ကော့ကရိတ်၊ ဒီဇင်ဘာ (၂၈)

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)ထိန်းချုပ်နယ်မြေ ကော့ကရိတ်မှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တို့ကြား ဒီကနေ့မှာလည်း တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီတပ်က ကျေးရွာတစ်ရွာကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ တော်လှန်ရေးအင်အားစုနဲ့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၆ ရက်နေ့ကစပြီး စတင်ဖြစ်ပွားခဲ့တဲ့ ကော့ကရိတ်တိုက်ပွဲဟာ ဒီဇင်ဘာ လ(၂၇) ရက်နေ့မှာလည်း စစ်ကောင်စီတပ်က ကော့ကရိတ်တောင်ပိုင်းဒေသ ကော့နွဲ့နဲ့ ရွာသစ်ကျေးရွာဘက်ကို စစ်ကြောင်းထိုးလာနေတဲ့အတွက် KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ပေါင်းစု ပူးပေါင်းတပ်ဖွဲ့နဲ့ ထိတွေ့တိုက်ပွဲ ပြင်းထန်ခဲ့ပါတယ်။

ဒီကနေ့ မနက်(၈)နာရီခွဲအချိန်ကစလို့ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေဟာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ကူ အဆက်မပြတ်ပစ်ကူပေးခဲ့သလို လေယာဉ်နဲ့လည်း ဒီကနေ့ မနက် (၁၁)နာရီခွဲအချိန်က (၁)ကြိမ်၊ နေ့လည် (၁)နာရီကျော်အချိန်မှာ (၁)ကြိမ် စုစု ပေါင်း(၂)ကြိမ် ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဘက်က ခြေလျင်အင်အားအလုံးအရင်းနဲ့အတူ စစ်ကြောင်းထိုးလာတာဖြစ်ပြီး လေ ယာဉ်ပစ်ကူတွေပါ အသုံးပြုတိုက်ခိုက်ခဲ့သလို ဒေသခံပြည်သူလူထုအပေါ်ကိုလည်း ပစ်ခတ်ခဲ့တာကြောင့် ဒေသခံတစ်ဦး ထိခိုက်မှုရှိခဲ့ပြီး လူနေအိမ်အများအပြားလည်း လက်နက်ကြီးထိမှန်ခဲ့တယ်လို့ ကျားဖြူတပ်ခွဲ-၂ က သတင်းထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ကော့နွဲ့ရွာအတွင်းထဲကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဟာ ဒီကနေ့ နေ့လည် (၁၂)နာရီ (၁၅)မိနစ်မှာ ကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး မီးလောင်ပျက်စီးမှု အခြေအနေအသေးစိတ်ကိုတော့ မသိရသေးပါဘူး။

လတ်တလောမှာ ကော့ကရိတ်တိုက်ပွဲကြောင့် ဒေသခံပြည်သူ(၂၀၀၀)ဝန်းကျင်ဟာ ဘေးလွတ်ရာကို တိမ်း ရှောင်နေရကာ အကူအညီတွေ လိုအပ်နေတာပါ။

စစ်ကောင်စီက အခုလိုမျိုး ထိုးစစ်ဆင်မှုတွေ အဆက်မပြတ်ပြုလုပ်လာပါက ထိတွေ့တိုက်ပွဲတွေ ပိုမိုပြင်းထန်စွာ ဖြစ်ပွားလာဖို့ရှိတယ်လို့ ပူးပေါင်းတပ်ဖွဲ့တွေက ပြောဆိုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.