မင်္ဂလာပါရှင်။ သံလွင်တိုင်းမ်ရဲ့ အမှန်/အမှား အစီအစဉ်ကနေ ကြိုဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေးလှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု၊ သတင်းမှားတွေကို အမှန်/အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေတဲ့ “ထိုင်းဘက်ကနေ မြန်မာဘက်ကို ပို့မဲ့လက်နက်တွေ ဘတ်သန်း(၅၀)ဖိုး ထိုင်းအာဏာပိုင်များမှ ဖမ်းဆီးရမိ” ဆိုတဲ့ ဓာတ်ပုံပါ အကြောင်းအရာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီအကြောင်းအရာကို စစ်တပ်ကိုထောက်ခံတဲ့အကြောင်း အများအားဖြင့်ဝါဒဖြန့်ဝေလေ့ရှိတဲ့ နေမင်း၊ KyawSwar,KoThet အကောင့်ကနေ ဒီဇင်ဘာလ (၂၃ )ရက်နေ့မှာ ဖြန့်ဝေတာတွေ့ရပါတယ်။

စစ်တပ်လော်ဘီတွေ ဖြန့်ဝေနေတဲ့ပိုစ့်ပါ အကြောင်းအရာအပြည့်အစုံမှာတော့ အကြမ်းဖက်မှုကို မလိုလားတဲ့ ထိုင်းနိုင်ငံကတော့ လက်တွေ့ ဖမ်းဆီးနေပါပြီ။

မြန်မာပြည်ဘက်ခြမ်းပို့မည့် လက်နက်များ ထိုင်းနိုင်ငံထဲတွင် ထပ်မံဖမ်းဆီးရမိ ခဲ့တယ်လို့ ဓာတ်ပုံတွေနဲ့တကွ ရေးသားဖြန့်ဝေနေတာပါ။

တပ်ထောက်ခံသူအကောင့်တုတွေ ဖြန့်ဝေနေတဲ့ ဓာတ်ပုံနဲ့ပိုစ့်ပါအကြောင်းအရာနဲ့ ပတ်သက်ပြီး သံလွင်တိုင်းမ်က စစ်ဆေးကြည့်ရာမှာတော့ ဝါဒဖြန့်သတင်းအမှားတစ်ခုသာ ဖြစ်နေတာကို စိစစ်တွေ့ရှိရပါတယ်။

ဖြစ်စဉ်အမှန်ကတော့ တပ်ထောက်ခံသူများ ဖြန့်ဝေနေတဲ့ ဓာတ်ပုံတွေသည် ထိုင်းနိုင်ငံမှာလက်နက်မှောင် ခိုဂိုဏ်းကို ဖမ်းဆီးရမိတဲ့ ဖြစ်စဉ်ကို ဒီဇင်ဘာ ၁၅ ရက်က ထိုင်းအမျိုးသားရဲတပ်ဖွဲ့က သတင်းစာရှင်းပွဲမှာ ဖော်ပြထားတဲ့ ဓာတ်ပုံများသာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင်၊ ဆူရင်းခရိုင်၊ ချွန်းပူးရီးခရိုင် စတဲ့ခရိုင်သုံးခုထဲမှာ အခြေစိုက်ကာ အွန်လိုင်းကနေ လက်နက်တွေ ရောင်းချနေတဲ့ လက်နက်နဲ့ဖောက်ခွဲရေး ရောင်းဆိုင်တွေကို ဒီဇင်ဘာ ၁၃ ရက်နဲ့ ၁၄ ရက် နှစ်ရက်အတွင်း က ထိုင်းရဲတပ်ဖွဲ့က သွားရောက်ဖမ်းဆီးခဲ့တာဖြစပါတယ်။

အဆိုပါ ဖမ်းဆီးရမိတဲ့ဖြစ်စဉ်ကို ဒီဇင်ဘာ(၁၅)ရက်က ထိုင်းနိုင်ငံ နည်းပညာဆိုင်ရာ ရာဇဝတ်မှုနှိမ်နင်းရေး ရဲတပ်ဖွဲ့ ရဲမှူးကြီး လွဲအင်းဖိုင်းရို့တ်က စာနယ်ဇင်းရှင်းလင်းခဲ့ကြောင်းကိုလည်း ထိုင်းသတင်းဌာနများနဲ့ ပြည်တွင်းသတင်းဌာန DVBသတင်းဌာနမှာ ဖော်ပြထားတာကို တွေ့ရပါတယ်။

သတင်းများတွင် လက်နက်များဖမ်းဆီးရမိတယ်လို့ ဖော်ပြထားသော်လည်း မြန်မာနိုင်ငံဘက်သို့ ပို့မယ့်လက်နက်များ ဖြစ်တယ်လို့ ဖော်ပြထားခြင်းမရှိဟု စိစစ်တွေ့ရှိရပါတယ်။

DVBသတင်းဌာနက ဖော်ပြထားတဲ့လင့်

https://bit.ly/3Wmt1qA

Bangkok post သတင်းဌာနက ဖော်ပြထားတဲ့ သတင်းလင့်

https://bit.ly/3joH4gN

Network media groupကဖော်ပြထားတဲ့ သတင်းလင့်

https://bit.ly/3vdwJqK

Mizzimaသတင်းဌာနက ဖော်ပြထားတဲ့လင့်

https://bit.ly/3jrMZBK

ဒီအချက်တွေကြောင့် လူမှုကွန်ယက်ပေါ်မှာ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေကြတဲ့ ” အကြမ်းဖက်မှုကို မလိုလားတဲ့ ထိုင်းနိုင်ငံကတော့ လက်တွေ့ ဖမ်းဆီးနေပါပြီ။

မြန်မာပြည်ဘက်ခြမ်းပို့မည့် လက်နက်များ ထိုင်းနိုင်ငံထဲတွင် ထပ်မံဖမ်းဆီးရမိ” ဆိုတဲ့ ဓာတ်ပုံပါ သတင်းဟာ စစ်တပ်ထောက်ခံသူတွေဘက်က ဖြန့်ဝေနေတဲ့ သတင်းအမှားတစ်ခုသာဖြစ်ကြောင်း သံလွင်တိုင်းမ် ပရိသတ်တွေအတွက် စိစစ်ပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.