ဒီပဲယင်း ၊ ဒီဇင်ဘာ (၁၈)

မြန်မာနိုင်ငံအထက်အညာဒေသဖြစ်တဲ့ စစ်ကိုင်းတိုင်းနဲ့မကွေးတိုင်းတို့မှာ နေအိမ်မီးရှို့ဖျက်ဆီးခံရတာတွေ နေ့စဉ်နဲ့အမျှ အရေအတွက်တိုးလာနေတဲ့အတွက် အိုးအိမ်မဲ့မီးဘေးသင့်၊ စစ်ဘေးရှောင်ပြည်သူတွေဟာ ဘဝရပ်တည်ဖို့ ပိုမိုခက်ခဲလာကြတယ်လို့ စစ်ရှောင်အရေးကူညီပေးနေသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အိုးအိမ်မဲ့ဒေသခံပြည်သူတွေမှာ ယာယီတဲတွေအပြင် စားသောက်ရေး၊ အဝတ်အစား၊ အနွေးထည်၊ ခြင်ထောင်နဲ့ စောင်အပါအဝင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ အရေးတကြီး လိုအပ်နေတာပါ။

အိုးအိမ်မဲ့ပြည်သူတွေဟာ နီးစပ်ရာ စာသင်ကျောင်းတွေနဲ့ ဘုန်းကြီးကျောင်းတွေမှာ ယာယီခိုလှုံကြသူတွေရှိသလို နေရပ်စွန့်ခွာရတဲ့ အိုးအိမ်မဲ့ပြည်သူတွေကတော့ တောထဲတောင်ထဲ ထွက်ပြေးတိမ်းရှောင်ရတာတွေလည်း ရှိနေတာဖြစ်ပါတယ်။

ဒီဇင်ဘာလဆန်းကနေ ၁၁ ရက်နေ့အထိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် စစ်ကိုင်း တိုင်း၊ ဒီပဲယင်းမြို့နယ်က ကျေးရွာ ၂၀ နီးပါးရှိ နေအိမ် ၁၇၀၀ ကျော် မီးလောင်ပြာကျခဲ့ရတယ်လို့ ဒီပဲယင်းမြို့နယ်၊ စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

အဲဒီထဲမှာ ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးခံထားရတဲ့ ကျေးရွာတစ်ရွာက နေအိမ်ပြာပုံအတိ ဖြစ်သွားခဲ့ရတဲ့ ဒေသခံအမျိုးသမီးတစ်ဦးကတော့ လတ်တလော ရင်ဆိုင်နေရတဲ့ ဆင်းရဲဒုက္ခတွေနဲ့ပတ်သက်ပြီး အခုလို ပြောပါတယ်။

“တစ်ဦးနဲ့တစ်ဦး မကူညီနိုင်ကြတော့ဘူး။ မကူညီနိုင်အောင်လည်း သူတို့က (စကစတပ်ဖွဲ့ဝင်) လုပ်နေတာ။ ကျွန်မတို့က ဘယ်လိုလုပ်ပြီး ဒါတွေအကုန်လုံး ပြန်ထူထောင်နိုင်မှာတုန်း။ လက်ကလေးတွေနဲ့ လုပ်ထားတာတွေ ဘယ်သူဖြစ်ဖြစ် အားတင်းပြီး နေရတာ။ သူတို့ (စကစတပ်ဖွဲ့ဝင်) လိုက်ရင် အကုန်တန်းပြီး ပြေးရတာ ခွေးပြေးသလိုပြေးရတဲ့ဟာကြီး။ ကလေးတွေမှာဆို ထမင်းထုပ်ကလေးတွေရဖို့ တန်းစီလို့ ၁၁ နာရီထိုးမှ စားရတာ။ သူများကျွေးမှ စားရတဲ့ ဘဝတွေ။ ဒါလေးတွေကို ဘယ်လိုလုပ်ပြီး လက်နဲ့ ထူထောင်နိုင်မှာတုန်း၊ ဘာမှလုပ်စားလို့ မရတော့ဘူး၊ ရွာကြီးကလည်း အကုန်လုံးပျက်စီးနေပြီ”လို့ သူက ဆိုပါတယ်။

စစ်အာဏာရှင်စနစ်ကို ခုခံတော်လှန်မှုအားကောင်းတဲ့ အညာဒေသတစ်ခွင် ကျေးရွာတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ အရပ်သားပြည်သူတွေရဲ့ နေအိမ်အဆောက်အအုံတွေကို မီးရှို့ဖျက်ဆီးတာတွေ ဆက်တိုက်ကျုးလွန်နေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၅ ရက်နေ့ကနေ ၂၇ ရက်နေ့အထိ စစ်ကိုင်းတိုင်း၊ခင်ဦးမြို့နယ်အတွင်း အင်အား ၂၄၀ ကျော်ပါတဲ့ စစ်ကောင်စီတပ်ဖွဲ့တင်တွေရဲ့ စစ်ကြောင်းသုံးကြောင်းဟာ ကျေးရွာ ၁၂ ရွာက အိမ်ခြေ ၇၇၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး အရပ်သားပြည်သူ ၁၂ ဦး သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ခင်ဦးမြို့နယ်အတွင်းရှိ တစ်ချို့ကျေးရွာတွေဟာ ရွာလုံးကျွတ်နီးပါးမီးရှို့ခံရတာကြောင့် ယာယီတဲထိုးပြီးနေဖို့ အဆင်မပြေသေးသလို ဆောင်းရာသီဖြစ်တဲ့အတွက် အနွေးထည်၊ စောင်တွေလည်း လိုအပ်နေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ရွာလုံးကျွတ်နီးပါး အရှို့ခံရတဲ့ ရွာတွေဆိုရင် နေစရာတောင်မှ အဆင်မပြေဘူး။ ကျွန်တော်တို့ နတ်စင်တောင်မကျန်ဘူး၊ သစ်ပင်လည်း မရှိတော့ဘူးဆိုတော့ ကွင်းပြောင်ကြီး ဖြစ်သွားပြီရွာက။ အဲဒီအချိန်မှာ ဘုန်းကြီးကျောင်းမှာ စုနေတာမျိုး၊ စာသင်ကျောင်းမှာ စုနေရတာမျိုး နေထိုင်ကြရတာပေါ့။ ကိုယ့်အိမ်နဲ့ကိုယ် တဲလေးတွေလည်း မဆောက်နိုင်သေးဘူး။ ယာယီတဲကို မိုးကာထိုးနေဖို့ မိုးကာတဲကိုကအဆင်မပြေသေးဘူးလေ။ လောလောဆယ် အခုက ဆောင်းရာသီရောက်ပြီဆိုတော့ အဝတ်အစားတောင်မှ သူများပေးမှ ဝတ်ရတဲ့ဘဝဆိုတော့ စောင်ဆိုဝေးပေါ့ဗျာ၊ စောင်အဓိက လိုအပ်တာပေါ့”လို့ သူက ဆိုပါတယ်။

ဒေသခံပြည်သူတွေဟာ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းတွေဝင်လာရင် နေရပ်နဲ့ အိုးအိမ်ပိုင်ဆိုင်မှုတွေကို စွန့်ခွာပြီး အသက်လုပြေးကြရတဲ့အတွက် အရေးကြီးတဲ့ပစ္စည်းတွေနဲ့ အဝတ်အစားအနည်းငယ်လောက်သာ ထုပ်ပိုးနိုင်ကြသူတွေရှိသလို အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့သာ ထွက်ပြေးတိမ်းရှောင်ခဲ့ရသူတွေလည်း ရှိပါတယ်။

အညာဒေသရဲ့ဆောင်းဟာလည်း နေ့ခင်းမှာပူသလောက် ညပိုင်းမှာ ခိုက်ခိုက်တုန်အောင် ချမ်းတာကြောင့် အိုးအိမ်မဲ့ခဲ့ကြရတဲ့ မီးဘေးသင့်၊ စစ်ဘေးရှောင်တွေထဲမှာ ကလေးသူငယ်နဲ့ သက်ကြီးဘိုးဘွားတွေရဲ့ ကျန်းမာရေးအတွက် စိုးရိမ်ရတဲ့အခြေအနေပါ။

စစ်ရှောင်တွေအတွက် ယာယီတဲလေးတွေ ဆောက်လုပ်လှူဒါန်းပေးနေတဲ့ S&C မီးဘေး စစ်ဘေး ပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့ တာဝန်ခံကလည်း လတ်တလောဖြစ်ပေါ်နေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။

“အားလုံးက စိုးရိမ်စရာပဲပေါ့၊ ဒါပေမယ့် မဆောက်လို့လည်း မဖြစ်ဘူးဗျ၊ မဆောက်ရင် နေစရာမှ မရှိတာလေ။ အမိုးမရှိ၊ အကာမရှိ ဆောင်းတွင်းကြီးထဲမှာ၊ နောက် ကလေးတွေ၊ လူကြီးတွေရှိမယ်။ကျန်းမာ ရေးတွေ ထိခိုက်လာမယ်၊ အဲဒါကြောင့် ကျွန်တော်တို့ ဆောက်မှကိုဖြစ်မှာ။ သူတို့ နောက်ကြောင်းပြန်လှည့်တာ၊ နောက်တစ်ခေါက်ပြန်လှည့်တာက ကျွန်တော်တို့ ဂရုမစိုက်နိုင်ဘူး။ လုပ်စရာရှိတာ လုပ်ရမှာပဲ။ အဲဒီလိုမလုပ်ဘူးဆိုရင် အကုန်လုံးဒုက္ခရောက်မှာ၊ ဒီထက် အခြေအနေပိုဆိုးနိုင်မယ်ဗျ”လို့ သူက ဆိုပါတယ်။

S&C မီးဘေး၊ စစ်ဘေး၊ ပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့ဟာ ယာယီတဲတစ်လုံးကို သယ်ယူပို့ဆောင်ရေး စရိတ်အပါအဝင် နှစ်သိန်းသုံးသောင်းကျပ်နဲ့အလှူခံပြီး ဒေသခံတွေကို ဆောက်လုပ်ပေးနေတာပါ။

စစ်ကိုင်းတိုင်းအတွင်းက အိုးအိမ်မဲ့၊ မီးဘေးသင့်၊ စစ်ဘေးရှောင်ပြည်သူတွေကို ယာယီတဲအိမ်အလုံးပေါင်း ထောင်ဂဏန်းအထိ နေ့ချင်းညချင်း ဆောက်လုပ်လှူဒါန်းဖို့ စီစဉ်နေပြီး လက်ရှိမှာတော့ တဲအိမ်အလုံး ၈၀ လောက် ဆောက်လုပ်ပြီးစီးသွားပြီလို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတို့ဟာ စစ်တပ်အာဏာသိမ်းချိန်ကနေ ဒီကနေ့အထိ မြေပြင်ဆန္ဒပြပွဲတွေနဲ့အတူ လက်နက်ကိုင်ခုခံတော်လှန်စစ်တွေနဲ့ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ဖို့ ကြိုးပမ်းနေတာပါ။

အာဏာသိမ်းစစ်ကောင်စီကတော့ အညာဒေသက ပြည်သူတွေ တော်လှန်ရေးအင်အားစုတွေကို ကူညီတာတွေ မလုပ်နိုင်ဖို့အတွက် မီးရှို့ဖျက်ဆီးထားတဲ့ကျေးရွာတွေကိုလည်း ထပ်မံမီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

Data for Myanmar ရဲ့ အချက်အလက်တွေအရ စစ်တပ်အာဏာသိမ်းချိန်ကစပြီး အခုနှစ် နိုဝင်ဘာလကုန်အထိ စစ်ကောင်စီနဲ့ လက်အောက်ခံအဖွဲ့အစည်းတွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် စစ်ကိုင်းတိုင်းနဲ့ မ ကွေးတိုင်းတို့မှာ နေအိမ်အလုံးပေါင်း ၃၅,၀၀၀ ကျော်အထိ အများဆုံး ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။

သတင်း – သံလွင်တိုင်းမ် 

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.