မော်လမြိုင်၊ ဒီဇင်ဘာ (၂၀)
ရွှေနဲ့ ဒေါ်လာဈေးနှုန်း ပြောင်းလဲမှုပေါ်မူတည်ပြီး အရောင်းအဝယ်ဖြစ်နေတဲ့ မွန်ပြည်နယ်၊မော်လမြိုင် အိမ်ခြံမြေဈေးကွက်ဟာ လက်ရှိမှာ အရောင်းအဝယ်အေးစက်နေပေမယ့် အမြင့်ဈေးမှာပဲ ဆက်ရှိနေတယ်လို့ အကျိုးဆောင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စံချိန်တင်မြင့်တက်ခဲ့တဲ့ အခေါက်ရွှေနဲ့ ဒေါ်လာဈေးတွေဟာ ၃ လနီးပါးလောက် ပြန်တည်ငြိမ်နေပြီး ဒီဇင်ဘာတတိယပတ်အတွင်း အခေါက်ရွှေတစ်ကျပ်သား ၂,၆၉၀,၀၀၀ ကျပ်နဲ့ အမေရိကန်တစ်ဒေါ်လာကို ၂၉၀၀ ကျပ်အဖြစ် ဈေးနှုန်းအနည်းငယ် ခုန်တက်လာပေမယ့် အိမ်ခြံမြေဈေးကွက်ကိုတော့ သက် ရောက်မှုမရှိခဲ့ပါဘူး။
မော်လမြိုင်အိမ်ခြံမြေဈေးကွက်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက် မြေအမျိုးအစားပေါ်မူတည်ပြီး ပေ ၄၀/၆၀ တစ်ကွက်ကို သိန်း ၅၀၀ ကနေ သိန်း ၆၀၀ ဝန်းကျင်အထိဈေးရှိသလို ပေ ၆၀/၈၀ တစ်ကွက်ကိုလည်း ကျပ်သိန်း ၁၀၀၀ ကနေ သိန်း ၁၅၀၀ အထိ ဈေးနှုန်းခုန်တက်လာခဲ့တာပါ။
ဒါပေမယ့် အရင်ကဈေးကောင်းပေးပြီး ဝယ်ထားတဲ့မြေကွက်တွေဟာ လက်ရှိမှာ ဈေးကောင်းဆဲဖြစ်နေတာကြောင့် ပြန်ရောင်းချင်သူတွေများပေမယ့် ရွှေနဲ့ဒေါ်လာဈေး တည်ငြိမ်နေတဲ့အတွက် ဝယ်သူမရှိသလောက် ဖြစ်နေတယ်လို့ အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက ပြောပါတယ်။
“အရောင်းများတယ်ဆိုတာက အရင်တုန်းက ဈေးတက်ထားပြီးတော့ ပြန်မကျဘဲနဲ့ ဈေးကကောင်းတဲ့အခါကျ တချို့လူတွေက ဝိတ်လျှော့တဲ့အခါကျတော့ ဈေးကောင်းကောင်းနဲ့ ပြန်ရောင်းချင်တော့ ရောင်းတဲ့သူများလာတာ။ ဝယ်တဲ့သူတွေက လောလောဆယ် ငွေရေးကြေးရေးက အပြင်မှာငွေသားတွေမရှိတော့ ရွှေကလည်းမလှုပ်တဲ့အခါကျ မြေဘက်ကိုသိပ်ပြီး မကြည့်ကြဘူး။ ရွှေက နည်းနည်းငြိမ်တယ်လေ။ ရွှေဈေးတွေ ငြိမ်တဲ့အခါကျ လူတွေကမလှုပ်ခတ်ဘူး၊ အဲဒီတော့ မြေဘက်ကိုမလှည့်ကြဘူး”လို့ သူကပြောပါတယ်။
ရွှေနဲ့ ဒေါ်လာဈေးတွေ မငြိမ်သက်ဘဲ မကြာခဏအပြောင်းအလဲဖြစ်ပေါ်တဲ့ ကာလတွေမှာ ပေ ၄၀-၆၀ မြေကွက် ၆ ခုလောက်ဟာ တစ်လတစ်ခါ ဒါမှမဟုတ် နှစ်လတစ်ခါ အရောင်းထွက်ပေမယ့် လက်ရှိမှာတော့ နှစ်လနီးပါးလောက်အထိ မြေကွက်တွေ ဝယ်သူမရှိသလောက် ဖြစ်နေတယ်လို့ အကျိုးဆောင်တွေက ဆိုပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း အခေါက်ရွှေတစ်ကျပ်သား သိန်း ၃၀ ကျော်နဲ့ အမေရိကန်တစ်ဒေါ်လာ ကျပ် ၄၀၀၀ ကျော်အထိ မြင့်တက်ခဲ့ပြီးနောက် မြန်မာ့ငွေကြေးတန်ဖိုးကျဆင်းသွားတဲ့အတွက် ငွေသားတွေကို လက်ထဲမထားချင်တာ၊ ဘဏ်တွေကို အယုံအကြည်မရှိတာတွေကြောင့် အိမ်ခြံမြေတွေအပေါ်ဝယ်ယူစုဆောင်းမှုတွေ ပြုလုပ်ခဲ့ကြတာပါ။
နောက်ထပ် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးကလည်း ပွင့်လင်းရာသီအစ သီတင်းကျွတ်ကာလတွေမှာ တစ်လကို မြေကွက် ၅ ကွက်ထက်မနည်း အရောင်းအဝယ်ဖြစ်ခဲ့ပေမယ့် အခုလမှာတော့ မြေကွက် အရောင်းအဝယ်တည့်ဖို့ မရှိသလောက် ဖြစ်နေတယ်လို့ ဆိုပါတယ်။
ဒါဟာ ရွှေနဲ့ ဒေါ်လာဈေး ငြိမ်သက်မှုအပြင် နိုင်ငံတော်ကနေ ဝင်ငွေ၊ ရငွေ၊ ရောင်းငွေတွေနဲ့ ပတ်သက်တဲ့ အခွန်ဆိုင်ရာဥပဒေကို လာမယ့်နှစ်ဆန်းပိုင်းမှာ စတင်ကျင့်သုံးတော့မှာဖြစ်တဲ့အတွက် အိမ်ခြံမြေ အရောင်းအဝယ်အေးရတဲ့ အကြောင်းအရင်းတစ်ရပ်လို့ သူက ဆိုပါတယ်။
“ရွှေဈေးတွေလည်း ငြိမ်နေတယ်၊ ငွေဈေးတွေလည်း ငြိမ်နေတဲ့အခါကျတော့ အရောင်းအဝယ်လှုပ်ခတ်မှု သိပ်မရှိဘူးပေါ့။ နောက်တစ်ချက်ကလည်း အခွန်က ၂၀၂၃ တစ်ရက်နေ့မှာစမယ်ဆိုတဲ့အခွန်က ကြီး ကြပ်မှုဘာညာလုပ်မယ်ဆိုတော့ လူတွေက အဲဒါတွေလည်းပါလိမ့်မယ်လို့ ထင်တာပေါ့၊ အရောင်းအဝယ်အေးရတဲ့ အကြောင်းအရင်းကတော့။ အခုက ကျွန်တော်တို့မှာတစ်ချို့က အောက်ခြေစာချုပ်တွေနဲ့ပဲ အရောင်းအဝယ်တွေလုပ်ကြတော့ အဲဒါမျိုးတွေကို အစိုးရကတရားဝင် စာရွက်စာတမ်းနဲ့ အရောင်းအ ဝယ်တွေလုပ်ဖို့ အဲဒီလိုမျိုးညွှန်ကြားချက်တွေ သူတို့ထုတ်မှာပေါ့”လို့ အကျိုးဆောင်က ပြောပါတယ်။
စစ်ကောင်စီရဲ့ ပြည်တွင်းအခွန်များဦးစီးဌာနကနေ လာမယ့်နှစ် ဇန်နဝါရီ (၁) ရက်နေ့ကစပြီး အခွန်ရှောင်သူတွေကို အရေးယူသွားမယ်လို့ အများပြည်သူများသိရှိလိုက်နာရန်ဆိုတဲ့ သတ်မှတ်ချက်ကို ပြီးခဲ့တဲ့ နိုဝင်ဘာ (၁၆) ရက်နေ့မှာ ထုတ်ပြန်ခဲ့တာပါ။
အဲဒီထဲမှာဆိုရင် ဝင်ငွေရငွေနဲ့ ရောင်းရငွေတို့ကို လျော့နည်းဖော်ပြတာ၊ သက်သာခွင့်တွေကို လိမ်လည်တောင်းခံတာ၊ တန်ဖိုးလျော့ငွေတွေကို မရိုးမဖြောင့်တဲ့နည်းနဲ့ တောင်းခံတာ၊ စာရင်းအထောက်အထားတွေ မှားယွင်းတင်ပြတာ စတဲ့အချက်တွေကို ပေါ့ဆမှု ဒါမှမဟုတ် မရိုးမဖြောင့်တဲ့ ရည်ရွယ်ချက်နဲ့ အခွန်လျော့နည်းပေးဆောင်ကြောင်း မှတ်ယူမယ်လို့ ဖော်ပြထားတာပါ။
အခွန်ဆိုင်ရာဥပဒေတွေကို ဖောက်ဖျက်ကျူးလွန်တာ ဒါမှမဟုတ် အခွန်ဆိုင်ရာ ပျက်ကွက်မှုတစ်ရပ်ရပ်ကြောင့် နိုင်ငံတော်ရဲ့အခွန်ဘဏ္ဍာငွေဆုံးရှုံးမှု ပမာဏများပြားတာတွေကို အခွန်တိမ်းရှောင်တာလို့ မှတ်ယူပြီး ရာဇဝတ်ကြောင်းအရ အရေးယူမှုနဲ့ငွေဒဏ်ချမှတ်တာတွေ ခံရမှာဖြစ်တယ်လို့ သတိပေးထားတာပါ။
အိမ်ခြံမြေအကျိုးဆောင်တွေကတော့ နိုင်ငံရေးမတည်ငြိမ်မှုကြောင့် စီးပွားရေးမပြေလည်မှုနဲ့အတူ လာမယ့်နှစ်မှာလည်း အခွန်ဆိုင်ရာဥပဒေတွေ စတင်ကျင့်သုံးတာတွေရှိနေတဲ့အပြင် ရွှေနဲ့ ဒေါ်လာဈေးနှုန်း ပြောင်းလဲမှုပေါ်မူတည်ပြီး ရှေ့လျှောက် အိမ်ခြံမြေ အရောင်းအဝယ်အခြေအနေ ဘယ်လိုဖြစ်မလဲဆိုတာ မခန့်မှန်းနိုင်ဘူးလို့ ဆိုကြပါတယ်။
သတင်း -သံလွင်တိုင်းမ်