မင်္ဂလာပါရှင်။ သံလွင်တိုင်းမ်ရဲ့ အမှန်/အမှား အစီအစဉ်ကနေ ကြိုဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီး လူထုတော် လှန်ရေးလှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု သတင်းမှားတွေကို အမှန်အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေတဲ့ ” ဒီပဲယင်းကွဲကျေးရွာကို PDF အကြမ်းဖက် သမားများမှ ဝင်ရောက် ပစ်ခတ်”ဆိုတဲ့ ရုပ်သံဖိုင်ပါ အကြောင်းအရာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီအကြောင်းအရာကို စစ်တပ်ကို ထောက်ခံတဲ့အကြောင်း အများအားဖြင့် ဝါဒဖြန့်ဝေလေ့ရှိတဲ့ တယ်လီဂရမ်အကောင့်ကနေ ဇန်နဝါရီလ( ၇) ရက်နေ့မှာ ဖြန့်ဝေတာတွေ့ရပါတယ်။

စစ်တပ်လော်ဘီတွေဖြန့်ဝေနေတဲ့ ပိုစ့်ပါ အကြောင်းအရာ အပြည့်အစုံမှာတော့”စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ဒီပဲယင်းကွဲကျေးရွာကို PDF အကြမ်းဖက် သမားများမှ ဝင်ရောက် ပစ်ခတ်ပြီး သီတဂူဗုဒ္ဓတက္ကသိုလ်မှ မဟာဘွဲ့ရ သံဃာတော်တစ်ပါး အပါအဝင် ပြည်သူ ၄ ဦးကို ဒလန်ဟုစွပ်စွဲကာ ရက်ရက် စက်စက် ပစ်သတ်ပြီး ရွာကိုပါ မီးတင်ရှို့သွားကြောင်းသိရပါတယ်”ဆိုပြီး ဝါဒဖြန့် သတင်းအမှားကို ဓာတ်ပုံတွေနဲ့တကွ ရေးသားဖြန့်ဝေနေတာပါ။

တပ်ထောက်ခံသူအကောင့်တုတွေ ဖြန့်ဝေနေတဲ့ ဓာတ်ပုံနဲ့ပိုစ့်ပါအကြောင်းအရာနဲ့ ပတ်သက်ပြီး သံလွင်တိုင်းမ်က စစ်ဆေးကြည့်ရာမှာတော့ ဝါဒဖြန့်သတင်းအမှားတစ်ခုသာ ဖြစ်နေတာကို စိစစ်တွေ့ရှိရပါတယ်။

ဖြစ်စဉ်အမှန်ကတော့ စစ်ကိုင်းမြို့ ဒီပဲယင်းကွဲရွာကို ဇန်နဝါရီလ ၆ ရက်နေ့ မနက်အစောပိုင်းက စစ်ကောင်စီနဲ့ ပျူစောထီးတပ်ဖွဲ့တွေဝင်လာပြီး သံဃာတစ်ပါးအပါအဝင် လေးဦးကို ပစ်ခတ်သတ်ဖြတ်သွားတာ ဖြစ်တယ်လို့ ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ စိစစ်သိရှိရပါတယ်။

စစ်ကောင်စီနဲ့ ပျူစောထီးတပ်ဖွဲ့တွေဟာ စစ်ကိုင်းမြို့ ဒီပဲယင်းကွဲရွာကို ဝင်ရောက်စီးနင်း မီးရှို့သွားတာကြောင့် နေအိမ်အလုံးပေါင်း ၉ဝ ကျော်ပျက်စီးခဲ့ရတယ်လို့လည်း PDF ဘက်ကပြောတယ်လို့ RFA သတင်းဌာနက ရေးသားဖော်ပြထားပါတယ်။

ကြွယ်ပုံရွာ ပျူစခန်းကစစ်အုပ်စုနဲ့ ပျူတွေဟာ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ တရစပ် ပစ်ခတ်ကာ ဒီပဲယင်းကွဲရွာကို စီးနင်း ဝင်ရောက်လာတာ ဖြစ်ပြီး စစ်ကိုင်းခရိုင် တပ်ရင်း(၁)၊ တပ်ရင်း(၈)နှင့် ဒီပဲယင်းကွဲရွာ ပကဖ တို့ ပူးပေါင်းကာ ခုခံခဲ့ပေမယ့် လက်နက်အင်အား မမျှတဲ့အတွက် ဆုတ်ခွာခဲ့ရကြောင်းနှင့် စစ်အုပ်စုက ရွာကို စီးနင်းပြီး တွေ့သမျှလူကို သတ်ဖြတ်ကာ ရွာကို မီးရှို့သွားတာလို့ စစ်ကိုင်းခရိုင် တပ်ရင်း(၁)က ထုတ်ပြန်ထားတယ်လို့ Mandalay Free Pressသတင်းဌာနက ဒေသခံတွေကို မေးမြန်းကာရေးသားဖော်ပြထားတာကို တွေ့ရပါတယ်။

ဒီဖြစ်စဉ်နဲ့ပက်သက်ပြီး သတင်းဌာနတွေမှာ ဖော်ပြထားတဲ့ သတင်းလင့်RFAသတင်းဌာနက ဖော်ပြထားတဲ့ လင့်

https://bit.ly/3VWVYsn

Mandalay Free Pressသတင်းဌာနက ဖော်ပြထားတဲ့ လင့်

https://bit.ly/3vQzFtM

ဒီအချက်တွေကြောင့် လူမှုကွန်ယက်ပေါ်မှာ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေကြတဲ့ “ပဲယင်းကွဲကျေးရွာကို PDFအကြမ်းဖက်သမားများမှ ဝင်ရောက် ပစ်ခတ်” ဆိုတဲ့ ဓာတ်ပုံတွေနဲ့ဖော်ပြနေတဲ့ သတင်းဟာ စစ်တပ်ထောက်ခံသူတွေဘက်က ဖြန့်ဝေနေတဲ့ သတင်းအမှားတစ်ခုသာဖြစ်ကြောင်း သံလွင်တိုင်းမ် ပရိသတ်တွေအတွက် စိစစ်ပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.