မော်လမြိုင် – ဒီဇင်ဘာ(၂၈)

မော်လမြိုင်တက္ကသိုလ် ရူပဗေဒ နောက်ဆုံးနှစ် ကျောင်းသား ကိုမျိုးသူရအောင်ကို စစ်ကောင်စီက ဒီဇင်ဘာ ၂၇ ရက်နေ့မှာ ထောင်ဒဏ် ၁၃ နှစ် အမိန့်ချမှတ်လိုက်တယ်လို့ မော်လမြိုင်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂအဖွဲ့က ထုတ်ပြန်ပါတယ်။

ကိုမျိုးသူရအောင်ဟာ ပြီးခဲ့တဲ့ ဇွန် ၃၀ ရက်နေ့က နေအိမ်မှာ ဖမ်းဆီးခံလိုက်ရတာ ဖြစ်ပြီး ၅ လကျော်အကြာ ဘားအံအကျဉ်းထောင် အထူးတရားရုံးကနေ အခုလို နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံလိုက်ရတာ ဖြစ်ပါတယ်။

စစ်ကောင်စီကတော့ ကိုမျိုးသူရအောင်ကို ဖမ်းဆီးပြီးနောက် ပုဒ်မ ၂ ခုနဲ့ တရားစွဲထားတာ ဖြစ်ပြီး လက်ရှိမှာ ပုဒ်မ တစ်ခုအတွက် နှစ်ရှည်ထောင်ဒဏ် ချမှတ်လိုက်တာပါ။

မော်လမြိုင်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ ဥက္ကဋ္ဌ မင်းသံစဉ်ဦးကတော့ စစ်ကောင်စီက ကျောင်းသား ပြည်သူတွေကို မတရား ဖမ်းဆီးပြီး လိုသလို ပုဒ်မတွေ တက်ကာ နှစ်ရှည်ထောင်ဒဏ် ချမှတ်နေတာဟာ အာဏာရှင်တွေရဲ့ စရိုက်အတိုင်း လုပ်ဆောင်တာ ဖြစ်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံလိုက်ရတဲ့ ကိုမျိုးသူရအောင်ဟာ မော်လမြိုင်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ စတုတ္ထ အကြိမ် ဗဟို အလုပ်မှုဆောင်အဖွဲ့ဝင်နဲ့ မှတ်တမ်းနဲ့သုတေသန တာဝန်ခံဟောင်း တစ်ဦး ဖြစ်ပါတယ်။

မော်လမြိုင်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ သုတေသနကော်မတီရဲ့ စစ်တမ်းအရ စစ်တပ် အာဏာသိမ်းပြီးနောက် မော်လမြိုင်တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူ ၇၈ ဦးဖမ်းဆီးခံထား ရသလို စာရင်း မပါသေးတဲ့ သူတွေလည်း ရှိနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – မော်လမြိုင်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.