လောင်းလုံး၊ ဇန်နဝါရီ(၂၉)

တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်ထဲက စစ်ကောင်စီလက်အောက်ခံ Non CDM ဝန်ထမ်းတွေအနေနဲ့ တစ်ပတ်အတွင်း အမြန်ဆုံးနုတ်ထွက်ကြဖို့ လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(LLPDF) က ဇန်နဝါရီ ၂၇ ရက်နေ့မှာ နောက်ဆုံးအကြိမ် သတိပေးစာ ထုတ်ပြန်လိုက်ပါတယ်။

လောင်းလုံး PDF က Non CDM ဝန်ထမ်းတွေဟာ စစ်ကောင်စီ သက်ဆိုးရှည်ဖို့အတွက် အဓိထောက်တိုင်အဖြစ် ကူညီနေသူတွေဖြစ်ကြောင်းနဲ့ အများပြည်သူတွေလည်း ဒုက္ခမျိုးစုံရင်ဆိုင်နေရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါကြောင့် Non CDM ဝန်ထမ်းတွေအနေနဲ့ လာမယ့် ဖေဖော်ဝါရီ ၃ ရက်နေ့ နောက်ဆုံးထားပြီး စစ်ကောင်စီနဲ့ လမ်းခွဲဖို့၊ အမြန်ဆုံးစွန့်ခွာကြဖို့ သတိပေးထားသလို နောက်ဆုံးသတိပေးချက်ကို မလိုက်နာဘဲ ဆက်လက်လုပ် ကိုင်နေမယ်ဆိုပါက နောက်ဆက်တွဲ ဆိုးကျိုးတွေကို ခံစားရမှာဖြစ်တယ်လို့ ဆိုထားပါတယ်။

လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံကတော့ Non CDM ဝန်ထမ်းတွေကို သတိပေးတာဟာ နောက်ဆုံးအကြိမ်ဖြစ်ကြောင်းနဲ့ နောက်ပိုင်းအရေးယူမှုတွေ ပြင်းထန်လာနိုင်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

လောင်းလုံးမြို့နယ်ထဲမှာ အကြမ်းမဖက်အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ ပါဝင်ထားတဲ့ ဌာနဆိုင်ရာတွေထဲမှာ ပညာရေးဌာနအများဆုံးဖြစ်ပြီး မြို့နယ်တစ်ခုလုံးမှာ CDM ပြုလုပ်ထားတဲ့ နိုင်ငံ့ဝန်ထမ်း ၁၀၀၀ ကျော် ရှိတယ်လို့ သိရပါတယ်။

နိုင်ငံတဝန်းမှာတော့ စစ်တပ်အာဏာသိမ်းမှုကို လက်မခံတာကြောင့် CDM ပြုလုပ်ထားတဲ့ ဝန်ထမ်း သိန်းနဲ့ချီ ရှိနေတာဖြစ်ပြီး သူတို့ကိုတော့ စစ်ကောင်စီက နည်းမျိုးစုံသုံပြီးဖိနှိပ်နေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.