ကျုံဒိုး၊ ဇန်နဝါရီ(၂၉)

စစ်ရေးပဋိပက္ခတွေ ပြင်းထန်စွာဖြစ်ပွားခဲ့တဲ့ ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ်အတွင်းမှာ လတ်တလော စစ်ရေးအခြေအနေတွေ ငြိမ်သက်နေပေမယ့် စစ်ကောင်စီတပ်က ကျေးရွာတွေထဲကို လက်နက်ကြီးပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့တာကြောင့် စစ်ရှောင်ပြည်သူအများစု နေရပ်မပြန်ရဲကြသေးဘူးလို့ စစ်ရှောင်ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ကျုံဒိုးမြို့နယ် ကမ်းနီ၊ သရက်တော၊ ညောင်ရိပ်သာ၊ မိဂလုံ၊ ကော့ကျိုက်စတဲ့ ကျေးရွာတွေဘက်မှာ စစ်ကြောင်းထိုးစစ်ရေးလှုပ်ရှားလာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးမဟာမိတ်တပ်ပေါင်းစုတို့အကြား ဇန်နဝါရီ(၂၀)ရက်နေ့ကနေ (၂၆)ရက်နေ့အထိ တိုက်ပွဲပြင်းထန်ခဲ့ကာ တိုက်ပွဲကြောင့် ကျုံဒိုးမြို့နယ်အတွင်းက ဒေသခံပြည်သူလူထု(၁၀၀၀၀)ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရတာပါ။

ကျုံဒိုးမြို့နယ်အတွင်း ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဘက်က ထိခိုက်မှုများပြားခဲ့လို့ စစ်ကြောင်းထိုးနေတဲ့ ကျေးရွာတွေအတွင်းကနေ ကျုံဒိုးမြို့ထဲကို ပြန်လည်ဆုတ်ခွာခဲ့ပြီး ကျုံဒိုးမြို့အရှေ့ဘက်ခြမ်းရှိ ကော့ဝါးလဲ နောင်တမံကျေးရွာတွေဘက်ကို စစ်ကြောင်းထိုးဖို့ ဝင်ရောက်လာနေတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

လက်ရှိမှာ ကျုံဒိုးဒေသအတွင်း ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားတာမရှိပေမယ့် စစ်ကောင်စီတပ်ဘက်က ကျေးရွာတွေထဲကို လက်နက်ကြီးပစ်ခတ်တာတွေ ရှိနေခဲ့တဲ့အတွက် လက်ရှိအခြေအနေမှာ နေရပ်ကိုမပြန်ရဲသေးဘူးလို့ စစ်ရှောင်ဒေသခံတစ်ဦးက ပြောပါတယ်။

ကျုံဒိုးဒေသအတွင်းရှိ စစ်ဘေးရှောင်တွေဟာ နီးစပ်ကျေးရွာက ဘုန်းကြီးကျောင်းတွေ၊ အသိမိတ်ဆွေအိမ်တွေနဲ့ တချို့ကျတော့ တောတောင်တွေထဲ ယာယီတိမ်းရှောင်နေခဲ့ရပြီး နေထိုင်ရေးအတွက် ထောက်ပံ့ကူညီပေးနေတဲ့အဖွဲ့တွေက လာရောက်ကူညီပေးနေတယ်လို့ ဆိုပါတယ်။

လတ်တလောမှာ ကရင်အမျိုးသားအစည်းအရုံး KNU ဒူးပလာယာခရိုင် တပ်မဟာ(၆)နယ်မြေ ကြာအင်းဆိပ်ကြီး၊ ကော့ကရိတ်နဲ့ ကျုံဒိုးမြို့နယ်အတွင်း စစ်ဘေးရှောင်ဦးရေတွေ ပိုမိုများပြားလာခဲ့ပြီး လူသားချင်းစာနာမှု အကူအညီတွေ လိုအပ်လျက်ရှိနေတယ်လို့ စစ်ရှောင်အရေး ကူညီဆောင်ရွက်နေသူတွေထံကနေ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ် 

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.