မော်လမြိုင်၊ ဒီဇင်ဘာ၊ (၈)ရက်

ဘယ်လ်ဂျီယံအသင်းရဲ့ တိုက်စစ်ကစားသမား အီဒင်ဟာဇက်ဟာ နိုင်ငံလက်ရွေးစင်အသင်းကနေ အနားယူကြောင်း အတည်ပြုကြေညာလိုက်ပါတယ်။

အသက် ၃၁ နှစ်အရွယ် တိုက်စစ်ကစားသမား အီဒင်ဟာဇက်ဟာ ဘယ်လ်ဂျီယံအသင်း ၂၀၂၂ ကာတာကမ္ဘာ့ဖလား ပြိုင်ပွဲကနေ ထွက်ခွာသွားပြီးနောက် နိုင်ငံကစားသမားဘဝကနေ အနားယူကြောင်း အတည်ပြုကြေညာလိုက်တာပါ။

အီဒင်ဟာဇက်ရဲ့ ဘယ်လ်ဂျီယံအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုပွဲစဉ်မှာ ၁ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၁ ပွဲရှုံး၊ ရမှတ် ၄ မှတ်နဲ့ အုပ်စုတတိယနေရာသာ ရရှိခဲ့တဲ့အတွက် ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာပါ။

အီဒင်ဟာဇက်ဟာ ဘယ်လ်ဂျီယံလက်ရွေးစင် ကစားသမားဘဝမှာ နိုင်ငံအသင်းအတွက် ပွဲပေါင်း ၁၂၆ ပွဲကစားပေးခဲ့ပြီး သွင်းဂိုး ၃၃ ဂိုးအထိ သွင်းယူပေးခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းရဲ့ တိုက်စစ်ကစားသမား အီဒင်ဟာဇက်ဟာ အသင်းမှာလည်း ခြေစွမ်းပိုင်း ကျဆင်းလာတဲ့အတွက် ပုံမှန်ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေတာ ဖြစ်ပါတယ်။

အီဒင်ဟာဇက်ဟာ ပြီးခဲ့တဲ့ ၂၀၁၉ ဘောလုံးရာသီမှာ ချဲလ်ဆီးအသင်းကနေ ရီးရဲလ်မက်ဒရစ်အသင်းထံ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပြီး အသင်းနဲ့အတူ ပွဲပေါင်း ၇၂ ပွဲကစားပေးထားပြီး သွင်းဂိုး ၇ ဂိုးသာ သွင်းယူနိုင်ခဲ့တာပါ။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.