မော်လမြိုင် – ဒီဇင်ဘာ(၂၈)

တော်လှန်ရေးဟာ အသက်တွေ ဘဝတွေရင်းပြီး လုပ်ကိုင်နေရတာဖြစ်တဲ့အတွက် မြန်မြန်တွန်း နိုင်လေ စစ်ကောင်စီအမြန်ပြိုလဲလေဖြစ်တဲ့အတွက် နောင်နှစ်မှာ ခွန်အားအသစ်တွေ စိတ်ကူး စိတ်သန်းအသစ်တွေ ထပ်တိုးပြီး ကြိုးပမ်းပေးကြဖို့ NUG ဝန်ကြီးချုပ်က တိုက်တွန်းလိုက်ပါ တယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ(၂၇) ရက်နေ့ မနက်ပိုင်း ပြုလုပ်ခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရအကြိမ် (၈၀) မြောက် အစိုးရအဖွဲ့အစည်းအဝေးမှာ အခုလိုပြောဆိုခဲ့တာပါ။

“ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေအတွက် အချိန်ကာလဟာ အကန့်အသတ်ရှိ ပါတယ်။ တစ်ပတ်အတွင်း ပြီးရမယ့် အလုပ်က တစ်ပတ်အတွင်း ပြီးဖို့ လိုသလို တစ်လအတွင်း လုပ်ရမယ့် အလုပ်ကလည်း တစ်လအတွင်း ပြီးစီးရမှာ ဖြစ်ပါတယ်။ တော်လှန်ရေးဟာ အသက်တွေ၊ ဘဝ တွေ ရင်းပြီး လုပ်ကိုင်နေရတာမို့ ဖြစ်နိုင်သမျှ မြန်မြန်တွန်းနိုင်လေလေ၊ အကြမ်းဖက် စစ်ကောင် စီ အမြန်ပြိုလဲလေလေ ဖြစ်မှာပါ” လို့ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကပြောခဲ့ပါတယ်။

ဒါ့အပြင် လာမယ် ၂၀၂၃ ခုနှစ်ဟာ မြန်မာပြည်သူတွေအတွက် ကံကောင်းခြင်းတွေ ယူဆောင် လာမယ့် နှစ်တစ်နှစ် ဖြစ်တယ်လို့ ယုံကြည်ပြီး အလုပ်တွေကို ညီညီညွတ်ညွတ်ကြိုးစား လုပ်ဆောင်ကာ ပြည်သူတွေဆီကို ကံကောင်းခြင်းတွေတော်လှန်အစိုးရတစ်ရပ်အဖြစ် ကြိုးစား ပေးဖို့ အစိုးရအဖွဲ့ဝင်တွေကို တိုက်တွန်းခဲ့ပါသေးတယ်။

အမျိုးသားညီညွတ်ရေးအစိုးရဟာ တော်လှန်ရေးအစိုးရဖြစ်ပေမယ့် စတင်ဖွဲ့စည်းတည်းက စာရင်းစစ်ချုပ်ကို ထည့်သွင်းဖွဲ့စည်းထားပြီး ဘဏ္ဍာငွေကြေးဆိုင်ရာ ကိစ္စရပ်တွေကို တာဝန်ယူမှု၊ တာဝန်ခံမှုရှိရှိနဲ့ စီမံခန့်ခွဲနိုင်ဖို့ လုပ်ဆောင်ခဲ့ကြတာဖြစ်တယ်လို့ ဝန်ကြီးချုပ်က ဆိုပါတယ်။

လက်ရှိအချိန်မှာတော့ စာရင်းစစ်ချုပ်ရုံးက ယာယီသမ္မတရုံး၊ဝန်ကြီးချုပ်ရုံးနဲ့ စာရင်းစစ်ချုပ် အပါအဝင် ဝန်ကြီးဌာနအားလုံးကို ဘဏ္ဍာငွေဆိုင်ရာ ကိစ္စတွေမှာ အမှားအယွင်းမရှိဘဲ စီမံခန့်ခွဲ နိုင်ဖို့ နည်းပညာအထောက်အကူတွေလည်း ကူညီပံ့ပိုးလုပ်ဆောင်နေတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.