရေးတပ် (MSDF) ဥက္ကဋ္ဌ ဒေါက်တာသီရိမွန်ချမ်းနဲ့ ဆက်သွယ်မေးမြန်းချက်။
၁။ အရင်ဆုံး မွန်ပြည်ကာကွယ်ရေးတပ် MSDF ရဲ့နိုင်ငံရေး၊ စစ်ရေးဦးဆောင်ကော်မတီ ပြန်လည်ဖွဲ့စည်းမှုနဲ့ ပတ်သက်ပြီးပြောပြ ပေးပါဦး။ ဘာကြောင့် အခုလို ပြန်လည်ဖွဲ့စည်းဖြစ်တာလဲ။
ကျွန်တော်တို့ မွန်ပြည်ကာကွယ်ရေးတပ်ကို စတင်ထူထောင်လာတာက ၂၀၂၁ခုစက်တင်ဘာလပေါ့။ အဲဒီအချိန်မှာကျတော့ ဗဟိုဦးစီးအဖွဲ့နဲ့ မြောက်ပိုင်းဒေသဦးစီးကော်မတီရယ်၊ တောင်ပိုင်းဒေသဦးစီးကော်မတီရယ် အဲ ဒီလိုမျိုးဖွဲ့ထားတာရှိတယ်။ အရင်တုန်းက ဗဟိုဦးဆောင်ကော်မတီရယ်လို့ အခုလိုမျိုးကော်မတီစနစ်နဲ့ ဖွဲ့ထား တာ မရှိဘူးပေါ့နော်။ လွန်ခဲ့တဲ့ ဇန်နဝါရီလ (၃၁)ရက်နေ့မှာပဲ ကျွန်တော်တို့ ပြန်သုံးသပ်လိုက်တဲ့ အခါကျရင် ထိထိရောက်ရောက် နိုင်ငံရေးအရရော၊ နောက်ပြီးတော့ စစ်ရေးအရပါ ဦးဆောင်မှု ပေးနိုင်အောင်ဆိုပြီးတော့ ကျွန်တော်တို့က ကော်မတီစနစ်နဲ့နိုင်ငံရေး၊ စစ်ရေးဦးဆောင်ကော်မတီ ဆိုပြီးတော့ ဥက္ကဌ၊ အတွင်းရေးမှူး၊ အဖွဲ့ဝင်စနစ်နဲ့ ကျွန်တော်တို့ပြန်ဖွဲ့ လိုက်တယ်။ နောက်ပြီးတော့ နောက်တစ်ခုကျတော့ ဦးဆောင်ကော်မ တီမှာ လူသစ်တွေလည်း ပါလာနိုင်အောင် ကျွန်တော်အနေနဲ့ အရင်တုန်းက ကော်မတီထဲမှာ မပါခဲ့ဘူး။ ဇန်နဝါရီလ(၃၁)ရက်နေ့ပြန်ဖွဲ့တဲ့အခါမှပဲ ကျွန်တော်က မွန်ကာကွယ်ရေးတပ်ကော်မတီထဲမှာ ပါလာတယ်။ နောက်ပြီးတော့ ဥက္ကဌတာဝန်အနေနဲ့ ရွေးချယ်တာဝန်ပေးခြင်း ခံလာရတာပေါ့နော်။
၂။ MSDF ရဲ့ နိုင်ငံရေး၊ စစ်ရေးဦးဆောင်ကော်မတီအနေနဲ့ အာဏာရှင်ကျဆုံးရေးအတွက် နောက်ပိုင်းမှာ ဘယ်လို လုပ်ငန်း စဉ်တွေချမှတ်ပြီး အကောင်အထည်ဖော်သွားဖို့ ပြင်ဆင်ထားပါသလဲ။
အဲဒီမေးခွန်းဖြေတဲ့နေရာမှာ နှစ်ပိုင်းရှိတာပေါ့။ ကျွန်တော်တို့ မွန်ပြည်ကာကွယ်ရေးတပ်ရဲ့ အဓိကဦးတည်ချက်ပေါ့။ အဓိက ရည်ရွယ်ချက်ပေါ့။ ကျွန်တော်တို့ရဲ့ မွန်ပြည်ကာကွယ်ရေးတပ်ရဲ့ ရည်ရွယ်ချက်ကတော့ မွန်ပြည်နယ်ကို ကိုယ်စားပြုတဲ့ မွန် လူမျိုးကိုကိုယ်စားပြုတဲ့ အင်အားတောင့်တင်းတဲ့ တပ်တစ်တပ်ရှိအောင်ပေါ့။ ကာကွယ်ရေးတပ်တစ်တပ်ရှိအောင်ပေါ့။ ကျွန် တော်တို့မြင်ထားတာက အရင်တုန်းက ရခိုင်မှာဆိုရင် အင်အားတောင့်တင်းတဲ့ တပ်မရှိဘူး။ နောက်ပိုင်းမှာတော့ အေအေပေါ့။ ဗိုလ်ချုပ်ထွန်းမြတ်နိုင်တို့ ဦးဆောင်ပြီးတော့ ဖွဲ့ထားတဲ့ အင်အားတောင့်တင်းတဲ့ တပ်ရှိလာတဲ့ အခါကျတော့ အမျိုးသားကာကွယ် ရေးလုပ်ငန်းမှာပိုပြီး ထိရောက်လာတယ်။ နောက်တစ်ခုကျတော့ UWSA ဝပြည်လွတ်မြောက်ရေးတပ်။ အဲဒီတပ်ပုံစံကိုလည်း ကျွန်တော်တို့ သဘောကျတယ်။ ၀ ကျတော့ ကိုယ်ပိုင်ပြည်နယ်မရှိသေးဘူး။ ကိုယ်ပိုင်အုပ်ချုပ်ရေး ဒေသ လောက်ပါပဲ။
ဖက်ဒရယ်ယူနစ်တောင်မရှိဘူး။ ဒါပေမယ့် သူ့ရဲ့ပြည်သူလူထုတွေ သူ့ရဲ့နယ်မြေကိုကျတော့ အစိုးရပုံစံလိုမျိုး အုပ်ချုပ်နိုင်ခဲ့တယ်။ ဘာကြောင့်လဲဆို သူတို့မှာ တောင့်တင်းခိုင်မာတဲ့ သူတို့လူမျိုးကို ကာကွယ်နိုင်တဲ့ သူတို့ရဲ့ နယ်မြေဒေသကို ကာကွယ်နိုင်တဲ့တပ်ရှိလို့။ ဒါကြောင့်ပဲ ကျွန်တော်တို့ မွန်ပြည်ကာကွယ်ရေးတပ် ပထမဦးတည်ချက်က ကျဉ်းမြောင်းတဲ့အမျိုးသားရေးဝါဒ(Narrow Nationalism)ပဲပြောပြောပေါ့။
ဒါပေမယ့် အမျိုးသားတိုင်းမှာတော့ ကိုယ့်ရဲ့ အမျိုးသားအကျိုးစီးပွားဆိုတာ ပထမလာခဲ့တာပဲ။ ရှေ့တန်းတင် ကြတာပဲ။ ဒါကြောင့်ပဲ ကျွန်တော်တို့ရဲ့ အဓိကရည်ရွယ်ချက်က အင်အားတောင့်တင်းတဲ့ မွန်လက်နက်ကိုင် တပ်တစ်တပ် ရှိအောင်။ နောက်တစ်ခုကျတော့ ခုနက ဆရာမေးသလိုပေါ့။ စစ်အစိုးရပြုတ်ကျရေးမှာကျတော့ ဒါကျတော့ တခြားလုပ်ငန်းတာဝန်တစ်ခုပေါ့။ အခုချိန်မှာကျတော့ တစ်တိုင်းပြည်လုံး လှည်းနေလှေအောင်း မြင်းစောင်းမကျန် ပြည်မရော၊ ပြည်နယ်မှာပေါ့နော်။ နောက်ပြီး မြို့ကြီး ပြကြီးလိုမျိုး မန္တလေးတို့၊ ရန်ကုန်မှာတို့ နောက်ပြီးတော့ နေပြည်တော်မှာတို့ အားလုံးတိုက်ပွဲဝင်နေကြတယ်။ စစ်ကိုင်းတို့၊ မကွေးတို့ နောက် ပြီးတော့ ဒီအချိန်မှာကျတော့ ကျွန်တော်တို့တပ်အနေနဲ့ ကျွန်တော်တို့ပြည်နယ်ကို ကိုယ်စားပြုပြီးတော့ ကျွန်တော်တို့လူမျိုးကို ကိုယ်စားပြုပြီးတော့ လက်နက်ကိုင်တော်လှန်နေတဲ့ တခြားမဟာမိတ်အဖွဲ့အစည်းလိုပေါ့နော်။
NUG၊ တခြား PDF လိုမျိုး၊ တခြား KNPP၊ KNU စတဲ့စစ်အစိုးရကို တိုက်ခိုက်တဲ့နေရာမှာကျတော့ ကျွန်တော် တို့လည်း တစ်ဖက်တလမ်းကနေ ပါဝင်နိုင်အောင်ဆိုပြီးတော့ အဲဒါလည်း ဖွဲ့ထားတဲ့သဘောပေါ့။
၃။ မွန်ပြည်ကာကွယ်ရေးတပ် MSDF ရဲ့ တော်လှန်ရေးရည်မှန်းချက်နဲ့ နွေဦးတော်လှန်ရေးမှာ ဘာကြောင့် ပါဝင်ဖြစ်တာလဲ။
ဟုတ်ကဲ့။ အဓိကကတော့ ကျွန်တော်တို့ မွန်ပြည်သူကိုပဲ Target အနေနဲ့ပြောချင်တာပေါ့နော်။ အခု ကျွန်တော်တို့ မွန်ပြည်မှာ အာဏာသိမ်းပြီးတဲ့နောက်ပိုင်း အမြင်နှစ်မျိုးဖြစ်နေတာပေါ့။ တစ်မျိုးကျတော့ စစ်အစိုးရ ပြုတ်ကျရေးမှာ တခြားမဟာမိတ်အဖွဲ့အစည်းတွေနဲ့ လက်တွဲပြီးတော့ တိုက်ပွဲဝင်ဖို့ စိတ်အားထက်သန်နေတဲ့ လူတွေရှိတယ်။ တချို့တွေကျတော့ အာ… ဒီကိစ္စကျတော့ ဗမာအချင်းချင်းဖြစ်တဲ့ကိစ္စ၊ နောက်ပြီးတော့ NLD နဲ့ မင်းအောင်လှိုင်တို့အကြားဖြစ်တဲ့ကိစ္စ၊ မွန်တွေကျတော့ အေးအေးဆေးဆေးနဲ့ ဘေးမှာထွက်ထိုင်ပြီး နေနေတဲ့ သဘောမျိုးပေါ့နော်။ ဒါပေမယ့် ကျွန်တော်တို့ မွန်ပြည်ကာကွယ်ရေးတပ်ရဲ့ အမြင်ကျတော့ အခုဖြစ်နေတဲ့ တိုက်ပွဲပဋိပက္ခကျတော့ ပါတီတစ်ခုနဲ့တစ်ခုအကြားဖြစ်တဲ့ တိုက်ပွဲမဟုတ်ဘူး။ နောက်ပြီးတော့ ဗမာအချင်းချင်း အကြားဖြစ်တဲ့ ပြဿနာမဟုတ်ဘူး။ ဒေါ်အောင်ဆန်းစုကြည်နဲ့ မင်းအောင်လှိုင်ဖြစ်တဲ့ ပြဿနာမဟုတ်ဘူး။
NLDနဲ့စစ်အစိုးရဖြစ်တဲ့အကြား ပြဿနာမဟုတ်ဘူး။ ဒါကျတော့ တစ်တိုင်းပြည်လုံးမှာရှိတဲ့ ပြည်သူပြည်သား တွေနဲ့ စစ်အစိုးရကြားမှာဖြစ်နေတဲ့ဟာပဲ။ ဒါလူတန်းစားတိုက်ပွဲတစ်ခုပါ။ ပြင်သစ်မှာစခဲ့တဲ့ ၁၈ရာစုကစခဲ့တဲ့ ရှင်ဘုရင်တွေကို တော်လှန်ခဲ့တဲ့ တိုက်ပွဲလိုပေါ့။ အခုဟာလည်း စစ်အစိုးရပြုတ်ကျရာ ပြုတ်ကျကြောင်း တစ် တိုင်းပြည်လုံးကနေ လက်နက်ကိုင်တိုက်ပွဲနဲ့ဖြစ်စေ၊ ပြည်သူ့လှုပ်ရှားရေးတိုက်ပွဲနဲ့ ဖြစ်စေ၊ မြို့ပြ ပြောက်ကျား အတွက်နဲ့ဖြစ်စေ၊ မြေအောက်လှုပ်ရှားမှုအတွက်နဲ့ ဖြစ်စေ ဒါကြောင့်လည်း ကျွန်တော်တို့မွန်တွေလည်း အခုချိန် မှာကျတော့ အချိန်ကောင်းပဲ။ စစ်အစိုးရကို တိုက်ခိုက်တဲ့နေရာမှာပေါ့နော်။
ကျွန်တော်တို့ မွန်မှာလည်းဟိုးလွန်ခဲ့တဲ့ နှစ်(၂၀)တည်းက မွန်ပြည်သစ်ပါတီက ပြည်သူတပ်ဦးပေါ့။ နောက်ပိုင်းတော့ မွန်ပြည်သူ့တပ်ဦးက လက်နက်ချပြီးတော့ မွန်ပြည်သစ်ပါတီကလည်း တာဝန်ယူတာ နှစ်(၇၀) လောက်ရှိနေပြီ။ ဒါပေမယ့်ကျွန်တော်တို့ အပြုတ်မတိုက်နိုင်ခဲ့ဘူး ။ မြို့ပြတိုက်ပွဲတောင် မဆင်နွှဲနိုင်ဘူး။ အခုချိန်မှာတော့ အချိန်ကောင်းပဲ။ တစ်တိုင်းပြည်လုံး လှည်းနေလှေအောင်း မြင်းစောင်းမကျန် တော်လှန်နေ ကြတယ်။ နောက်တခြားဘက်မှာလည်း အခုလိုမျိုး နိုင်ငံတကာဖိအားပေးမှုတွေ အခုလိုမျိုးတစ်ခါမှ မရှိခဲ့ဘူး။ ဥပမာ အမေရိကန်ကချမှတ်လိုက်တဲ့ NDAA( NATIONAL DEFENSE AUTHORIZATION ACT)မှာ PDF တွေကို အကာအကွယ်ပေးဖို့ အကူအညီပေးဖို့၊ နောက်စစ်အစိုးရကို ဆန့်ကျင်တဲ့အဖွဲ့အစည်းတွေကို အကူအ ညီပေးဖို့၊ နောက်တစ်ခုကျတော့ UN SECURITY COUNCIL မှာနော် အရင်တုန်းက Resoiutionတခါမှ မချခဲ့ဘူး။ NCGUB လက်ထက်မှာတောင်မှ Deplomatic Campaign တော်တော်လုပ်ဖြစ်တာတောင် မလုပ်ဖြစ် ဘူး။ ဒါအ ကောင်းဆုံးအချိန်ပဲပေါ့။ နိုင်ငံတကာကလည်း ဖိအားပေးနေတယ်။ ကျွန်တော်တို့ တစ်တိုင်းပြည်လုံး မကွေးကအစ၊ စစ်ကိုင်းကအစပေါ့ အားလုံးတိုက်ပွဲဝင်နေကြတယ်။ ဒါကြောင့်လည်း ဒီအချိန်မှာကျတော့ ကျွန် တော်တို့မွန်တွေက တတ်နိုင်တဲ့ဘက်ကနေ အတတ်နိုင်ဆုံးပါဝင်ဖို့လည်း ရည်ရွယ်ထားတယ်ပေါ့။
၄။ မွန်ပြည်ကာကွယ်ရေးတပ် MSDF အနေနဲ့ ပြည်သူလူထု အကာအကွယ်ပေးနိုင်ရေးနဲ့ အားကိုးယုံကြည်မှုရဖို့ ဘာတွေ လုပ်ဆောင်နေလဲ။
ဒါကျတော့ ကျွန်တော်တို့အနေနဲ့ အပြောနဲ့မဟုတ်ဘဲနဲ့ လုပ်ငန်းအနေနဲ့ပြဖို့ လိုတာပေါ့နော်။ အရင်တုန်းက ကျွန်တော်တို့ မွန်ပြည်ကာကွယ်ရေးတပ် ဘယ်သူကဦးဆောင်လဲဆိုတာ အရင်တုန်းက နာမည်တောင် ကျွန်တော်တို့ အတိအကျဖော်ပြခဲ့တာ မရှိဘူး။ မွန်ပြည်ကာကွယ်ရေးတပ်ဖွဲ့စည်းလာခဲ့တဲ့ အကြောင်းလောက်က ကျွန်တော်တို့မွန်ပြည်သူတွေလည်း မသိသေးဘူး။ ဘယ်သူကဦးဆောင်နေလဲ။ နောက်ပြီးတော့ ဘာလုပ်ငန်းတွေ အခုချိန်မှာကျတော့ ပွင့်လင်းမြင်သာမှုရှိရှိပေါ့။ ကျွန်တော်အနေနဲ့ ဦးဆောင်ပြီးတော့ ကျွန်တော့်နာမည်ကိုတောင် အတိအလင်း ဖော်ပြရဲတယ်။ ပြည်သူတွေသိအောင် ဘယ်သူကဦးဆောင်နေတယ်။ နောက်ပြီးတော့ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်လုပ်ငန်းပေါ့။ ကျွန်တော်ပြောခဲ့သလို မွန်ပြည်မှာ တောင့်တင်းခိုင်မာတဲ့ မွန်ပြည် တပ်တစ်တပ်ဖြစ်အောင် အခုချိန်တောင်မဟုတ်ဘူး။
တကယ်လို့ နောက်နောင် ဒီဖက်ဒရယ်နဲ့ ဒီမိုကရေစီတိုက်ပွဲ အောင်မြင်လာပြီးတဲ့ နောက်ပိုင်းမှာကျတော့ မွန်ပြည်နယ်ကို ကိုယ်စားပြုတဲ့ Professional Armyတစ်ခုလိုပဲပေါ့ တပ်တစ်တပ်အနေနဲ့ အခုလက်ရှိ အခြားရှိနေတဲ့ တပ်တွေနဲ့ပေါင်းပြီး ဥပမာ မွန်ပြည်သစ်ပါတီကဖြစ်ဖြစ် အခြား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ဖြစ်ဖြစ် Professional Armyတစ်ခု၊ တိုက်ခိုက်ရေးစွမ်းရည်၊ အုပ်ချုပ်ရေးစွမ်းရည် နောက်ပြီးတော့ စည်းရုံးရေးစွမ်းရည်နဲ့ ပြည့်ဝပြီး တပ်တစ်တပ်ဖြစ်အောင် တည်ထောင်ဖို့ ကျွန်တော်တို့ လုပ်ပြမှာပါ။
ဒါကြောင့်လည်း ဒီလိုလုပ်တဲ့နေရာမှာ ကျွန်တော်တို့ သက်သက်လုပ်လို့ မရပါဘူး။ အဓိကကျတော့ ဘယ်တော်လှန်ရေးမဆို မွန်ပြည်သူလူထုရဲ့ ထောက်ခံအားပေးမှုပေါ့နော်။ စိတ်ဓာတ်အင်အားအရရော နောက်ပြီးတော့ ရိက္ခာပစ္စည်းကအစ လက်နက်ကအစလိုတဲ့အတွက် ကျွန်တော်တို့ မွန်ပြည်သူကိုလည်း တိုက်တွန်းချင်တာပေါ့ နော်။
၅။ စစ်တပ် အာဏာသိမ်းတဲ့ ၂ နှစ်အတွင်း မွန်ပြည်နယ်ရဲ့ အခြေအနေကို ဘယ်လိုရှုမြင်ပါသလဲ။ အခုဆိုရင် လည်း တိုက်ပွဲတွေဟာ မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေတွေအထိ ကူးစက်လာပြီးဆိုတော့ ဒီအပေါ်မှာ သုံးသပ်ပေးပါဦး။
ကျွန်တော်လည်း အရင်က မွန်ပြည်ကာကွယ်ရေးတပ်ရဲ့ ဥက္ကဌအနေနဲ့ သုံးသပ်တာတော့ မရှိဘူးပေါ့နော်။ အရင်တုန်းက ပညာရှင်တစ်ယောက်အနေနဲ့ ကျွန်တော်ရေးထားတဲ့ ဆောင်းပါးတွေလည်း ရှိပါတယ်။ အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ကျွန်တော်တို့မွန်ပြည်နယ်ကို ထိခိုက်နိုင်မယ့် နိုင်ငံရေး၊ စစ်ရေး ပြီးတော့ လုံခြုံရေးအခြေ အနေပေါ့။ လွန်ခဲ့တဲ့ ၂၀၂၂ခုနောက်ပိုင်းအထိပေါ့။ ကျွန်တော်တို့မွန်ပြည်နယ်မှာကျတော့ တိုက်ရိုက်စစ်ရေး လှုပ်ရှားမှုတို့ မရှိခဲ့ဘူး။ တချို့လူတွေ သုံးသပ်တာကျတော့ တချို့ပညာရှင်တွေပေါ့နော်။ မွန်ပညာရှင်တွေ သုံးသပ်တာက မွန်ပြည်နယ်မှာကျတော့ မွန်ပြည်သစ်ကလည်း စစ်အစိုးရနဲ့ ငြိမ်းချမ်းရေးလုပ်ထားတယ်။
နောက်ပြီးတော့ တခြားတဖက်မှာလည်း စစ်ခေါင်းဆောင်ကိုထောက်ခံနေတဲ့ အဖွဲ့အစည်းတွေလည်း ရှိတယ် ဆိုတော့ မွန်ပြည်နယ်ကအေးဆေးနေမှာပဲ။ တခြားကရင်ပြည်နယ်လိုမျိုး တခြားစစ်ကိုင်း၊ မကွေးတို့ နောက် ကရင်နီပြည်နယ်တို့ အဲဒီလိုမျိုး စစ်ရဲ့အရှိန်အဝါ မကျနိုင်လောက်ဘူးလို့ သူတို့ကသုံးသပ်ထားတာပေါ့နော်။ ဒါပေမယ့် ကျွန်တော်ရဲ့ သုံးသပ်ချက်ကျတော့ စစ်ပွဲဆိုတာ တောမီးလိုမျိုးပါ။ စစ်ပွဲကို မလိုသည့်တောင်မှ ကျွန်တော်တို့ရဲ့ ပြည်နယ်ကိုအေးချမ်းတဲ့ ပြည်နယ်အနေနဲ့ ထားချင်တာတောင်မှ စစ်ပွဲရဲ့အရှိန်ပေါ့။ နယ်စပ်တွေ ထိတွေ့နေတဲ့ ကရင်ပြည်နယ်က စစ်ပွဲလို နောက်တခြား တစ်နိုင်ငံလုံးမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲအရှိန်ကြောင့် ကျွန် တော်တို့ ပြည်နယ်ကိုကူးလာမှာပဲ။
၂၀၂၂နောက်ပိုင်းမော်လမြိုင်မြို့ပေါ်တိုက်ပွဲတို့ နောက်ပြီးတော့ မွန်ပြည်နယ်မှာရှိတဲ့ ချောင်းနှစ်ခွတို့၊ တောင်လေးတို့ ဒီနောက်ပိုင်းမှာကျတော့ ခုနက ဆရာတို့ပြောသလို မွန်ပြည်နယ်မဟုတ်တာတောင် မွန်ပြည်သူလူထုတွေ အနေများတဲ့ ကမ်းနီတို့၊ တခြားမှာကျတော့ စစ်ရဲ့အနိဌာရုံတွေ စစ်ပွဲရဲ့ဆိုးကျိုးတွေကို ခံခဲ့ရတယ်။ ဒါကြောင့်ပဲ အဲဒီဆိုးကျိုးတွေ ကျွန်တော်တို့ မွန်ပြည်သူတွေရဲ့ မွန်ပြည်နယ်အပါအဝင်ပေါ့။
မွန်ပြည်နယ်နဲ့ဆက်စပ်နေတဲ့ မွန်ပြည်သူပြည်သားတွေရဲ့ လုံခြုံရေးကို ကျွန်တော်တို့ တာဝန်ယူနိုင်တာ တစ်ခုပဲ။ ကျွန်တော်တို့မှာ တောင့်တင်းခိုင်မာတဲ့တပ်၊ ကျွန်တော်တို့ မွန်အမျိုးသားကို ကာကွယ်နိုင်တဲ့တပ်၊ ကျွန် တော်တို့ မွန်ပြည်နယ်ကို ကာကွယ်နိုင်တဲ့တပ်တွေရှိမှသာ အဲဒီလိုမျိုး ကျွန်တော်တို့ လိုချင်တဲ့ငြိမ်းချမ်းရေးကို ရနိုင်မှာ။ ဒီနေရာနဲ့ဆက်စပ်ပြီးတော့ အရင်တုန်းက အမေရိကန်ရဲ့ ပထမဆုံးသမ္မတဖြစ်လာခဲ့တဲ့ ဂျော့ဝါရှင်တန် ရဲ့ စကားတခွန်းနဲ့ ကျွန်တော်ပြောချင်တယ်။ ငြိမ်းချမ်းရေးကို ရချင်ရင်တော့စစ်ပွဲအတွက် အကောင်းဆုံးပြင် ဆင်ထားရမယ်။ ဘယ်သူမဆို စစ်မတိုက်ချင်ဘူး။ ကျွန်တော်တို့လည်း အေးအေးဆေးဆေးနေချင်တာပဲ။ ဒါပေမယ့် မိုးမပြို ပြိုလာသည်ရှိသော် နိုင်ငံရေးအခြေအနေအရ၊ စစ်ရေးအခြေအနေအရ၊ ခုနကကျွန်တော်ပြော သလို တောမီးလောင်လို့ ကူးလာဆိုတော့ ကျွန်တော်တို့နယ်မြေကို ထိခိုက်လာရင်တော့ ကျွန်တော်တို့ ဘယ်လို ကာကွယ်မလဲ။ ကျွန်တော်တို့ လူမျိုးကို ဘယ်လိုကာကွယ်မလဲ။ ရခိုင်ပြည်နယ်မှာကျ တခြားလှုပ်ရှားမှု ဘာမှမ ရှိဘူး။ အေအေကထိန်းချုပ်နိုင်တယ်။ UWSA မှာလည်း ဒီတိုင်းပဲ။ သူ့တပ်အင်အား ရှိတယ်။ အဓိကကတော့ ငြိမ်းချမ်းရေး၊ မွန်ပြည်သူတွေရဲ့ လုံခြုံရေး၊ ငြိမ်းချမ်းရေးကို ရချင်ရင်တော့ ကျွန်တော်တို့ မွန်ပြည်သူကို ကိုယ် စားပြုတဲ့ မွန်ပြည်နယ်ကို ကိုယ်စားပြုတဲ့ အင်အားတောင့်တင်တဲ့ တပ်တစ်တပ်ကို ရှိရမယ်ဆိုတာ ကျွန်တော်အ ခိုင်အမာ ယုံကြည်တယ်။
၆။ မွန်ပြည်ကာကွယ်ရေးတပ်အနေနဲ့ NUG နဲ့ရော ပူးပေါင်းဆောင်ရွက်သွားဖို့ ရှိမလား။ ရှိရင် ဘယ်လိုလုပ်ငန်း စဉ်တွေကို အဓိက ပူးပေါင်းဆောင်ရွက်သွားဖို့ ရှိနေလဲ။
ခုနတုန်းက ကျွန်တော်တို့ မွန်ပြည်ကာကွယ်ရေးတပ်ရဲ့ အဓိကရည်ရွယ်ချက်က နှစ်ခုလို့ ကျွန်တော်ပြောခဲ့တာ ရှိပြီးသားပဲ။ ပထမတစ်ခုက ကျွန်တော်တို့ အမျိုးသားရေးပေါ့နော်။ ဘယ်သူမဆို ကိုယ့်ရဲ့ အမျိုးသားအကျိုးစီးပွားကို ရှေ့တန်းတင်ကြတာပဲ။ ကျွန်တော်တို့ မွန်ပြည်ကာကွယ်ရေးတပ်ရဲ့ ပထမ ဦးစားပေးရည်ရွယ်ချက်ကျ တော့ မွန်ပြည်သူကိုကာကွယ်ပေးနိုင်ဖို့ မွန်ပြည်သူတွေရဲ့ လုံခြုံရေး နောက်ပြီးတော့ ကျွန်တော်တို့ လိုချင်နေတဲ့ တိုက်ပွဲဝင်နေတဲ့ ကျွန်တော်တို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပြည်နယ်ပေါ့နော်။ နောက် ဒုတိယရည်မှန်းချက်ကျတော့ NUG နဲ့ ဆက်စပ်နေတယ်ပေါ့နော်။ စစ်အစိုးရကိုပူးပေါင်းပြီးတော့ ဘယ်လိုတိုက်နိုင်မလဲဆိုတာ ကျွန်တော်တို့ မဟာမိတ်မဟာဗျူဟာပေါ့။ စစ်အစိုးရကို တော်လှန်နေတဲ့ ဘယ်အဖွဲ့အစည်းမဆို ကျွန်တော်တို့ လက်တွဲရမှာ ပဲ။ ကျွန်တော်တို့ မွန်ပြည်ကာကွယ်ရေးတပ်တစ်တပ်အနေနဲ့ ကျွန်တော်တို့ တိုက်ပွဲမဝင်နိုင်ဘူး။ စစ်အစိုးရကို လည်း အောင်ပွဲမယူနိုင်ဘူး။ ဒီစုပေါင်းအားနဲ့ NUGကအစ တခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတို့ NUG လက်အောက်မှာ မရှိသေးတဲ့ တခြားပြည်သူ့ ကာကွယ်ရေးတပ်တို့ အဲဒါတွေနဲ့ ကျွန်တော်တို့ မဟာမိတ်ဖွဲ့ ရမှာပဲ။ ဘာဖြစ်လဲဆိုတော့ စစ်ရဲ့သဘောမှာလည်း ပြောတာလည်း ရှိတယ်။
စစ်ပွဲနဲ့နိုင်ငံရေးမှာကျတော့ အမြဲတမ်းရန်သူ မရှိဘူး။ အမြဲတမ်းမိတ်ဆွေလည်း မရှိဘူး။ ကျွန်တော်တို့ မျှော်မှန်း ထားတဲ့ ဒုတိယပန်းတိုင်ဖြစ်တဲ့ စစ်အစိုးရကျဆုံးတဲ့နေရာမှာကျတော့ ဒီရန်သူကိုတိုက်နေတဲ့ အဖွဲ့အစည်း တွေ က ကျွန်တော်တို့ရဲ့ မဟာမိတ်၊ ကျွန်တော်တို့ရဲ့ ရန်သူဆိုတဲ့ မဟာမိတ်မဟာဗျူဟာအရ NUGနဲ့လည်း ကျွန် တော်တို့ လက်တွဲရမှာပဲ။ တခြားတိုင်းရင်းသားလက်နက်ကိုင်နေတဲ့ လက်နက်ကိုင်လာခဲ့တဲ့ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်း ကချင်ကအစ၊ ကရင်ကအစ၊ ရခိုင်ကအစပေါ့။ အားလုံးပူးပေါင်းပြီးတော့ ဒီဘုံရန်သူပေါ့။ စစ်အစိုးရကျဆုံးရေး ဦးတည်နေတဲ့ တိုက်ပွဲမှာကျတော့ ကျွန်တော်တို့ ကျစ်လစ်ခိုင်မာတဲ့ မဟာမိတ်တစ်ခုဖြစ်အောင် ပူးပေါင်းပြီး တိုက်ပွဲဝင်နိုင်အောင် အဲဒီလိုမျိုးမဟာမိတ်ပေါ်လစီပေါ့။ ချမှတ်ထားတာတော့ ရှိတယ်။