ကော့ကရိတ်၊ ဒီဇင်ဘာ(၂၀)
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၆)ထိန်းချုပ်နယ်မြေ ကော့ကရိတ်မြို့နယ်ထဲမှာ ပြီးခဲ့တဲ့ရက်ပိုင်ကစပြီးKNLA ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲတွေ ပိုမိုပြင်းထန်လာသလို စစ်ကောင်စီဘက်ကလည်း လက်နက်ကြီးအပြင် လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ (၁၆)ရက်နေ့ကစပြီး ကော့ကရိတ်မြို့နယ်လှိုင်ဝမှာရှိတဲ့ စစ်ကောင်စီ ခလရ(၂၃၁)တပ်စခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ရာကနေ နှစ်ဖက်တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့ပြီး အဲဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က အရာရှိအဆင့်အပါအဝင် (၇)ဦး သေဆုံးခဲ့ပြီး (၉)ဦး ထက်မနည်းဒဏ်ရာရရှိခဲ့တယ်လို့ KNLA ပူးပေါင်းအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ကျားဖြူစစ်ကြောင်းက သတင်းထုတ်ပြန်ထားပါတယ်။
အဲဒီတိုက်ပွဲပြီးနောက် စစ်ကောင်စီဘက်က အင်အားထပ်မံတိုးချဲ့လာတာကြောင် ဒီကနေ့ ဒီဇင်ဘာ(၁၉) ရက်နေ့မှာလည်း ကော့ကရိတ်မြို့နယ် အာရှလမ်းမအနီး၊ ကော့နွဲကျေးရွာဘက်ခြမ်းမှာ နှစ်ဖက်တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာ ဖြစ်ပါတယ်။
အဲဒီတိုက်ပွဲကြောင့် ကော့ကရိတ်မြို့အဝင်တံတားကျိုးဂိတ်ကို စစ်ကောင်စီဘက်က ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားသလို ဒေသခံတွေကလည်း နေအိမ်အတွင်းပုန်းခိုနေရပါတယ်။
နှစ်ဖက်တိုက်ပွဲအခြေအနေနဲ့ ပတ်သက်ပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့ထံ သံလွင်တိုင်းမ်က ဆက်သွယ်မေးမြန်းနေပေမယ့် လက်ရှိအချိန်ထိ ဆက်သွယ်လို့မရသေးပါဘူး။
ကော့ကရိတ်မြို့နယ် တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်က ကျေးရွာတွေထဲလက်နက်ကြီးပစ်ခတ်မှုနဲ့ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တာကြောင့် ဒေသခံတွေရဲ့ နေအိမ်တွေထိခိုက်ပျက်စီးထားပြီး အရေအတွက်ကိုတော့ ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။
သတင်း -သံလွင်တိုင်းမ်