မော်လမြိုင်၊ ဒီဇင်ဘာ(၃၀)
ထောင်ဒဏ် ၂၇ နှစ် ချမှတ်ခံထားရတဲ့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို စစ်ကောင်စီက ကျိုက်မရောဗဟိုအကျဉ်းထောင်ကနေ ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်သို့ ပြောင်းရွှေ့လိုက်တယ်လို့ တရားရုံးနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းကနေ သိရပါတယ်။
စစ်ကောင်စီဟာ ဝန်ကြီးချုပ်ဒေါက်တာအေးဇံအပေါ် စွဲဆိုထားတဲ့အမှုအားလုံးအတွက် ထောင်ဒဏ်ပြစ်ဒဏ်အသီးသီးချမှတ်ပြီးနောက် ဒီဇင်ဘာနောက်ဆုံးအပတ်မှာ ဒိုက်ဦးအကျဉ်းထောင်သို့ ပြောင်းရွှေ့လိုက်တာ ဖြစ်ပါတယ်။
ဝန်ကြီးချုပ်ဒေါက်တာအေးဇံဟာ စစ်တပ်အာဏာသိမ်းပြီးနောက် ကျိုက်မရောဗဟိုအကျဉ်းထောင်မှာ ၂ နှစ်နီးပါးအကြာ ဖမ်းဆီးချုပ်နှောင်ပြီးနောက် ဒိုက်ဦးအကျဉ်းထောင်သို့ ပြောင်းရွှေ့ခဲ့တာပါ။
ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်ဟာ လူ ၁၀၀၀ ဆံတဲ့ အကျဉ်းထောင်တစ်ခုဖြစ်သလို အကျဉ်းသားတွေကို နည်းမျိုးစုံသုံးပြီး ဖိနှိပ်နေတဲ့အကျဉ်းထောင်တစ်ခုလည်း ဖြစ်ပါတယ်။
အသက် ၆၈ နှစ်အရွယ် မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံဟာ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီက အဂတိမှု ၉ မှုအတွက် ထောင်ဒဏ် ၂၁ နှစ် ၊ ၅၀၅(ခ) နဲ့ ထောင်ဒဏ် ၂ နှစ်၊ ပုဒ်မ ၁၃၀ (က)နဲ့ ထောင်ဒဏ် ၂ နှစ် ၊ ၁၇၁(စ) နဲ့ အမှု ၂ မှုအတွက် ထောင်ဒဏ် ၂ နှစ် ၊ စုစုပေါင်း ထောင်ဒဏ် ၂၇ နှစ် ချမှတ်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်