ရေဖြူ – ဒီဇင်ဘာ(၂၈)

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ညင်းထွေးကျေးရွာအနီးမှာ ဒီဇင်ဘာ ၂၈ ရက်နေ့ မနက်ပိုင်းက မိုင်းဆွဲခံရတဲ့ စစ်ကောင်စီယာဉ်တန်း ဝင်တိုက်ပြီး တက်ကြိတ်သွားတဲ့အတွက် ဆိုင်ကယ်မောင်းလာတဲ့ အမျိုးသမီး တစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒီနေ့ မနက် ၆ နာရီဝန်းကျင်လောက်မှာ ထားဝယ်ဘက်ကနေ ရေဖြူဘက်ကို မောင်းနှင်းလာတဲ့ ကား ၁၄ စီးပါ စစ်ကောင်စီ ယာဉ်တန်းကို ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ၃ ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

မိုင်းဆွဲခံရပြီးနောက် မောင်းပြေးလာတဲ့ စစ်ကောင်စီယာဉ်တန်းဟာ လမ်းအတိုင်းဆိုင်ကယ်မောင်းလာတဲ့ အမျိုးသမီး တစ်ဦး စီးနင်းလာတဲ့ ဆိုင်ကယ်ကို ဝင်တိုက်ပြီး တက်ကြိတ်ခဲ့တာပါ။

စစ်ကောင်စီယာဉ်တန်းက ဝင်တိုက်ပြီး တက်ကြိတ်သွားတဲ့ ရေဖြူမြို့နယ်၊ ဇီးကျကျေးရွာနေ အသက် ၂၀ အရွယ် မပန်းအိဖြူဟာ အခင်းဖြစ်ရာ နေရာမှာပဲ ပွဲချင်းပြီး သေဆုံးခဲ့ရတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

သေဆုံးသွားတဲ့ မပန်းအိဖြူ ရုပ်အလောင်းကိုတော့ ဒေသလူမှုကူညီရေးအဖွဲ့တွေက ရေဖြူဆေးရုံသို့ ပို့ဆောင်ပေးထားတယ်လို့ သိရပါတယ်။

စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ထိခိုက်သေဆုံးမှုကို အခြေအနေ အသေးစိတ်ကိုတော့ သံလွင်တိုင်းမ်အနေနဲ့ ဆက်လက် စုံစမ်းနေဆဲ ဖြစ်ပါတယ်။

ရေဖြူမြို့နယ်မှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီယာဉ်တန်းတွေ မကြာခဏ မိုင်းဆွဲတိုက်ခိုက်ခံနေတဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးတာတွေ ရှိနေသလို မိုင်းဆွဲခံရစဉ် စစ်ကောင်စီတပ်ရဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးတာတွေလည်း ရှိနေပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.