နေပြည်တော်၊ ဒီဇင်ဘာ(၃၁)
စစ်ကောင်စီက ထပ်မံအတည်ပြုပြဌာန်းလိုက်တဲ့ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးဥပဒေကြောင့် ၂၀၂၂ – ၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း စစ်ကောင်စီရဲ့ ကာကွယ်ရေးအသုံးစရိတ်ဟာ ကျပ် ဘီလီယံ ၄၀၀၀ ကျော်အထိ ရှိလာခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၈ ရက်နေ့မှာ စစ်ကောင်စီက ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ ၂၀၂၂ – ၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရဲ့ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးဥပဒေကို ပြဌာန်းခဲ့ပြီး ၂၀၂၂ – ၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် အကျိုးသက်ရောက်စေတယ်လို့ ဆိုထားပါတယ်။
အခုပြဌာန်းလိုက်တဲ့ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးဥပဒေမှာ စစ်ကောင်စီရုံးအပါအဝင် ပြည် ထောင်စုဝန်ကြီးဌာနတွေနဲ့ ဦးစီးဌာနတွေ၊ နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းတွေ၊ တပ်မြို့ စည်ပင်သာ ယာရေးအဖွဲ့တွေ၊ နေပြည်တော်ကောင်စီနဲ့ မြန်မာနိုင်ငံတော် ဗဟိုဘဏ် စတဲ့အဖွဲ့အစည်းတွေ၊ ရုံးတွေကို အသုံးစရိတ် ကျပ်ဘီလီယံ ၂၆၀၀ ကျော် ခွင့်ပြုခဲ့တာပါ။
ပြည်ထောင်စုဝန်ကြီးဌာနတွေနဲ့ ဦးစီးဌာနတွေအတွက် ခွင့်ပြုအသုံးစရိတ် ကျပ်ဘီလီယံ ၁၁၀၀ ကျော်မှာ စစ်ကောင်စီရဲ့ ကာကွယ်ရေးဝန်ကြီးဌာနကတော့ ကျပ်ဘီလီယံ ၄၄၀ ကျော်အထိ အများဆုံးခွင့်ပြုပေး လိုက်တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဧပြီလမှာ ခွင့်ပြုပေးခဲ့တဲ့ ကာကွယ်ရေးအသုံးစရိတ် ကျပ်ဘီလီယံ ၃၇၀၀ ကျော်နဲ့ ထည့်ပေါင်းရင် ၂၀၂၂ – ၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း စစ်ကောင်စီရဲ့ကာကွယ်ရေးအသုံးစရိတ်ဟာ ကျပ်ဘီဘီယံ ၄၀၀၀ ကျော်အထိ ရှိနေတာပါ။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ စစ်ကောင်စီအနေနဲ့ မြေပြင်စစ်ဆင်ရေးတွေမှာ အသာစီးရမှု အားနည်းနေတဲ့အတွက် လေကြောင်းထိုးစစ်တွေကို ပိုမိုအားထားနေရတာကြောင့် စစ်ရေးအသုံးစရိတ်ကို မြှင့်တင်နေရတာလို့ သုံးသပ်ပါတယ်။
“စစ်ရေးလှုပ်ရှားမှုမှာ မြေပြင်လှုပ်ရှားမှုတွေ သိပ်မလုပ်နိုင်တဲ့အခြေအနေ PDF တွေရဲ့ မိုင်းစစ်ပွဲတွေ၊ EAO တွေရဲ့ စခန်းသိမ်းတိုက်ပွဲတွေ ဖြစ်ပွားလာတဲ့အပေါ်မှာ မြေပြင်အသာစီးရမှု အားနည်းသွားတဲ့အချိန်မှာ လေကြောင်းထိုးစစ်တွေကို ပိုပြီးအဆမတန်လုပ်လာတယ်။ လေယာဉ်သစ်တွေ ဝယ်ရမယ်။ အဲဒီတော့ လေကြောင်းထိုးစစ်ဆိုတာ မြေပြင်ထိုးစစ်တွေထက် အသုံးစရိတ်က သုံးဆလောက်ပိုပြီး သုံးစွဲရမယ့် အနေအထားဖြစ်တာကိုး။ အဲဒီတော့ ရှေ့နှစ်ဟာ သူတို့ (စကစ) ရွေးကောက်ပွဲလှုပ်ရှားမှုအတွက် နယ်မြေစိုးမိုးမှုကို ပိုပြီးတော့ကျယ်ပြန့်လုပ်လာစရာရှိတယ်။ တစ်ဖက်က NUG ရဲ့ စစ်ရေးအစီအစဉ်တွေကို တုံ့ပြန်တိုက်ခိုက်ဖို့အတွက် စစ်ရေးအသုံးစရိတ်ကို မြှင့်တင်ရမယ့် အခြေအနေရှိပါတယ်”လို့ သူက ဆိုပါတယ်။
ဒါ့အပြင် အမေရိကန်အစိုးရရဲ့ အမျိုးသားကာကွယ်ရေးအက်ဥပဒေNDAA ကလည်း မြန်မာ့အရေးနဲ့ပတ်သက်ပြီး အတိုက်အခံအဖွဲ့အစည်းတွေကို ဘတ်ဂျက်အကူအညီပေးဖို့ ရှိနေတာကြောင့် စစ်ကောင်စီအနေနဲ့ အရင်ကထက် စစ်ရေးလှုပ်ရှားမှုတွေ ပိုမိုလုပ်ဆောင်နိုင်ဖို့ စစ်ရေးအသုံးစရိတ်ကို တိုးမြှင့်လိုက်တာလို့ ဦးသန်းစိုးနိုင်က ထောက်ပြပါတယ်။
စစ်ကောင်စီအနေနဲ့ အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံအနှံနီးပါး စစ်မျက်နှာဖွင့်ထားရပြီး စစ်ရေးလှုပ် ရှားမှုတွေကို ပိုတိုးချဲ့လာနေပြီး မြေပြင်စစ်ဆင်ရေးတွေမှာ အရေးနိမ့်လာနေတဲ့အတွက် လေကြောင်းပစ်ကူတိုက်ခိုက်မှုတွေကို ပိုမိုအားထား အသုံးပြုနေရတာပါ။
CDM လေတပ် တပ်ကြပ်ကြီးဇေယျကတော့ လေကြောင်းစစ်ဆင်ရေးတွေ တောက်လျှောက်လုပ်နေတဲ့အတွက် လေယာဉ်ဆီသုံးစရိတ်တွေ ပိုကုန်ကျလာနေသလို စစ်ပွဲတွေနေရာအနှံဖြစ်ပေါ်နေတာကြောင့် ရှေ့တန်းထွက် စရိတ်တွေလည်း တိုးလာနေပြီး ရှေ့ဆက်ကာကွယ်ရေးအသုံးစရိတ်တွေ ပိုများလာမယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ဘယ်လိုပဲနေနေ ကာကွယ်ရေးအသုံးစရိတ်က စစ်ပွဲတွေနေရာတိုင်းဖြစ်တော့ ရှေ့တန်းထွက်စရိတ် ၁၂၀၀ ကအစ လူတိုင်းကလုံခြုံရေးထွက်၊ ရှေ့တန်းတွေ ထွက်နေရတာဖြစ်တဲ့အတွက် တစ်ချို့လုံခြုံ ရေးထွက်တဲ့ စစ်သည်တွေအတွက် သူတို့ရပိုင်ခွင့်ကို သိချင်မှသိမယ်။ ဒါပေမယ့် ကျိန်းသေတယ်။ စစ်သည်တွေလက်ထဲ မရောက်ရင်တောင် ဒီအသုံးစရိတ်တွေက အကုန်လုံးဖြတ်တောက်ပြီး ယူသွားတာပဲ။ အဲဒီတော့ ကာကွယ်ရေးအသုံးစရိတ်က ရှေ့ဆက်လဲ ပိုပြီးတော့လိုအပ်လာမယ်၊ ပိုပြီးတော့ များလာဖို့ပဲရှိပါတယ်”လို့ သူက ဆိုပါတယ်။
အရပ်သားအစိုးရလက်ထက်မှာတော့ တင်ပြလာတဲ့ ကာကွယ်ရေးအသုံးစရိတ်ကို ပြည်ထောင်စုလွှတ်တော်ကနေ ခွင့်ပြုပေးတဲ့ ပမာဏကိုသာ ရယူသုံးစွဲခွင့်ရှိခဲ့ပေမယ့် လက်ရှိမှာတော့ စစ်ကောင်စီအနေနဲ့ လိုသလောက် ပမာဏကို ထုတ်ယူသုံးစွဲနေတာလို့ CDM လေတပ် တပ်ကြပ်ကြီး ဇေယျက ထောက်ပြပါတယ်။
စစ်လက်နက်၊စစ်လေယာဉ်၊စစ်သင်္ဘောစတဲ့ စစ်ပစ္စည်းတွေကို ဝယ်ယူစုဆောင်းနေတဲ့ စစ်ကောင်စီအနေနဲ့ ပြည်ပရန်ကို ကာကွယ်ဖို့ထက် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုအလွန် လက်ရှိဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ရေး ပဋိပက္ခတွေမှာ ပူးပေါင်းစစ်ဆင်မှုတွေ တိုးမြှင့်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
NLD အစိုးရ လက်ထက်တုန်းက ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အသုံးစရိတ်ကို အများဆုံး ပမာဏာအဖြစ် ကျပ်ဘီလီယံ ၃,၄၀၀ ကျော်အထိသာ ခွင့်ပြုပေးခဲ့တာပါ။
သတင်း – သံလွင်တိုင်းမ်