တိုင်းပြည်အာဏာကို လက်နက်အားကိုးနဲ့ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် နိုင်ငံအနှံ့က ပြည်သူအများဟာ လမ်းတွေပေါ်တက် ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။ မတရားမှုကို ဆန့်ကျင်ရာမှာ ပညာရေး၊ ကျန်းမာရေး၊ မီးရထားကဲ့သို့သော ပို့ဆောင်ရေးကဏ္ဍက ဝန်ထမ်းတွေနဲ့ တခြားဝန်ကြီးဌာန အသီးသီးက ဝန်ထမ်းတွေကလည်း အကြမ်းမဖက် အာဏာဖီဆန်မှု CDM လှုပ်ရှားမှုမှာ ပါဝင်လာခဲ့ကြပါတယ်။

လက်နက်ကိုင် စစ်အာဏာရှင်ကို တော်လှန်ရာမှာ ပညာရေးဌာနက နွယ်နီတစ်ယောက်လည်း ပါဝင်လာခဲ့ပြီး မြေဖြူကိုင်တဲ့လက်နဲ့ CDM လှုပ်ရှားမှုမှာပါဝင်တိုက်ပွဲဝင်ခဲ့ပါတယ်။ စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်မှာ ပညာရေးဝန်ထမ်းတစ်ယောက် CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့တာဟာ အင်မတန်မှ အန္တရယ်များတဲ့ အခြေအနေပါ။ ဒါပေမယ့် CDM လုပ်ဖို့ နွယ်နီ ရဲရဲဝံ့ဝံ့ ဆုံးဖြတ်ခဲ့ပါတယ်။

ဒါပေမယ့် နွယ်နီ မရဲမဝံ့ဖြစ်နေတာက လက်နက်ကိုင် စစ်အာဏာရှင်တို့ရုံးစိုက်ရာ နေပြည်တော်မှာ ဆက်လက်နေထိုင်ဖို့ပါပဲ။ “သေရဲတဲ့ကောင်တွေ ထွက်ခဲ့” လို့ ပြည်သူကို စိန်ခေါ်ခဲ့ပြီး မနွယ်နီ နေထိုင်ရာ နေပြည်တော်မှာ မမြသွဲ့သွဲ့ခိုင်ကို လက်နက်ကိုင်တပ်တွေက ပစ်သတ်လိုက်ချိန်မှာတော့ မနွယ်နီတစ်ယောက် ဒုတိယအကြိမ် ဆုံးဖြတ်ချက် တစ်ခုခု ချဖို့ဖြစ်လာပါတော့တယ်။

ဝန်ထမ်းတစ်ယောက်ဖြစ်တာကြောင့် မိမိရဲ့ ကိုယ်ရေးအချက်အလက်တွေ စစ်ကောင်စီကရသွားနိုင်ပြီး အချိန်မရွေး အန္တရာယ်ကျရောက်လာနိုင်တာကြောင့် အာဏာရှင်တွေ ခြေကုပ်ယူထားတဲ့ နေပြည်တော်ကို စွန့်ခွာဖို့ နွယ်နီ ဆုံးဖြတ်လိုက်ပါတော့တယ်။

စာသင်တာကို အရမ်းဝါသနာပါလို့ ဆရာမဖြစ်ဖို့ နှစ်များစွာ ကြိုးစားခဲ့ရသူ …

လုံခြုံရေးတပ်ဖွဲ့တွေ အထပ်ထပ်တိုးမြှင့်ထားတဲ့ စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော် ကောင်စီနယ်မြေကနေ တနင်္သာရီတိုင်း၊ ထိုင်း-မြန်မာ နယ်စပ်ဖြတ်ကျော်ပြီး တရားမဝင်လမ်းကြောင်းကနေ ထိုင်းနိုင်ငံကို နွယ်နီ ဝင်ရောက်လာခဲ့ပါတယ်။ သူတစ်ပါးနိုင်ငံမှာ ရပ်တည်နိုင်ဖို့ အလုပ်တစ်ခုရှိမှ အဆင်ပြေနိုင်တာမို့ မနွယ်နီ အလုပ်ရဖို့ ကြိုးစားပေမယ့်လည်း အရာမရောက်သေးပါဘူး။

အခုဆိုရင် မြန်မာရွှေ့ပြောင်းလုပ်သားတွေ အများဆုံးရှိတဲ့ အိမ်နီချင်းထိုင်းနိုင်ငံကို နွယ်နီ ရောက်ရှိနေတာ သုံးလကျော် ရှိပါပြီ။ စက်ရုံတွေမှာ အလုပ်ရဖို့ ချိတ်ဆက်ကြိုးစားပေမယ့် အထောက်အထား မပြည့်စုံတဲ့အတွက် အခုထက်ထိတော့ အလုပ်မရသေးပါဘူး။

“အခုချိန်ထိ တက်လာတဲ့ CDM အဖွဲ့ အလုပ်မရကြသေးဘူး။ ကိုယ့်နိုင်ငံ အဆင်မပြေလို့ သူများနိုင်ငံလာပါတယ်ဆိုမှ ပထမ ချိတ်ထားတဲ့ အလုပ်က အလိမ်ခံထိတော့ နောက်ထပ် အလုပ်ထပ်ချိတ်တယ်။ အလုပ်ရမယ်လို့ ပြောတယ်၊ ထပ်အလိမ်ခံရတယ်” လို့ နွယ်နီက သံလွင်တိုင်းမ်ကို ပြောပြပါတယ်။

တစ်ကယ်တော့ နွယ်နီတို့လို ပညာရေးဝန်ထမ်းတွေဟာ စစ်ဗိုလ်အရာရှိတွေလို လုပ်ပိုင်ခွင့်နဲ့ လစာ များများစားစား ရရှိတာမဟုတ်ပါဘူး။ ဒါပေမယ့် ဒီကနေ့ စစ်အုပ်ချုပ်ရေးအောက်မှာ တာဝန်မထမ်းဆောင်လိုတဲ့အတွက် ရဲရင့်ပြတ်သားတဲ့ ရပ်တည်ချက်နဲ့ ဘဝတိုက်ပွဲကို ရောက်ရှိရာ အရပ်တွေကနေ တွန်းလှန်ရင်ဆိုင်နေကြပါတယ်။ တစ်ဝမ်းတစ်ခါးအတွက် ကြုံရာကျပမ်းအလုပ်တွေကို ဝင်လုပ်ရင်း စိတ်မလုံခြုံမှုတွေဟာ ဒီကနေ့အထိ ဆက်ရှိနေပေမယ့် ဓမ္မနဲ့ အဓမ္မတိုက်ပွဲမှာ လောကဓံကို ကြံ့ကြံ့ခံ ရင်ဆိုင်မယ်လို့ နွယ်နီက ပြောပါတယ်။

“CDM တွေက ခက်ခဲတာ မှန်ပေမယ့် ထောင့်ခံကြတယ်။ဘယ်သူမှ တာဝန်ပေးထားတာ မဟုတ်ဘူး၊ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ် လုပ်တယ်၊ လုပ်ရမယ့် တာဝန်မို့လို့ လုပ်တယ်။ဒီလိုလုပ်လိုက်လို့ အခက်အခဲရှိတယ်၊ ဖြတ်ကျော်တယ်၊ ရင်ဆိုင် ရှင်သန်မယ်” လို့ နွယ်နီက ဆိုပါတယ်။

တရားခံပြေးတစ်ယောက်လို စွန့်စားခဲ့ရတဲ့ ခရီးကြမ်း

နွယ်နီဟာ စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်ကောင်စီနယ်မြေမှာ အခြေခံပညာ ကျောင်းတစ်ကျောင်းရဲ့ ရုံးပိုင်း စာရေးဘဝကနေ အရမ်းဝါသနာပါတဲ့ ကျောင်းဆရာမအလုပ်ကို ရဖို့ အတော်လေး ကြိုးစားခဲ့ရသူပါ။ ဒါပေမယ့် စစ်တပ်အာဏာသိမ်းမှုကြောင့် CDM လှုပ်ရှားမှုမှာ ပါဝင်တဲ့အတွက် လုပ်သက် နှစ်နှစ်ဝန်းကျင်မှာပဲ ကျောင်းဆရာမဘဝကို စွန့်လွှတ်ဖို့ ရွေးချယ်ခဲ့ပါတယ်။

အခုဆိုရင် နွယ်နီတစ်ယောက် ကျောင်းဆရာမအလုပ်ကို စွန့်ခွာခဲ့တာ တစ်နှစ်ခွဲကျော်ကြာခဲ့သလို ကလေးတွေရဲ့ စာအော်သံတွေ၊ ကျောင်းစာသင်ခန်းတွေနဲ့ အလှမ်းဝေးခဲ့တာ ရက်ပေါင်း ရာနဲ့ချီနေပါပြီ။ နေပြည်တော်မှာ CDM ပြုလုပ်သူတွေ အလွန်နည်းပါးတဲ့အတွက် စိတ်မလုံခြုံမှုတွေကြောင့် အခြားရွာတွေမှာ လဝက်လောက် သွားရှောင်နေတာမျိုး ရှိခဲ့ပြီး နောက်ဆုံးမှာ‌တော့ ထိုင်းနိုင်ငံကို သွားရောက်ဖို့ တွန်းပို့ခဲ့ပါတယ်။

“ကျွန်တော်တို့ က CDM ပဲ လုပ်တာလေ၊ ဘာမှ အကြမ်းဖက်တာမျိုးလည်း မရှိဘူး။ အလုပ်မသွားဘူးလောက်ပဲ ရှိတယ်။ တစ်ခြားနည်းလမ်းနဲ့ ရှင်သန်မယ်ဆိုလည်း ကန့်သတ်ထားတာ ရှိတယ်၊ ရှင်သန်ခွင့်မပေးဘူး” လို့ နွယ်နီက ပြောပါတယ်။

ထိုင်းနိုင်ငံမှာရှိတဲ့ သူငယ်ချင်းရဲ့ ချိတ်ဆက်မှုနဲ့ တရားဝင်လမ်းကြောင်းကနေ သွားရောက်ဖို့ စဉ်းစားခဲ့ပေမယ့် CDM လှုပ်ရှားမှုမှာ ပါဝင်နေတဲ့အတွက် စစ်အုပ်စုရဲ့ စောင့်ကြည့်ဖမ်းဆီးမှုတွေ အချိန်မရွေးခံရနိုင်တာကြောင့် အောက်လမ်းကနေ သွားဖို့ ဖြစ်လာခဲ့ပါတယ်။

နွယ်နီနဲ့အတူ CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြတဲ့ ပညာရေးဝန်ထမ်း အသိမိတ်ဆွေတစ်ချို့နဲ့အတူ နေပြည်တော်ကနေ ရန်ကုန်အထိ စစ်ဆေးရေးဂိတ်တွေကို အဆင့်ဆင့် ဖြတ်ကျော်ပြီး စွန့်စားခရီး စတင်ခဲ့ပါတယ်။ ရန်ကုန်ကနေတစ်ဆင့် တနင်္သာရီတိုင်းကို ဆင်းပြီး ကားတစ်တန်၊ လှေတစ်တန် ခြေကျင်လျှောက်လိုက်၊တောင်ပေါ် တက်လိုက်နဲ့ ပုန်းလျှိုးကွယ်လျှိူး ဘုရားတရင်း ထိုင်းကို ရောက်လာခဲ့ရတာလို့ နွယ်နီက ဆိုပါတယ်။

“တရားခံပြေး ပြေးနေရသလိုပဲ။ တစ်ဂိတ်ရောက်တာနဲ့ ဘုရားတ၊ တစ်ဂိတ်ရောက်တာနဲ့ ဘုရားတ။ ငါတို့ တော့ ဖမ်းမိရင်တော့ သေပြီ။ ဟို(ထိုင်း) မရောက်ရင်တောင် ဒီအတိုင်းလမ်းမှာတင် အဖမ်းခံရနိုင်တာကိုး။ CDM လုပ်ထားတာ တစ်ခုနဲ့တင် မိန်းကလေးတွေဖြစ်တဲ့အတွက် ကြောက်တာပေါ့” လို့ နယ်စပ်ဖြတ်ကျော်ခဲ့တုန်းက အတွေ့အကြုံတွေကို ပြောပြပါတယ်။

ဉာဏ်လင်းသစ်အဖွဲ့ရဲ့ CDM ဝန်ထမ်း ၄၀၀ ကျော်ကို မေးမြန်းကောက်ယူထားတဲ့ စစ်တမ်းတွေအရ CDM ပြုလုပ်သူတွေဟာ နေအိမ်ကနေ စွန့်ခွာထွက်ပြေးရတာ၊ လျှို့ဝှက်စွာ နေထိုင်ရတာ၊ အိမ်နီးချင်းနိုင်ငံတွေမှာ နယ်စပ်ဖြတ်ကျော် တရားမဝင်နေထိုင်ရတဲ့အတွက် အလုပ်အကိုင် မလုပ်နိုင်တာ ရှိတယ်လို့ ဆိုပါတယ်။

ထိုင်းနယ်စပ်ဖြတ်ကျော်ကူးဖို့အတွက် မနွယ်နီတို့ လှေဆိပ်မှာ စောင့်ဆိုင်းခဲ့ကြပုံ …

တိတ်ဆိတ်သွားတဲ့ ကြွေးကြော်သံများ

၂၀၂၁ ခုနှစ် နွေဦးပေါက်ရာသီမှာ အရောင်အသွေးစုံလင်တဲ့ သောင်းချီလူထုတွေရဲ့ “ရုံးမတက်နဲ့ ရုန်းထွက်၊ အာဏာရှင်ကို ဖြုတ်ဖို့ရာ ဝန်ထမ်းတွေက အဓိကပါ” စတဲ့ ကြွေးကြော်သံတွေနဲ့ အာဏာရှင်ကို တော်လှန်ဖို့ ကြွေးကြော်ခဲ့ကြပါတယ်။

ဒီကြွေးကြော်သံဟာ စစ်အာဏာရှင်စနစ်ကို အံ့တုတဲ့ ဆန္ဒပြပွဲတွေ အားကောင်းချိန်တုန်းက နိုင်ငံ့ဝန်ထမ်းတွေရဲ့ ရပ်တည်ချက်၊ ခံယူချက်အပေါ် စည်းရုံးသိမ်းသွင်းနိုင်ခဲ့တယ်ဆိုတာ မလွဲဧကန်ပါ။ စစ်တပ်အာဏာသိမ်းခါစ ၂၀၂၁ ခုနှစ် နွေဦးကာလမှာ စစ်အုပ်ချုပ်ရေးယန္တရားကို ရပ်တန့်ပစ်ဖို့ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ သိန်းချီ နိုင်ငံဝန်ထမ်းတွေ ပါဝင်လာခဲ့ကြပြီး လုပ်ငန်းခွင်ကို စွန့်ခွာခဲ့ကြပါတယ်။

နွေဦးတော်လှန်ရေး အစောပိုင်းကာလတွေမှာ လူထုအပါအဝင် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ အဖွဲ့အစည်းအသီးသီးဟာ CDM လှုပ်ရှားမှုမှာ ပါဝင်ကြသူတွေကို ထောက်ပံ့ပေးဖို့ လှုံ့ဆော်ခဲ့ကြတာလည်း ရှိပါတယ်။ ပြည်သူ့ရေးရာကော်မတီရဲ့စာရင်းတွေအရ ၂၀၂၂ ခုနှစ် ဇန်နဝါရီလကနေ စက်တင်ဘာလအထိ CDM ဝန်ထမ်း ၂၄၀၀ ကျော်အတွက် ကျပ်ငွေ သိန်း ၁၅၀၀ ထောက်ပံ့မှုပေးခဲ့တယ်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က အောက်တိုဘာ ၁ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

ပြည်သူ့ရေးရာကော်မတီအနေနဲ့ နိုင်ငံတကာ အလှူရှင်တွေရဲ့ လှူဒါန်းငွေတွေ၊ Ahlu Shin Application နဲ့ Spring Legends YouTube Channel တို့ရဲ့ ကြော်ငြာတွေက ရရှိတဲ့ ဝင်ငွေတွေနဲ့ အမှန်တကယ် လိုအပ်နေတဲ့ CDM တွေရဲ့ အရေးပေါ်ကိစ္စရပ်တွေကို ကူညီပံ့ပိုးပေးနေတာလို့ ဆိုပါတယ်။

စစ်အာဏာသိမ်းမှုကြောင့် ကျပ်ငွေတန်ဖိုးကျဆင်းမှုနဲ့အတူ ချွတ်ခြုံကျလာနေတဲ့ တိုင်းပြည်စီးပွားရေးဟာ လူထုတွေကိုယ်၌ ရှင်သန်ရပ်တည်ဖို့ ရုန်းကန်နေရတဲ့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေနဲ့လည်း ပြည်ပအလှူရှင်တွေကိုပဲ အားကိုးနေရတာပါ။

ချင်းတောင်တန်းရှိ CDM ကျောင်းဆရာမကတော့ “CDM လုပ်ကတည်းကနေ အခုချိန်ထိ စားဝတ်နေရေးက အပြင်အလုပ်ရှာဖို့ လုံးဝမလွယ်ဘူး။လောလောဆယ် နေ့စားတောင်မှ မရှိဘူး။ ဆိုတော့ စားဝတ်နေရေးဖြေရှင်းဖို့ အရမ်းခက်ခဲတယ်။ CDM စလုပ်ကတည်းက အဲဒါကြီးကို ကြိုသိတယ်။ဒါပေမယ့် ကိုယ့်ခံယူချက်နဲ့ ကိုယ်ပေါ့” လို့ ဆိုပါတယ်။ ဉာဏ်လင်းသစ်အဖွဲ့ရဲ့ ကောက်ယူထားတဲ့ စစ်တမ်းတွေအရ CDM တွေ ကြုံတွေ့နေရတဲ့ အဓိက ပြဿနာနှစ်ရပ်မှာ စားဝတ်နေရေးဆိုင်ရာ အခက်အခဲတွေနဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ဖြစ်တယ်လို့ CDM အယောက် ၄၀၀ က ဖြေဆိုထားကြပါတယ်။

အရာရာကို စွန့်လွှတ်စွန့်စားခဲ့တဲ့ CDM သမားတွေဟာ တော်လှန်ရေးကာလ ရှည်ကြာလာတာနဲ့အမျှ “ရုံးမတက်နဲ့ ဝန်ထမ်းတွေ အိမ်မှာနေပါ ဇိမ်နဲ့ ဇိမ်နဲ့ “ကြွေးကြော်သံတွေလည်း လက်တွေ့မှာတော့ တိတ်ဆိတ်သွားခဲ့ရပါပြီ။

စွန့်လွှတ်စွန့်စား ပြည်သူ့ သူရဲကောင်းများ

စစ်အုပ်စုဟာ ဆန္ဒပြပွဲတွေနဲ့ CDM မှာ ပါဝင်ခဲ့ကြတဲ့ နိုင်ငံ့ဝန်ထမ်းတွေကို ပစ်ခတ်တာ၊ ဖမ်းဆီးတာ၊ အလုပ်ကနေ ထုတ်ပယ်တာ၊ ဝန်ထမ်းအိမ်ရာကနေ အဓမ္မပြောင်းရွှေ့ခိုင်းတာ စတဲ့ နည်းမျိုးစုံသုံးပြီး ဖိနှိပ်မှုတွေ လုပ်ဆောင်ခဲ့တာပါ။

CDM ပညာရေးဝန်ထမ်းတွေကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က) အပြင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည) နဲ့ ၅၂ (က) စတဲ့ ပုဒ်မတွေနဲ့ တရားစွဲ အရေးယူတာရှိသလို ကိုဗစ်ကာလ ချေးငွေတွေ ပြန်ဆပ်ဖို့နဲ့ မိသားစုဝင်တွေကိုပါ ဖမ်းဆီးတဲ့အထိ စစ်အုပ်စုရဲ့ ခြိမ်းခြောက်မှုတွေလည်း ရှိခဲ့ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ စောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စာရင်းတွေအရ အာဏာသိမ်းချိန်ကစပြီး ဒီဇင်ဘာ ၂ ရက်နေ့အထိ ပညာရေးဝန်ထမ်းပေါင်း ၃၃ ဦး သေဆုံးခဲ့ရပါတယ်။ဒါ့အပြင် ပညာရေးဝန်ထမ်း ၂၀၀ ကျော်လည်း ဖမ်းဆီးခံထားရပြီး CDM ဆရာ၊ဆရာမ ၈၄ ဦး ပါဝင်ပါတယ်။

ဒီလိုမျိုး စစ်အုပ်စုရဲ့ ဖိနှိပ်မှုတွေရှိနေပေမယ့် နိုင်ငံတွင်း ရုန်းကန်ရှင်သန်ရင်း စစ်အုပ်စုလက်အောက်ခံ အစိုးရကျောင်းတွေဆီ မတက်ရောက်တဲ့ မူလတန်းအရွယ် ကလေးတွေကို စာတတ်မြောက်စေချင်တဲ့အတွက် ရတဲ့အချိန်တွေမှာ စာသင်ကြားပေးနေသူတွေလည်း ရှိနေပါတယ်။

အဲဒီထဲက တတ်မြောက်ထားတဲ့ ပညာနဲ့ ကလေးတွေကို စေတနာ့ဝန်ထမ်းအဖြစ် ချင်းတောင်တန်းတစ်နေရာမှာ စာသင်ပေးနေတဲ့ CDM ကျောင်းဆရာမက သူ့ရဲ့ ရပ်တည်ချက်ကို အခုလို ဆိုပါတယ်။ “သူများတွေက အသက်ကိုတောင် ရင်းထားတာ၊ အနာဂတ်ကိုရင်းထားတာ ကိုယ်တွေကျတော့ ဒီဟာလေး ကိုယ်တတ်နိုင်တဲ့ဘက်က အုတ်တစ်ချပ်၊သဲတစ်ပွင့် အဲဒီလိုပုံစံပဲ ခံယူထားတယ်” လို့ သူက ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ CDM မှာ ပါဝင်ခဲ့ကြသူတွေဟာ အန္တရာယ်၊ အခက်အခဲ အမျိုးမျိုးကြားက အသက်မွေးဝမ်းကျောင်းအလုပ်ကို စွန့်လွှတ်ပြီး ပြည်သူ့ဘက် မားမားမတ်မတ် ရပ်တည်ပေးခဲ့ကြတဲ့အတွက် နိုင်ငံနဲ့ ပြည်သူအပေါ် သစ္စာစောင့်သိတဲ့ သူရဲကောင်းတွေအဖြစ် နိုဝင်ဘာ ၁၅ ရက်နေ့က မှတ်တမ်းတင် ကြေညာခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရက နိုင်ငံနဲ့ ပြည်သူအပေါ် သစ္စာစောင့်သိတဲ့ ပြည်သူ့သူရဲကောင်းတွေအဖြစ် CDM တွေကို သတ်မှတ်ဂုဏ်ပြုခဲ့ပါတယ် ..

ပညာရေးဝန်ထမ်း CDM တွေဟာ စာသင်ကြားခြင်း ပရောဖက်ရှင်နယ်အလုပ်ကို စွန့်လွှတ်ခဲ့ရတာ နောင်တမရတဲ့အပြင် တော်လှန်ရေးအတွက် တတ်နိုင်တဲ့ဘက်က ထောက်ပံ့ပေးချင်ကြတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

တစ်ဖက်မှာလည်း လူငယ်တွေ စစ်အာဏာရှင်စနစ်ဖြုတ်ချရေးမှာ အသက်ပေးတိုက်ပွဲဝင်နေတဲ့အပေါ် အလုပ်တစ်ခုတည်းကို စွ့န်လွှတ်လိုက်ရတဲ့ CDM ဝန်ထမ်းတွေအဖို့ စိတ်ပျက်စရာမရှိဘဲ ရှေ့ဆက်အားတင်းထားတယ်လို့ ဆိုပါတယ်။

“သူတို့လည်း ပိုကောင်းတဲ့အနာဂတ်ကို ရချင်လို့ပဲ ရင်းခဲ့ရတာလေ။ကိုယ်တွေက ဘာမှစိတ်ပျက်စရာမရှိဘူး။ အမျိုးသမီးတစ်ယောက်ဖြစ်တဲ့အတွက် အမျိုးသမီးတိုင်း ရသင့်တဲ့ အခွင့်အရေးမျိုး ရလာတဲ့အချိန်ထိ အားတင်းထားတယ်၊ ရှေ့ဆက်ဖြစ်တယ်” လို့ CDM ကျောင်းဆရာမက ပြောပါတယ်။

မြတ်နိုးတန်ဖိုးထားတဲ့ အလုပ်ကို ဓမ္မအတွက် စွန့်လွှတ်စွန့်စားခဲ့ကြတဲ့ CDM ဝန်ထမ်းတွေဟာ ရောက်ရာနေရာတွေမှာ တော်လှန်ရေးအတွက် တစ်ထောင့်တစ်နေရာကနေ ပါဝင်ကူညီနိုင်ဖို့ စိတ်အားထက်သန်ကြသူတွေပါ။

လောကဓံရိုက်ချက်နဲ့ စစ်အုပ်စုရဲ့ ဖိနှိပ်မှုတွေကြား အခက်အခဲတွေကို ရင်ဆိုင်ကျော်လွှားရင်း ပိန်းပိတ်နေတဲ့ အမှောင်ခန်းထဲကနေ မျှော်လင့်ချက် ရောင်ခြည်တစ်မျှင်အတွက် ဖောက်ထွက်ခဲ့ကြသူတွေပဲ ဖြစ်ပါတယ်။

လာမယ့်နှစ်သစ်မှာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ စက်ရုံလုပ်ငန်းခွင်တစ်ခုမှာ အလုပ်ရဖို့ ကြိုးပမ်းနေတဲ့ နွယ်နီကတော့ ရှေ့ဆက်မယ့် မနက်ဖြန်အတွက် အားမာန်အပြည့်နဲ့ အခုလို ပြောပါတယ်။

“ကိုယ်လုပ်တဲ့အရာကို နောင်တမရဘူး ။ဘယ်လောက်ကြီး ခက်ခက် ရုန်းကန်မယ်။ စိတ်ဓာတ်ကျနေရင်တောင် ကျွန်တော့်မေမေက ‘အားတင်းထား ဖိုက်တင်း’ အမြဲတမ်းပြောတယ်။ ကောင်းတာတွေ ကြာကြာရှိမနေသလို ဆိုးတာတွေလည်း ကြာကြာမဖြစ်ဘူး။ ဒါကြီးက တစ်ဒင်္ဂအခိုက်အတန့်ဖြစ်တယ်” လို့ နွယ်နီက ဆိုလိုက်ပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.