ဝါရှင်တန်၊ ဇန်နဝါရီ(၂၂)
အမေရိကန်ဘဏ္ဍာရေးဌာနဟာ ရုရှားကြေးစားအဖွဲ့ဝဂ်နာကို နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုဆိုင်ရာ အဖွဲ့အစည်းအဖြစ်သတ်မှတ်သွားမှာဖြစ်ကာ အဲဒီအဖွဲ့ကို ပံ့ပိုးကူညီနေသူတွေကိုလည်း လာမယ့်အပတ်မှာ ပိတ်ဆို့အရေးယူမှုတွေ ထပ်မံချမှတ်သွားမယ်လို့ အိမ်ဖြူတော်က ပြောကြားခဲ့ပါတယ်။
ဒဏ်ခတ်ပိတ်ဆို့မှုအသစ်တွေနဲ့အတူ အမေရိကန်ဟာ ရုရှားကနေမြောက်ကိုရီးယားကို သွားလာနေတဲ့ ရုရှားရထားတွဲတွေရဲ့ အမျိုးအစားခွဲခြားထားတဲ့ဓာတ်ပုံတွေကို နိုဝင်ဘာလမှာ ထုတ်ပြန်ခဲ့ပြီး ဒီရထားတွဲတွေဟာ ရုရှားကြေးစားတပ်ဖွဲ့တွေ အသုံးပြုဖို့အတွက် ဒုံးကျည်တွေနဲ့ အမြှောက်တွေကို ပေးပို့နေတာဖြစ်တယ်လို့ အမေရိကန်ဘက်က ပြောပါတယ်။
“ဒီလုပ်ရပ်တွေက ဝဂ်နာရဲ့ ပြင်းထန်တဲ့ ရာဇဝတ်မှုပုံစံတွေကနေတဆင့် ဖြစ်ပေါ်လာတဲ့ ကမ္ဘာလုံးဆိုင်ရာ ခြိမ်းခြောက်မှုဖြစ်တယ်” လို့ အမျိုးသားလုံခြုံရေးကောင်စီ မဟာဗျူဟာဆက်သွယ်ရေးဆိုင်ရာ ညှိနှိုင်းရေးမှူး ဂျွန်ခါဘီက ဘဏ္ဍာရေးဌာနရဲ့ ကြေညာချက်မထုတ်မီမှာ သတင်းထောက်တွေကို ပြောကြားခဲ့တာပါ။
အဲဒီလက်နက်တွေဟာ ယူကရိန်းစစ်မြေပြင်အခြေအနေကို အပြောင်းအလဲဖြစ်စေမှာ မဟုတ်ပေမယ့်လည်း မြောက်ကိုရီးယားကနေရုရှားကို အဲဒီလက်နက်တွေ ဆက်လက်ပို့ဆောင်နေဖွယ်ရှိနေကြောင်း ခါဘီက ပြော ပါတယ်။
ရုရှားဟာစစ်ပွဲအတွင်း သူ့ရဲ့စစ်ဘက်ဆိုင်ရာ အထောက်အပံ့တွေလျော့ကျသွားတာကြောင့် အီရန်ထံမှ ဒရုန်းတွေအပါအဝင် စစ်ဘက်ဆိုင်ရာစက် ပစ္စည်းကိရိယာတွေကို လက်ခံနေရတာပါ။
မြောက်ကိုရီးယားလက်နက်လွှဲပြောင်းမှုဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို တိုက်ရိုက်ချိုး ဖောက်တာဖြစ်ပြီး အမေရိကန်ဟာ သူ့ရဲ့ထောက်လှမ်းတွေ့ရှိချက်တွေကို လုံခြုံရေးကောင်စီရဲ့ မြောက်ကိုရီးယား ဒဏ်ခတ်ပိတ်ဆို့မှုကော်မတီ ကျွမ်းကျင်သူတွေနဲ့ မျှဝေထားတယ်လို့ သူကဆက်လက် ပြောပါတယ်။
ထောက်လှမ်းရေးအကြီးတန်းအရာရှိတစ်ဦးကတော့ ဒီလိုအကဲဖြတ်ချက်ကိုကြည့်ပြီး မြောက်ကိုရီးယားဟာ စစ်လက်နက်ပစ္စည်းတွေ တိုးချဲ့ဖြန့်ကျက်ပေးဖို့ ဒါမှမဟုတ် ပေးပို့မှုတွေကို ဆက်လက်လုပ်ဆောင်မယ့် အစီအစဉ်ရှိမှာကို သေချာပေါက်စိုးရိမ်မိတယ်လို့ သတင်းထောက်တွေကို ပြောခဲ့တာပါ။
ရုရှားသမ္မတဗလာဒီမာပူတင်ဟာ ယူကရိန်းမှာစစ်ဆင်ရေးဆောင်ရွက်ဖို့ ဝဂ်နာကြေးစားအဖွဲ့ကို ပိုမိုအားကိုးလာတာကြောင့် ရုရှားကာကွယ်ရေးဝန်ကြီးဌာနနဲ့ ဝဂ်နာတို့အကြားမှာလည်း တင်းမာမှုတွေ တိုးလာနေတယ်လို့ အမေရိကန်က ပြောပါသေးတယ်။
ဂျွန်ခါဘီရဲ့ပြောကြားချက်အရ ရုရှားရဲ့ကြေးစားဝဂ်နာအဖွဲ့က တိုက်ခိုက်ရေးသမား ၅ သောင်းဝန်းကျင်ဟာ ယူကရိန်းမှာ လက်ရှိဖြန့်ကျက်ထားတယ်လို့ ဆိုပါတယ်။
Ref: CNN