ရန်ကုန်၊ ဒီဇင်ဘာ(၂၈)

နိုင်ငံတဝန်းမှာ စစ်တပ်အာဏာသိမ်းတဲ့ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ အခုနှစ် ဒီဇင်ဘာ ၁၄ ရက်နေ့အထိ လက်နက်ကိုင်ပဋိပက္ခဖြစ်စဉ်တွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ပြည်တွင်းစစ်ပြေးဒုက္ခသည် ၂ သန်း နီးပါးရှိလာပြီလို့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ISP – Myanmar က ဒီဇင်ဘာ ၂၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ISP – Myanmar အဆိုအရ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တိုးလာတဲ့ စစ်ပြေးဒုက္ခသည် နှစ်သန်းနီးပါးထဲမှာ စစ်ကိုင်းတိုင်းက ၈ သိန်းနီးပါးပါဝင်နေပြီး နိုင်ငံအတိုင်းအတာအရ အများဆုံးဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

လက်နက်ကိုင်တိုက်ပွဲဖြစ်စဉ်တွေ ပိုမိုမြင့်တက်လာတာနဲ့အမျှ ၂၀၂၂ ခုနှစ်အတွင်း ပြည်တွင်းစစ်ပြေးဒုက္ခသည် ၁ ဒသမ ၃ သန်းကျော်အထိ တိုးလာသလို စစ်တပ်အာဏာမသိမ်းမီကတည်းက ထွက်ပြေးတိမ်းရှောင်နေရတဲ့ ပြည်တွင်းစစ်ပြေးဒုက္ခသည် အရေအတွက်မှာလည်း ၅ သိန်းနီးပါး ရှိနေတာ ဖြစ်ပါတယ်။

ဒါ့အပြင် အာဏာမသိမ်းမီနဲ့ အာဏာသိမ်းပြီး ကာလနှစ်ရပ်စလုံးမှာ နယ်စပ်ဖြတ်ကျော်ထွက်ပြေးခဲ့ရတဲ့ ဒုက္ခသည်တွေမှာလည်း ၁ သန်းကျော် ရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

နယ်စပ်ဖြတ်ကျော်ဒုက္ခသည်တွေဟာ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနဲ့ ထိုင်းနိုင်ငံနယ်စပ်တို့မှာ ရောက်ရှိနေကြပြီး မြန်မာ-ထိုင်းနယ်စပ် ဒုက္ခသည်စခန်းတွေမှာ စစ်ပြေးဒုက္ခသည်ပေါင်း ၁ သိန်းနီးပါးရှိနေတာ ဖြစ်ပါတယ်။

အလားတူ မြန်မာ – ဘင်္ဂလားဒေ့ရှ် နယ်စပ်မှာလည်း ရိုဟင်ဂျာဒုက္ခသည် ၈၈၀,၀၀၀ ကျော်ရှိနေပြီး အိန္ဒိ ယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ဘက်ခြမ်းမှာလည်း စစ်ပြေးဒုက္ခသည် ၄၀,၀၀၀ ထက်မနည်း ရှိနေတာပါ။

ISP – Myanmar ကတော့ ဒီအချက်အလက်တွေဟာ လွတ်လပ်တဲ့မီဒီယာတွေ၊အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်တွေအပေါ် အခြေခံပြီး လက်လှမ်းမီသလောက် စုစည်းထားတာဖြစ်တဲ့အတွက် မြေပြင်မှာ ဒီထက်ပိုမိုများပြားနိုင်တယ်လို့ ဆိုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.