မော်လမြိုင်၊ ဒီဇင်ဘာ(၃၀)
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် စီးပွားရေး၊ အထွေထွေအကျပ်အတည်းတွေနဲ့အတူ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် တစ်လလျှင်ပြည်ပထွက်ခွာသူ ၄၀,၀၀၀ ဝန်းကျင်အထိ ရှိလာတယ်လို့ ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (IOM)က ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
IOM အဆိုအရ နိုင်ငံအတွင်း လုံခြုံမှုမရှိတော့တာ၊ စီးပွားရေးကျဆင်းနေတာနဲ့ အသက်မွေးဝမ်း ကျောင်းအလုပ်အကိုင်တွေ ပျောက်ဆုံးသွားတာ စတဲ့အကြောင်းအရင်းအမျိုးမျိုးကြောင့် ပြီးခဲ့တဲ့ အောက်တိုဘာလကစပြီး လစဉ်ပြည်ပထွက်ခွာသူ ၄၀,၀၀၀ ဝန်းကျင်းရှိနေကာ အများစုဟာ ထိုင်းနိုင်ငံကို သွားရောက်နေကြတယ်လို့ ဆိုထားပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံသားအမြောက်အမြားဟာ ပြည်ပကိုနည်းအမျိုးမျိုးနဲ့ထွက်ဖို့ ကြိုးစားနေကြတဲ့အတွက် လူကုန်ကူးမှု၊ အမြတ်ထုတ်မှုနဲ့ ဒုက္ခသည်စခန်းတွေက ပြည်သူတွေကို ပြည်ပမှာ အလုပ်လုပ်ဖို့ လာရောက်သွေးဆောင်တာလိုမျိုးလုပ်ရပ်တွေလည်း ဖြစ်နိုင်ခြေအလွန်မြင့်မားနေတယ်လို့လည်း IOM ရဲ့အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ပြည်ပထွက်ခွာမှုဟာ ပြည်တွင်းမှာ အလုပ်သမားအခွင့်အရေး ဆုံးရှုံးနေတာ၊ လုပ်ခလစာအပြည့်အဝမရတာအပြင် လုပ်အားခခေါင်းပုံဖြတ်ခံနေရတာကြောင့် ဖြစ်ပေါ်နေတာဖြစ်ကြောင်းနဲ့ လာမယ့် ၂၀၂၃ ခုနှစ်မှာလည်း ပြည်ပထွက်ခွာမှုပိုမိုမြင့်တက်လာနိုင်တယ်လို့ မြန်မာနိုင်ငံအထွေထွေအလုပ်သမားအဖွဲ့ချုပ်(FGWM) ပြောခွင့်ရ ဒေါ်အိအိဖြူက သုံးသပ်တာပါ။
“မြန်မာလုပ်သားတွေ တစ်လကိုလေးသောင်းလောက် ပြည်ပထွက်ခွာနေတယ်ဆိုတာ မှန်ပါတယ်။ အခုဒီနှစ်ကုန်ဆိုရင်တောင် စက်ရုံ၊ အလုပ်ရုံတွေပိတ်ဖို့များနေတယ်။ အလုပ်လက်မဲ့ ဖြစ်ဖို့များလာနေ တယ်။ လက်ရှိအလုပ်သမားတွေမှာလည်း အခွင့်အရေးအပြည့်အဝမရတာတွေ၊ လုပ်ခလစာ အပြည့်အ ဝမရတဲ့အပြင် လုပ်အားခေါင်းပုံဖြတ်တာတွေ ကြုံတွေ့နေရတာကြောင့် ပြည်ပကို ထွက်ခွာအလုပ်လုပ်လာကြတာပါ။ ဒီနှစ်ကုန်မှာဆိုရင် ပိုပြီး များလာမယ်လို့ ကျွန်မတို့သုံးသပ်တယ်”လို့ သံလွင်တိုင်းမ်ကိုပြောပါတယ်။
မြန်မာနိုင်ငံ အထွေထွေအလုပ်သမားအဖွဲ့ချုပ် FGWM က ကောက်ယူထားတဲ့စစ်တမ်းတွေအရ လှိုင်သာယာ၊ ရွှေပြည်သာ၊မင်္ဂလာဒုံ စက်မှုဇုန်တွေက စက်ရုံအများစု လာမယ့် ၂၀၂၃ ခုနှစ်အတွင်း စက်ရုံပိတ်သိမ်းခွင့်တွေနဲ့ သက်ဆိုင်ရာအလုပ်သမားရုံး ပိတ်သိမ်းခွင့်တွေ တင်လာတာကို တွေ့ရှိလာနေရတယ်လို့လည်း ဆိုပါတယ်။
ဒါပေမယ့် ပြည်ပထွက်ခွာ မြန်မာအလုပ်သမားတွေအနေနဲ့လည်း အများစုက တရားမဝင်လုပ်သား ဖြစ်နေတာကြောင့် ပြည်ပမှာ အလုပ်သမားအခွင့်ရေး ချိုးဖောက်ခံရတာ၊ လုပ်ခလစာခေါင်းပုံဖြတ်ခံရတာတွေကို ကြုံနေရသလို စစ်ကောင်စီလက်အောက်ခံ မြန်မာသံရုံးတွေက ထိထိရောက်ရောက်အကူအညီပေးခြင်းလည်း မရှိပါဘူး။
စစ်ကောင်စီကြောင့် အထွေထွေအကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံသားတွေဟာ လာမယ့် ၂၀၂၃ခုနှစ်မှာ ပြည်ပထွက်ခွာမှု ပိုမိုများပြားလာနိုင်တယ်လို့ IOM က ခန့်မှန်းထားပါတယ်။
ဒါ့အပြင် နိုင်ငံအတွင်းက လက်နက်ကိုင်ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရသူ ၁ ဒဿမ ၄ သန်းကျော်ရှိနေပြီး လာမယ့် ၂၀၂၃ ခုနှစ်အတွင်း ဒုက္ခသည်တွေ ထပ်မံတိုးလာနိုင်သလို လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေတွေကလည်း ပိုဆိုးလာနိုင်တယ်လို့ IOM က ဆိုထားပါတယ်။
သတင်း – သံလွင်တိုင်းမ်