မော်လမြိုင်၊ ဒီဇင်ဘာ(၂၈)

ထိုင်းအစိုးရပိုင် စွမ်းအင်ကုမ္ပဏီတစ်ခုဖြစ်တဲ့ PTT ကုမ္ပဏီက မြန်မာနိုင်ငံကနေထွက်ခွာဖို့ ပြင်ဆင်မှုဟာ စစ်ကောင်စီအတွက် ဝင်ငွေကျဆင်းစေပြီး နိုင်ငံခြားငွေကြေးဈေးကွက်ကိုပါ ထိခိုက်လာနိုင်တယ်လို့ စီးပွားရေးပညာရှင်တွေက သုံးသပ်တာပါ။

PTT စွမ်းအင်ကုမ္ပဏီဟာ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံထားတဲ့ သူတို့လက်အောက်ရှိ လောင်စာဆီသယ် ယူပို့ဆောင်ရေးနဲ့ သိုလှောင်ရေးလုပ်ငန်းတွေကို ရပ်ဆိုင်းတော့မှာဖြစ်တယ်လို့ ထိုင်းသတင်းတွေမှာ ဖော် ပြလာတာဖြစ်ပါတယ်။

ကမ္ဘာ့အကြီးဆုံးရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတစ်ခုဖြစ်တဲ့ နော်ဝေရန်ပုံငွေအဖွဲ့က စစ်ကောင်စီနဲ့ ပူပေါင်းဆောင်ရွက်နေတဲ့ ထိုင်းနိုင်ငံ PTT ကုမ္ပဏီမှာရှိတဲ့ သူတို့ရင်းနှီးမြှုပ်နှံမှုတွေကို ရပ်ဆိုင်းမယ်လို့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၅ ရက်နေ့မှာ ထုတ်ဖော်ပြောဆိုလာပြီးနောက်မှာတော့ PTT ကုမ္ပဏီဘက်က မြန်မာနိုင်ငံကနေသူတို့လုပ်ငန်းတွေ ရပ်ဆိုင်းတော့မယ်လို့ ကြေညာလာတာတာ ဖြစ်ပါတယ်။

နော်ဝေရန်ပုံငွေအဖွဲ့ကတော့ ထိုင်းအစိုးရပိုင်စွမ်းအင်ကုမ္ပဏီတွေကနေ ထွက်ခွာရတာဟာ စစ်ကောင်စီရဲ့ စစ်ဆင်ရေးနဲ့ လူအခွင့်အရေးချိုးဖောက်မှုတွေကို အထောက်အကူပြုစေတဲ့ ဘဏ္ဍာရေးအရ အ ထောက်အပံ့ပြုနေတာကြောင့် ဖြစ်တယ်လို့ ဆိုထားပါတယ်။

PTT ကုမ္ပဏီက မြန်မာနိုင်ငံကနေထွက်ခွာဖို့ ပြုလုပ်နေပေမယ့် ထိုင်းနိုင်ငံအတွက် ဂတ်စ်မရှိမဖြစ် လိုအပ်နေတာကြောင့် တဖြည်းဖြည်းလျော့ချလိုသာရနိုင်သလို ထွက်ခွာသွားပါကလည်း စစ်ကောင်စီရဲ့ ဝင်ငွေကျဆင်းပြီး နိုင်ငံခြားငွေကြေးဈေးကွက်ထိခိုက်ပြီး သွင်းကုန်ပစ္စည်းတွေလည်း ဈေးကြီးလာနိုင်တယ်လို့ စီးပွားရေးပညာရှင်တစ်ဦးက သုံးသပ်တာပါ။

“PTT သွားပေမယ့် ထိုင်းကမြန်မာပြည်ရဲ့ ဂတ်(စ်)မရှိလို့တော့ လောလောဆယ် အဆင်မပြေဘူး။ သူတို့ နောက်ပိုင်းမှာတော့ မြန်မာပြည်ဂတ်(စ်)ကို အမှီအခိုကင်းအောင် တဖြည်းဖြည်းတော့ လုပ်နေတယ်။ ဒါပေမယ့် လောလောဆယ်အချိန်ထိက လုပ်လို့မရသေးဘူး။ သူတို့ဂတ်(စ်)နဲ့ပေးတဲ့ သူတို့လျှပ်စစ်ရဲ့ အရင်စပေးတုန်းက (၇၅) ရာခိုင်နှုန်းလောက်က မြန်မာပြည်ရဲ့ဂတ်(စ်)၊ အခုတော့ (၂၅) ရာခိုင်နှုန်းလောက် ကျန်ဦးမယ်နဲ့ တူတယ်၊ သူက ဘာထိနိုင်လဲဆိုတော့ အစိုးရဝင်ငွေတွေ ကျသွားနိုင်တာပေါ့။ အစိုးရဝင်ငွေကျသွားနိုင်တယ်။ နောက်ဒီနိုင်ငံခြားငွေကြေးဈေးကွက်ကို လာပြီးတော့ထိနိုင်တာပေါ့။ အဲဒီရဲ့ တိုက်ရိုက်မဟုတ်တဲ့ ထိခိုက်မှုကတော့ သွင်းကုန်သွင်းတဲ့ဟာတွေပါ ဈေးကြီးသွားမယ်”လို့ ဆိုပါတယ်။

ဒါ့အပြင် PTTကုမ္ပဏီ မြန်မာနိုင်ငံကနေ ထွက်ခွာသွားပါက စစ်ကောင်စီလက်အောက်ခံ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) အနေနဲ့ တဖက်လှည့်နဲ့ တင်ပို့တာတွေပြုလုပ်နိုင်သလို ဈေးလျော့ ရောင်းချပါကလည်း တခြားကုမ္ပဏီတွေအနေနဲ့ ဝင်ရောက်လာနိုင်တယ်လို့ ဆိုပါတယ်။

စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကလည်း PTT ကုမ္ပဏီ ထွက်ခွာသွားပါက ပြည်တွင်းမှာ အသုံးပြုနေတဲ့ စက်သုံးဆီနဲ့ သဘာဝ ဓာတ်ငွေ့ကဏ္ဍတွေမှာ ထိခိုက်မှုမရှိနိုင်ပေမယ့် နိုင်ငံခြားဝင်ငွေလျော့နည်းလာပြီး ဒေါ်လာလိုသလောက်မရပါက နိုင်ငံခြားသွင်းကုန်တွေ ဈေးမြင့်လာနိုင်တယ်လို့ ပြောပါတယ်။

“သူရဲ့နိုင်ငံခြားဝင်ငွေတွေပဲ လျော့နည်းသွားမယ်။ ဒီဆီသွင်းတဲ့နေရာမှာတော့ ဒေါ်လာကတော့ ရှင်းရှင်းပြောရင် သူကအခုထိန်းထားတယ်ဆိုတော့ သူက အချိန်ဘယ်လောက် အတိုင်းအတာထိ ထိန်းနိုင်မလဲပေါ့နော်။ ရှင်းရှင်းပြောရင် တစ်ခုကတော့ဒေါ်လာပဲ။ အချိန်မရွေး မြင့်တက်သွားနိုင်တယ်။ သူ့မှာနိုင်ငံခြားက ဝင်တဲ့ငွေတွေဟာ တဖြည်းဖြည်းဘက်ပြန်ပြန် ဆုတ်ဆုတ်သွားရင် နိုင်ငံခြားဝင်ငွေနည်းသွားရင် ပြည်တွင်းမှာသွင်းဖို့အတွက်က ဒေါ်လာလိုတယ်လေ။ ဒီဒေါ်လာကို ပေါပေါသီသီမရဘဲနဲ့ဆိုရင် ကြာလာတာနဲ့အမျှ နိုင်ငံခြားကသွင်းတဲ့ ပစ္စည်းတွေမှန်သမျှ အကုန်လုံးဈေးကတက်မှာဘဲလေ”လို့ ဆိုပါတယ်။

PTT ကုမ္ပဏီကတော့ သူတို့လုပ်ငန်းတွေ ထွက်ခွာဖို့ ပြင်ဆင်တာဟာ မြန်မာနိုင်ငံမှာ မငြိမ်မသက်မှုတွေ ဖြစ်နေသလို နိုင်ငံတကာရဲ့ပိတ်ဆို့ အရေးယူမှုတွေရှိနေတာကြောင့် နောက်ထပ် အရင်းအနှီးမထည့် သွင်းတော့ဘူးလို့ ကုမ္ပဏီဘက်က ကြေညာထားကြောင်း ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။

PTT ကုမ္ပဏီဟာ မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုကြောင့် ထွက်ခွာသွားတဲ့ ပြင်သစ်ရေနံကုမ္ပဏီကြီး Total ပြီးရင် အကြီးဆုံးကမ်းလွန်ရေနံနဲ့ သဘာဝဓာတ်ငွေ့ စီမံကိန်းတွေ လုပ်ဆောင်နေတဲ့ ကုမ္ပဏီတစ်ခုလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်းတွေကနေ နှစ်စဉ် အမေရိကန် ဒေါ်လာ (၁)ဘီလျံ ဝင်ငွေရရှိနေပြီး အဲ့ဒီငွေတွေကိုတော့ စစ်ကောင်စီ လက်အောက်ခံ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) မှတစ်ဆင့် စစ်ကောင်စီတပ်ထံ ရောက်ရှိနေတယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေး အဖွဲ့ (HRW)က ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.