မန္တလေး – ဒီဇင်ဘာ(၂၈)

တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင်ကို စစ်ကောင်စီ အိုးဘိုထောင်တွင်း အထူးတရားရုံးက အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည)အတွက် အလုပ်ကြမ်းနဲ့ ထောင်ဒဏ် (၁၅) နှစ် ချမှတ်လိုက်တယ်လို့ မန္တလေး ဒေသခံရှေ့နေတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။

ဒီနေ့ ဒီဇင်ဘာလ(၂၈) ရက်နေ့မှာ သူမကို ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေကို ငွေကျပ် (၃) သိန်းထောက်ပံ့တယ်ဆိုတဲ့ စွဲချက်နဲ့ တရားစွဲအမိန့်ချမှတ်ခဲ့တာပါ။

ဒေါ်ရွက်နုအောင်ကို စစ်ကောင်စီက ပြီးခဲ့တဲ့ ဧပြီလ ထဲမှာမန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်ရုံးချိန်က အပြန်မှာ ဖမ်းဆီးခဲ့ပြီး သူ့ရဲ့ ရုံးခန်းကို ရှာဖွေသိမ်းဆည်းတာတွေ လုပ်ခဲ့ တယ်လို့ သိရပါတယ်။

“အမှန်တရားဘက်က လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေတွေကို မတရားတဲ့ ပုဒ်မတွေ တက်ပြီး ထောင်ချနေတာတွေက မဖြစ်သင့်ပါဘူး။ တရားဥပဒေကိုနားလည်တဲ့ ရှေ့နေ တွေ ဥပဒေဝန်ထမ်းတွေကိုတောင် အခုလိုလုပ်နေရင် ပြည်သူတွေကိုဆိုရင်ပိုပြီး မတရားတဲ့ လုပ်ရပ်တွေလုပ်နေမှာဖြစ်တယ်” လို့ တရားလွှတ်တော်ရှေ့နေတစ်ဦးက သံလွင်တိုင်းမ် ကိုပြော ပါတယ်။

ဒါ့အပြင် တခြား ဥပဒေအရာရှိတွေ၊ရှေ့နေတွေဟာလည်း နိုင်ငံရေးအမှုတွေကို လိုက်ပါဆောင် ရွက်ပေးနေတဲ့အတွက် စစ်ကောင်စီရဲ့ မျက်မုန်းကျိုးဖမ်းဆီးခံရနိုင်တဲ့ အခြေအနေတွေကနေ ရှောင်တိမ်းနေရသူတွေရှိတယ်လို့ သူက ပြောပါသေးတယ်။

သူဟာပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်က နေပြည်တော်က မူကြိုကျောင်းတစ်ခုမှာ ဖြစ်ပွားခဲ့တဲ့ ဗစ်တိုးရီးယား လို့ ခေါ်တဲ့ ကလေးငယ် လိင်ပိုင်းဆိုင်ရာ စော်ကားခံရတဲ့ ဖြစ်စဉ်မှာ နစ်နာသူတွေဘက်က အမှုလိုက် ပါဆောင်ရွက်ပြီးနောက် ထင်ရှားလာခဲ့သူတစ်ဦးဖြစ်ပါတယ်။

စစ်ကောင်စီက ဒေါ်ရွက်နုအောင်ကို စွပ်စွဲထားတဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည)ဟာ အနည်းဆုံးထောင်ဒဏ် (၁၀)နှစ်ကနေ အများဆုံး ထောင်ဒဏ် တစ်သက်ထိ ချမှတ် နိုင်သလို ဒဏ်ငွေလည်း ချမှတ်နိုင်တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.