မော်လမြိုင်၊ ဒီဇင်ဘာ(၂၀)

မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံအပေါ် စစ်ကောင်စီကထောင်ဒဏ် ၂ နှစ်ချမှတ်ထားတဲ့ ရွေးကောက်ပွဲ မလျော်သြဇာသုံးမှုအယူခံကို လာမယ့်ဒီဇင်ဘာ ၂၁ ရက်နေ့မှာ လက်ခံသင့်၊ မသင့် ကြားနာဖို့ ရှိနေတယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းကနေ သိရပါတယ်။

စစ်ကောင်စီက ဝန်ကြီးချုပ်ဒေါက်တာအေးဇံဟာ ရွေးကောက်ပွဲမှာ မလျော်သြဇာသုံးတယ်ဆိုပြီး ရာဇ သတ်ကြီး ဥပဒေပုဒ်မ ၁၃၀ (က)နဲ့ တရားစွဲပြီးနောက် ပြီးခဲ့တဲ့ဇူလိုင် ၁၁ ရက်နေ့မှာ ထောင်ဒဏ် ၂ နှစ် အမိန့်ချမှတ်ထားတာပါ။

အဲဒီအမှုအတွက် အယူခံကို မွန်ပြည်နယ်တရားလွှတ်တော်မှာ လက်ခံသင့်၊ မသင့်ကြားနာသွားဖို့ ရှိနေတာဖြစ်ပါတယ်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံရဲ့ ပုဒ်မ ၁၃၀ (က) အယူခံဟာ မြို့နယ်နဲ့ခရိုင်တရားရုံး ၂ ခုစလုံးက ပယ်ချထားတဲ့အတွက် ပြည်နယ်တရားလွှတ်တော်ကို အယူခံထပ်တက်ထားတဲ့ အမှုလည်း ဖြစ်ပါတယ်။

ဝန်ကြီးချုပ်ဒေါက်တာအေးဇံကတော့ စစ်ကောင်စီက စွဲဆိုထားတဲ့ ရွေးကောက်ပွဲမလျော်သြဇာသုံးမှုအပေါ် အပြစ်မရှိကြောင်း ပြီးခဲ့တဲ့ရုံးချိန်းတွေမှာ ထွက်ဆိုထားပါတယ်။

ဝန်ကြီးချုပ်ဒေါက်တာအေးဇံကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၆ ရက်နေ့ကလည်း ရွေးကောက်ပွဲမှာ မလျော်သြဇာသုံးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီက ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၇၁(စ) နဲ့ အမှု ၂ မှု ဖွင့်လှစ်ပြီးနောက် အမှုတစ်မှုအတွက် ထောင်ဒဏ်တစ်နှစ်စီ၊ စုစုပေါင်း ထောင်ဒဏ် ၂ နှစ် ချမှတ်ထားပါတယ်။

အသက် ၆၈ နှစ်အရွယ် မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံဟာ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီက စွဲဆိုထားတဲ့ အဂတိမှု ၉ မှုအတွက် ထောင်ဒဏ် ၂၁ နှစ် ၊ ၅၀၅(ခ) နဲ့ ထောင်ဒဏ် ၂ နှစ်၊ ပုဒ်မ ၁၃၀ (က)နဲ့ ထောင်ဒဏ် ၂ နှစ် ၊ ၁၇၁(စ) နဲ့ အမှု ၂ မှုအတွက် ထောင်ဒဏ် ၂ နှစ် ၊ စုစုပေါင်း ထောင်ဒဏ် ၂၇ နှစ်အထိ ချမှတ်ခံထားရတာ ဖြစ်ပါတယ်။

သတင်း -သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.