ဘီးလင်း၊ ဇန်နဝါရီ(၂၉)

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဇီးဝန်းကျေးရွာရှိ စစ်ကောင်စီ အမှတ်(၃၁၄)အမြောက်တပ်ဟာ ဇန်နဝါရီ ၂၇ ရက်နေ့ ညနေပိုင်းနဲ့ ညပိုင်းတွေမှာ ဒရုန်းနဲ့ တိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေထံကနေ သိရပါတယ်။

စစ်ကောင်စီအမြောက်တပ်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့က လက်နက်ကြီး ၆၀ မမတွေ အသုံးပြုပြီး ၂ ကြိမ်တိုင် သွားရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ဒရုန်းနဲ့တိုက်ခိုက်မှုမှာ လက်နက်ကြီး ၆၀ မမတွေဟာ စစ်ကောင်စီတပ်ဝင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ပေမယ့် ထိခိုက်သေဆုံးမှု အခြေအနေအသေးစိတ်ကို ဆက်လက်စုံစမ်းနေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီအမြောက်တပ် တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ကျေးရွာထဲ အဆက်မပြတ်ပစ်ခတ်ခဲ့တာကြောင့် ဒေါင်းရွာကျေးရွာက ကျွဲ နှစ်ကောင် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

KNLA ပူးပေါင်းတပ်ဖွဲ့ဟာ အဲဒီနေ့မနက်ပိုင်းမှာလည်း ဘီးလင်းမြို့နယ်၊ ဒေါက်ရပ်ကျေးရွာ ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်မှာ ကား ၁၀ စီးပါ စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့သလို စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးပြီး ၁ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့တာပါ။

ပစ်ခတ်မှုပြီးနောက် စစ်ကောင်စီတပ်ဟာ ဒေါက်ရပ်ကျေးရွာအတွင်း ဝင်ရောက်လာပြီး ဒေသခံ နေအိမ် ၃ လုံးကို မီးရှို့ဖျက်ဆီးခဲ့သလို နေအိမ် ၁ လုံးကိုလည်း လက်နက်ကြီးနဲ့ ပစ်ခတ်ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

သတင်း- သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.