ရန်ကုန်၊ ဒီဇင်ဘာ(၃၁)

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီကစွဲဆိုထားတဲ့ အဂတိအမှု ၅ မှုအတွက် ဒီဇင်ဘာ ၃၀ ရက်နေ့မှာ ထောင်ဒဏ် ၇ နှစ် ထပ်မံချမှတ်လိုက်တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေထံကနေ သိရပါတယ်။

ကောင်စီက ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်ဟာ သဘာဝဘေးတုံ့ပြန်ဖို့ ရဟတ်ယာဉ် တစ်စီးဝယ်ယူမှုမှာ လုပ်ထုံးလုပ်နည်းနဲ့အညီမဆောင်ရွက်လို့ နိုင်ငံတော်ကငွေကြေးနစ်နာဆုံးရှုံးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အဂတိမှု ၅ မှုနဲ့ တရားစွဲဆိုထားတဲ့အမှုတွေလည်း ဖြစ်ပါတယ်။

အဲဒီအမှုတွေအတွက် နေပြည်တော်အချုပ်ထောင်တွင်း အထူးတရားရုံးကနေ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်ကို စစ်ကောင်စီက ထောင်ဒဏ် ၇ နှစ်စီ ထပ်မံချမှတ်လိုက်တာပါ။

စစ်ကောင်စီက ချမှတ်လိုက်တဲ့ ထောင်ဒဏ်ပြစ်ဒဏ်အတွက် ဒေါ်အောင်ဆန်းစုကြည်ကနဲ့ သမ္မတ ဦးဝင်းမြင့်တို့ နှစ်ဦးစလုံးကအယူခံတက်ဖို့ ညွှန်ကြားထားတယ်လို့ တရားရုံးနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။

အသက် ၇၇ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ဟာ လက်ရှိမှာ စစ်ကောင်စီကစွဲဆိုထားတဲ့ အမှုပေါင်း ၁၉ မှုအတွက် ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခံထားရသလို သမ္မတ ဦးဝင်းမြင့်ကတော့ အမှု ၈ မှုနဲ့ စုစုပေါင်း ထောင် ၁၂ နှစ်အထိ ချမှတ်ခံထားရတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.