မော်လမြိုင်၊ ဇန်နဝါရီ(၃၁)

လက်နက်ကိုင်တပ်ဖွဲ့တွေအနေနဲ့ စစ်ဘက်ဆိုင်ရာကျင့်ဝတ်တွေကို လေးစားလိုက်နာပြီး အများပြည်သူတွေ နေထိုင်တဲ့ ကျေးရွာတွေနဲ့ လူနေရပ်ကွက်တွေကိုရှောင်ရှားကာ လှုပ်ရှားတိုက်ပွဲဖော်ကြဖို့ မွန်ပြည်သစ်ပါတီသထုံခရိုင်က ဇန်နဝါရီ ၂၉ ရက်နေ့မှာ တိုက်တွန်းလိုက်တာပါ။

မွန်လူမျိုးတွေအများစုနေထိုင်တဲ့ ကရင်ပြည်နယ်၊ ကျုံဒိုးမြို့၊ ကမ်းနီနဲ့အနီးတဝိုက်ရှိ ကျေးရွာတွေမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေနဲ့ပတ်သက်ပြီး မွန်ပြည်သစ်ပါတီက အခုလိုထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

ကမ်းနီနဲ့အနီးတဝိုက်ရှိ ကျေးရွာတွေမှာ ပြီးခဲ့တဲ့ ဇန်နဝါရီ (၂၂) ရက်နေ့ကနေ (၂၆) ရက်နေ့အထိ ဗိုလ်စောအယ် စေးဝါး ဦးစီးတဲ့ Lion Battalion Commando ပူးပေါင်းစစ်ကြောင်းနဲ့ စစ်ကောင်စီ လက် အောက်ခံ (၅၄၅) တို့အကြား နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။

အဲဒီတိုက်ပွဲဖြစ်စဉ်မှာ ဗိုလ်စောအယ်စေးဝါး ဦးဆောင်တဲ့ Lion Battalion Commando ပူးပေါင်းစစ်ကြောင်းက ကမ်းနီကျေးရွာ အုပ်ချုပ်ရေးမှူးရုံးနဲ့ ပြည်သူ့စစ်အဖွဲ့ဝင် နေအိမ်တွေကို မီးရှို့ရာမှတဆင့် ကမ်းနီကျေးရွာအတွင်းရှိ နေအိမ် ၂၁ လုံး နဲ့ နှစ်ဖက်တိုက်ပွဲကြောင့် ညောင်ရိပ်ကျေးရွာ နေအိမ် ၁၈ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ မွန်ပြည်သစ်ပါတီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ပေါက်ကွဲမှုကြောင့် ကမ်းနီကျေးရွာက နေအိမ် (၃) လုံး၊ ညောင်ရိပ်ကျေးရွာက နေအိမ် (၁) လုံး၊ သရက်တောကျေး ရွာမှာ နေအိမ် (၇) လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ ဆိုထားပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်းမှာတော့ ရွာသား ၂ ဦး ဒဏ်ရာရရှိခဲ့သလို ဒေသခံ ထောင်နဲ့ချီ စစ်ဘေးလွတ်ရာဒေသတွေကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါကြောင့် အခုလို အခြေအနေတွေ ထပ်မံပေါ်ပေါက်လာပါက ဒေသတွင်းရှိ မွန်ပြည်သူလူထုတွေအနေနဲ့ မိမိတို့ဒေသအတွင်း လုံခြုံရေးအစီအမံတွေကို ကြိုတင်ပြင်ဆင်ထားနိုင်ဖို့အတွက် မွန်ပြည်သစ်ပါတီနဲ့ ပူးပေါင်းအကောင်အထည်ဖေါ်နိုင်ဖို့ သက်ဆိုင်ရာ မြို့နယ်ရုံးတွေနဲ့ သထုံခရိုင်ရုံးတွေထံ ချိတ်ဆက်ဆောင်ရွက်ကြဖို့ တောင်းဆိုတယ်လို့ မွန်ပြည်သစ်ပါတီက ထုတ်ပြန်ထားပါတယ်။

မွန်ပြည်သစ်ပါတီဟာ NLD အစိုးရလက်ထက်တုန်းက တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် NCA မှာ လက်မှတ်ရေးထိုးထားသလို စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင်ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ၃ ကြိမ်တိုင် တက်ရောက်ဆွေးနွေးထားတဲ့ တိုင်း ရင်းသားလက်နက်ကိုင်တပ်ဖွဲ့ တစ်ခုဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.