ဆိုးလ်၊ ဒီဇင်ဘာ(၂၉)

မြောက်ကိုရီးယား မောင်းသူမဲ့လေယာဉ်တွေ ကျူးကျော်ဝင်ရောက်ပြီးနောက် ရန်စမှုမှန်သမျှနဲ့ နျူကလီးယား လက်နက်တွေကိုပါ ဂရုမစိုက်ဘဲ မဆိုင်းမတွတုန့်ပြန်သွားမယ်လို့ တောင်ကိုရီးယားသမ္မတက ပြောကြား လိုက် ပါတယ်။

မြောက်ကိုရီးယား မောင်းသူမဲ့ လေယာဉ် (၅) စင်းဟာ ပြီးခဲ့တဲ့ တနင်္လာနေ့မှာ တောင်ကိုရီးယားနိုင်ငံအတွင်းကို  ဖြတ်ကျော်ဝင်ရောက်ခဲ့တာကြောင့် တောင်ကိုရီးယားစစ်တပ်ရဲ့ တိုက်လေယာဉ်တွေနဲ့  တိုက်ခိုက်ရေးရဟတ် ယာဉ်တွေဟာ မောင်းသူမဲ့လေယာဉ်တွေကို ပစ်ချဖို့အတွက် အရေးပေါ်ပျံသန်းခဲ့ရတာပါ။

ဒါဟာ ၂၀၁၇ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ကျူးကျော်ဝင်ရောက်မှုဖြစ်တယ်လို့ ဆိုပါတယ်။

“မြောက်ကိုရီးယားရဲ့ ရန်စမှုတွေကို လက်တုံ့ပြန်တဲ့အနေနဲ့ အပြစ်ပေးရမယ်။ အဲဒါက ရန်စမှုတွေကို ဟန့်တားဖို့ အင်အားအကြီးဆုံး နည်းလမ်းပဲ”လို့ သမ္မတကပြောကြားခဲ့ကြောင်း သတင်းနဲ့ပြန်ကြားရေးလက်ထောက် ကင်မ် အွန်ဟီက ပြောပါတယ်။
“မြောက်ကိုရီယားမှာ နျူကလီးယားလက်နက်ရှိလို့ ကြောက်လန့်တုံ့ဆိုင်းမနေသင့်ဘူး” လို့လည်း သမ္မတက တုန့်ပြန်ပြောဆိုခဲ့ပါတယ်။
ဒီလိုလေယာဉ်တွေကျူးကျော်ဝင်ရောက်မှုနဲ့ ပတ်သက်ပြီး  တောင်ကိုရီးယားရဲ့ လေကြောင်းရန် ကာကွယ်ရေး အပေါ် ဝေဖန်မှုတွေနဲ့လည်း ရင်ဆိုင်နေရတာပါ။ ဒါ့အပြင် နာရီပေါင်းများစွာ တောင်ကိုရီးယားနိုင်ငံနယ်နိမိတ်မှာ ပျံသန်းနေစဉ် ဒီလေယာဉ်တွေကို ပစ်မချခဲ့တဲ့အတွက် စစ်တပ်ကိုလည်း သမ္မတက အပြစ်တင်ခဲ့ပါတယ်။

ဒီလိုကျူးကျော်မှုအပေါ် တောင်ကိုရီးယားဘက်ကဒရုန်းတွေ ပြန်လည်စေလွှတ်ပြခဲ့ပြီး မြောက်ကိုရီးယား နယ်နိမိတ်မှာ သုံးနာရီကြာစေလွှတ်ပြီး တုံ့ပြန်ခဲ့တာပါ။

တိုးမြင့်လာနိုင်တဲ့ အန္တရာယ်တွေရှိရင်တောင်မှ ကျူးကျော်ဝင်ရောက်လာမှုကို တုံ့ပြန်တဲ့အနေနဲ့ သမ္မတက မြောက်ကိုရီးယားထဲကို ဒရုန်းတွေ လွှတ်ဖို့ အမိန့်ပေးထားတယ်လို့ ကာကွယ်ရေးဝန်ကြီးက ဗုဒ္ဓဟူးနေ့မှာ လွှတ်တော်ကို ပြောကြားခဲ့ပါတယ်။

တောင်ကိုရီးယားစစ်တပ်ကတော့ သူတို့အနေနဲ့ တုံ့ပြန်မှုမပြုမိခြင်းအတွက် တောင်းပန်ခဲ့ပြီး ဒရုန်းတွေဟာ သေးငယ်လွန်းတာကြောင့် ပစ်ချဖို့  မဖြစ်နိုင်ခဲ့တာလို့ ပြောကြားထားပါတယ်။

မြောက်ကိုရီးယားနဲ့ အမေရိကန်ရဲ့မဟာမိတ် တောင်ကိုရီးယားတို့ကြား ဆက်ဆံရေးဟာ ဆယ်စုနှစ်များစွာကြာ စမ်းသပ်ခံဖြစ်ခဲ့ပေမယ့်လည်း သမ္မတရဲ့ ကွန်ဆာဗေးတစ်အစိုးရ လွှဲပြောင်းရယူပြီးတဲ့နောက်မှာတော့ မြောက် ကိုရီးယားနဲ့ ဆက်ဆံရေးပြန်လည်တင်းမာလာခဲ့တာ ဖြစ်ပါတယ်။
မြောက်ကိုရီးယားဟာ အခုနှစ်အတွင်း ဒုံးကျည်စမ်းသပ်မှု မြောက်မြားစွာနဲ့ လက်နက်တွေဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်မြှင့်လုပ်ဆောင်နေပြီး သူ့ရဲ့ သတ္တမအကြိမ် နျူလက်နက်ကို စမ်းသပ်နိုင်တယ်လို့ ထင်ကြေးပေးနေတာ တွေလည်း ရှိနေပါတယ်။

တောင်ကိုရီးယားကတော့ ဒရုန်းစွမ်းရည်ကို တပ်ခွဲသုံးခုအထိ တိုးချဲ့မှာဖြစ်ပြီး ဝေဟင်မှလေဆာလက်နက်နဲ့ အချက်ပြမှုကို ချဲ့ထွင်ခြင်းအပါအဝင် မောင်းသူမဲ့လေယာဉ်တွေကို ကာကွယ်ရေးမြှင့်တင်ဖို့အတွက် လာမယ့် ငါးနှစ်အတွင်း ဝမ် ၅၆၀ ဘီလီယံသုံးစွဲဖို့ အစီအစဉ်ရှိကြောင်း တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။

“မြောက်ကိုရီးယားက သူ့ရဲ့နျူကလီးယားတိုက်ခိုက်မှု ဒါမှမဟုတ် အစုလိုက်အပြုံလိုက် ဖျက်ဆီးပစ်နိုင်တဲ့ လက်နက်တွေကို အသုံးပြုလာတဲ့အခါ မြောက်ကိုရီးယားမှာရှိတဲ့ အခြေခံကျတဲ့အဆောက်အဦးတွေကို ဖျက်ဆီးနိုင်စေဖို့အတွက် လက်တုံ့ပြန်တဲ့စွမ်းရည်ကို အားကောင်းအောင် လုပ်ဆောင်သွားမှာပါ” လို့ ဝန်ကြီး ဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဝန်ကြီးဌာနအနေနဲ့ လာမယ့်ငါးနှစ်အတွင်း ကာကွယ်ရေးအတွက် စုစုပေါင်း ဝမ် ၃၃၁.၄ ထရီလီယံသုံးစွဲဖို့ ရည်မှန်းထားပြီး လွှတ်တော်ရဲ့ သဘောတူညီချက်အရ နှစ်စဉ် ပျမ်းမျှ ၆.၈ ရာခိုင်နှုန်း တိုးမြင့်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ အခုနှစ်အတွက်ဘတ်ဂျက်ကတော့ ဝမ် ၅၄.၆ ထရီလီယံဖြစ်တယ်လို့ လည်း သိရပါတယ်။

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.