ဟောင်ကောင်၊ နိုဝင်ဘာ (၃၀)  
ဟောင်ကောင်ခေါင်းဆောင် ဂျွန်လီက ပေကျင်းရှိ ဗဟိုအစိုးရဟာ အမျိုးသားလုံခြုံရေးကိစ္စတွေမှာ  နိုင်ငံခြားရှေ့နေတွေပါဝင်ပတ်သက်နေခြင်းကို အလွန်စိုးရိမ်နေတယ်လို့ နိုဝင်ဘာလ ၂၉ ရက်နေ့က ပြောကြားခဲ့ပါတယ်။ 


အဲဒီပြောဆိုချက်နဲ့ ပတ်သက်ပြီး ဘေဂျင်းရဲ့ အထင်ကရ တရားဥပဒေဆိုင်ရာ အဓိပ္ပာယ်ဖွင့် ဆိုချက်တွေကိုပါ ထည့်သွင်း ကိုးကားပြောဆိုခဲ့ပါတယ်။ 


နိုဝင်ဘာ ၂၈ ရက်နေ့မှာ လီက ဗြိတိန်ရှေ့နေတစ်ဦးဟာ အကျဉ်းကျနေတဲ့ ဒီမိုကရေစီလိုလားသူ သူဌေးကြီး ဂျင်မီလိုင်ရဲ့ ရှေ့နေဖြစ်လာပြီးနောက် နိုင်ငံတော်လုံခြုံရေးကိစ္စတွေမှာ ဝင်ရောက်ပတ်သက်နေခြင်းကို ပိတ်ပင်ဖို့ ဘေးဂျင်းအစိုးရက ဆောင်ရွက်သွားမယ်လို့ ဟောင်ကောင်အကြီးအကဲက ပြောကြားခဲ့တာပါ။


တရုတ်ကွန်မြူနစ်ပါတီ ဦးဆောင်တဲ့ တရုတ်ပြည်မကြီးကို အထင်ရှားဆုံးဝေဖန်သူဖြစ်တဲ့လိုင်ရဲ့ ဗြိတိန်နိုင်ငံ သားရှေ့နေ အိုဝင်ကို တရားခွင်တွေမှာ ဝင်ရောက်ခွင့်မပြုနိုင်ရန် ပိတ်ပင်တားဆီးဖို့ ဟောင်ကောင်တရား စီရင်ရေးဌာနက ပျက်ကွက်နေခဲ့တာပါ။


အိုဝင်ကတော့ ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး ဘာမှမှတ်ချက်မပေးနိုင်ဘူးလို့ သတင်းမီဒီယာတွေကို ပြော ဆိုခဲ့ပါတယ်။ အမျိုးသားလုံခြုံရေးကိစ္စတွေမှာ လုပ်ဆောင်နေတဲ့ နိုင်ငံခြားရှေ့နေတွေကို ပါဝင်ခွင့်ပြုခြင်းကို ကန့်သတ်ဖို့နဲ့ အိုဝင်ကို တရားခွင်အတွင်း ပါဝင်ခြင်းကနေ ပိတ်ပင်ဖို့အတွက် အစိုးရရဲ့ အဆိုပြုချက်ကို  ဟောင်ကောင်ရဲ့ အမြင့်ဆုံးတရားရုံးဖြစ်တဲ့ နောက်ဆုံးအယူခံတရားရုံးက ပြီးခဲ့တဲ့ တနင်္လာနေ့မှာ ပယ်ချခဲ့တာပါ။

ဒါပေမယ့်လည်း  ဟောင်ကောင်ဥပဒေရေးရာကိစ္စရပ်တွေမှာ ဘေဂျင်းရဲ့ ဝင်ရောက်ပတ်သက်မှုဟာ တစ်စိတ် တစ်ပိုင်းတော့ လိုအပ်ပါတယ်လို့လည်း ဟောင်ကောင်အကြီးအကဲ လီက ပြောကြားခဲ့ပါတယ်။


၁၉၉၇ ခုနှစ်မှာ ဗြိတိသျှကိုလိုနီဟောင်း ဟောင်ကောင်ကို တရုတ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းခံရပြီးကတည်းက “တစ်နိုင်ငံ၊ စနစ်နှစ်ခု” အစီအစဉ်အရ အာမခံထားပေမယ့်လည်း အခုအခြေအနေကတော့ ဟောင်ကောင်ရဲ့ တရားရေးဆိုင်ရာ လွတ်လပ်မှုကို ပျက်ပြားစေတယ်လို့ ဥပဒေပညာရှင်အချို့က ပြောပါတယ်။

လီအပါအဝင် ဟောင်ကောင်တာဝန်ရှိသူတွေက ဟောင်ကောင်ရဲ့ တရားဥပဒေစိုးမိုးရေးကို ပြင်းပြင်းထန်ထန် ကတိပြုထားပြီး လွတ်လပ်တဲ့ တရားစီရင်ရေးအာဏာကို အခြေခံဥပဒေအရ အကာအကွယ်ပေးထားကြောင်း ကိုလည်း  ထပ်ခါတလဲလဲ ပြောဆိုခဲ့တာပါ။

Ref; Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.