သံလွင်တိုင်းမ်

၁၉၄၈ ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ လူသားတိုင်းရသင့်ရထိုက်သော ခံစားထိုက်သော အခွင့်အရေးတွေကို လူ့အခွင့်အရေးကြေညာစာတမ်းဖြစ် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးက ကြေညာခဲ့ပါတယ်။ ဒါပေမယ့် စစ်ကောင်စီအုပ်စိုးထားတဲ့ မြန်မာနိုင်ငံမှာတော့ အချက် ၃၀ ပါ အခြေခံလူ့အခွင့်အရေးတွေကို မြန်မာပြည်သူပြည် သားတွေ တစ်ပြားသားမှ မရကြပါဘူး။

မည်သူ့ကိုမှ မတရားနှိပ်စက်ခြင်းမရှိစေရ၊ လူတိုင်း တရားဥပဒေရှေ့တွင် လူသားကဲ့သို့ ဆက်ဆံခံရမည်၊ မည်သူ့ကိုမှ ဥပဒေမဲ့ဖမ်းဆီးခြင်း၊ တိုင်းပြည်မှနှင်ထုတ်ခြင်းမပြုရ၊ လူတိုင်းမျှတသော တရားစီရင်မှုခံခွင့်ရှိသည်၊ လူတိုင်းလွပ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ရှိသည် စတဲ့ အခြေခံကျကျ လူ့အခွင့်အရေးတွေကို ကမ္ဘာ့ကုလသမဂ္ဂ သတ်မှတ်ပေးထားပါတယ်။

ဒါပေမယ့် တိုင်းပြည်အာဏာကို အဓမ္မရယူထားတဲ့ စစ်ကောင်စီကတော့ ၂၀၂၁ ဖေဖော်ဝါရီလ အာဏာသိမ်းပြီးချိန်ကစပြီး လူပေါင်း ၂,၄၀၀ ကျော်ကို မတရားနှိပ်စက်ဖမ်းဆီး သတ်ဖြတ်ခဲ့ပါတယ်။ ဒါ့အပြင် လူပေါင်း ၁၆,၀၀၀ ကျော်ကိုလည်း ဥပဒေမဲ့ဖမ်းဆီးထားပါတယ် ဒီလိုဖမ်းဆီးခံထားရသူတွေဟာ မျှတတဲ့ တရားစီရင်ခွင့်လည်း မရကြပါဘူး။

စစ်ကောင်စီတပ်သားတွေဟာ ပြည်သူ့နေအိမ်ပေါင်း ၃၀,၀၀၀ ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြပြီး အာဏာသိမ်းမှုကြောင့် ဒုက္ခသည်ပေါင်း သန်းနဲ့ချီပေါ်ပေါက်လာခဲ့ပါတယ်။ ထောင်နဲ့ချီတဲ့ ပြည်သူတွေဟာလည်း စစ်ကောင်စီရန်ကြောင့် တိုင်းပြည်က ထွက်ပြေးနေကြရပါတယ်။

လူမှုကွန်ယက်စာမျက်နှာမှာ စစ်ကောင်စီကို ဝေဖန်တာ၊ ထောက်ပြတာစတာတွေလုပ်ရင်လည်း ပုဒ်မမျိုးစုံတပ်ပြီး ဖမ်းဆီးနေတာကြောင့် လူတိုင်းလွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ရှိသည်ဆိုတဲ့ ကမ္ဘာ့ကုလသမဂ္ဂရဲ့ လူ့အခွင့်ရေးကြေညာစာတမ်းကို စစ်ကောင်စီက ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတာကို တွေ့ရမှာပါ။

ဒီနေရာမှာ အထူးပြုတင်ပြလိုတာက မလုပ်ရဲတာဘာမှမရှိဘူးဆိုပြီး အာဏာသိမ်းခဲ့တဲ့ စစ်ခေါင်းဆောင်ဟာ လုံခြုံရေးအကြောင်းပြ ပြည်သူ့လွတ်လပ်ခွင့်နဲ့ လူ့အခွင့်အရေး ချိုးဖောက်နေတာကိုပါ။ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ် ၁၃ မှာ “ လူတိုင်းမိမိတိုင်းပြည်အတွင်း လွပ်လပ်စွာ သွားလာခွင့်ရှိသည်” လို့ ဆိုထားပါတယ်။ ဒါပေမယ့် ဒီအခြေခံကျကျ လူ့အခွင့်အရေးကို မြန်မာနိုင်ငံသားတို့ မရကြပါဘူး။

နှစ်နိုင်ငံနယ်ခြားဂိတ်ပေါက်တွေနဲ့ နိုင်ငံတကာ လေယာဉ်ကွင်းတွေမှာအသုံးပြုလေ့ရှိတဲ့ X-Ray စက်တွေဟာ မြန်မာ့ အဝေးပြေးလမ်းမပေါ် လုံခြုံရေးအကြောင်း ပြ နေရာယူလာပါတယ်။ ဒါဟာ ပြည်သူတွေရဲ့ နိစ္စဒူဝ လူမှုဘဝတွေ ပိုမိုဒုက္ခဝေစေပြီး စစ်ခေါင်းဆောင်ရဲ့ စီမံခန့်ခွဲညံ့ဖျင်းချက်ကို ကွက်ကွက်ကွင်းကွင်း မြင်သာစေပါတယ်။

X-Ray  ကြောင့် စိတ်မအေး ဖြစ်နေရတဲ့ ခရီးသွားများ

မော်လမြိုင်-ရန်ကုန် ခရီးဟာ မိုင် ၂၀၀ ဝန်းကျင်လောက်သာကွာဝေးပြီး မော်တော်ကားနဲ့ဆိုရင် ၅ နာရီ ဝန်းကျင်လောက်သာကြာမြင့်တဲ့ ခရီးတစ်ခုဖြစ်ပါတယ်။မော်လမြိုင်ကနေ ရန်ကုန်ကို မနက်ခင်း သွားရောက်ကာ ရန်ကုန်ကနေ မော်လမြိုင်ကို ညနေပိုင်းချိန် ပြန်နိုင်တာကြောင့် နေ့ချင်းပြန်ခရီး သွားလို့ရပါတယ်။

ဒါပေမယ့် စစ်ကောင်စီ အာဏာသိမ်းပြီးနောက်မှာတော့ မော်လမြိုင်-ရန်ကုန် ခရီးဟာ ၂ ရက်ကြာတဲ့ ခရီးစဉ်အဖြစ် ပြောင်းလဲသွားပါတယ်။ အခုလို ခရီးစဉ်တွေ နှောင့်နှေးကြန့်ကြာမှု ဖြစ်ပေါ် စေတဲ့ အဓိကတရားခံကတော့ မွန်ပြည်နယ်အထွက် ပဲခူးတိုင်းအဝင် ညောင်ခါးရှည် ကျေးရွာအနီးမှာရှိတဲ့ စစ်ကောင်စီရဲ့ X-Ray စက်တွေပဲ ဖြစ်ပါတယ်။

နိုင်ငံ့အာဏာကို စစ်ကောင်စီက အတင်းအဓမ္မသိမ်းယူပြီးနောက် မြို့ပြနဲ့ကျေးလက်အပါအဝင် နေရာအနှံ့မှာ တောင်လှန်ရေးအင်အားစုတွေ ပေါ်ပေါက်လာခဲ့ပါတယ်။ တော်လှန်ရေးအရှိန် မြင့်တက်လာမှုနဲ့အတူ တိုက်ခိုက်ရေးလက်နက်တွေ မြို့ပြကို စိမ့်ဝင်မှုမရှိအောင် စစ်ကောင်စီက လုံခြုံရေးအကြောင်းပြချက်နဲ့ နေရာတိုင်းလိုလိုမှာ ဂိတ်တွေဖွင့်ပြီး စစ်ဆေးနေတာဖြစ်ပါတယ်။

X-Ray စစ်ဆေးရေးဂိတ်မှာ စောင့်ဆိုင်းနေရတဲ့ ကားတန်းများ ….

ဒီလို စစ်ဆေးမှုတွေအပြင် ကားတစ်စီးလုံးမှာပါဝင်တဲ့  အစိတ်အပိုင်းတွေရဲ့ အသေးစိတ်ကအစ ကားပေါ်မှာတင်ဆောင်လာတဲ့ ပစ္စည်းတွေကိုလည်း အားလုံးမြင်နိုင်တဲ့ X-Ray  စက်တွေသုံးပြီး စစ်ဆေးလာပါတယ်။ အခုလို မလိုလားအပ်တဲ့ X-Ray စက်တွေကြောင့် ပြည်သူတွေအနေနဲ့ ခရီးသွားလာမှုမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

အလုပ်မဖြစ်တဲ့စစ်ဆေးမှုနဲ့ ခရီးမတွင်တော့တဲ့ ပြည်သူများ

စစ်ကောင်စီတပ်သားတွေရဲ့ စစ်ဆေးမှုကြောင့် နာရီပိုင်းအတွင်းရောက်နိုင်တဲ့ ခရီးတစ်ခုကို ညအိပ်ရတဲ့အထိ ဖြစ်ပေါ်နေတယ်လို့လည်း ခရီးသည်တွေကဆိုပါတယ်။ ခရီးသွားတွေကို အမျိုးမျိုးသော စစ်ဆေးမှုတွေအပြင် X-Ray စက်ကို ဖြတ်သန်းစေပြီး ကားပေါ်ပါ ပစ္စည်းတွေကို အဆင့်ဆင့်စစ်ဆေးတယ်လို့ ခရီးသွားတစ်ဦးက ပြောပါတယ်။

“အဲ့ဒီဂိတ်မှာ သူတို့က ကားပေါ်ပါတဲ့ သူတွေကိုဆင်းခိုင်းတယ်၊ ကျွန်တော်တို့ ကားကတော့ X-Rayဖြတ်တဲ့ စက်ထဲကို ဖြတ်တယ်၊ လူကလည်း အဲ့လိုပဲ ပစ္စည်းတွေကို ကျွန်တော်တို့ ဒီလေဆိပ်မှာ စစ်သလိုမျိုး သူတို့ ပစ္စည်းတင်တဲ့ စင်ရှိတယ်၊ အဲ့ဒီ စင်ကနေမှ သူတို့ ဖြတ်သွားတယ်၊ အဲ့လိုဖြတ်ပြီး ဟိုဘက် ရောက်တော့မှ လူကိုစစ်တယ်၊ စစ်ပြီးတော့မှ စက်ကဖြတ်သွားတဲ့ ပစ္စည်း ကျောပိုးအိတ် ဆိုလည်း ကျောပိုးအိတ် ဟိုဘက် ရောက်တော့မှ ကျောပိုးအိတ် ပြန်သည်ပေါ့” လို့ ပြောပါတယ်။

အခုလို စစ်ကောင်စီရဲ့လုံခြုံရေးအကြောင်းပြချက်နဲ့ X-Ray စက်တွေသုံးပြီး စစ်ဆေးနေတာကြောင့် ခရီးသွားတွေအပြင် ကားကြီး၊ ကားငယ်တွေလည်း ရာနဲ့ချီပိတ်မိနေသလို ရာနဲ့ချီရှိတဲ့ခရီးသွား ပြည်သူတွေကလည်း လိုရာ ခရီးကို မရောက်တော့ပါဘူး။

အဲ့ဒီထဲမှာ သက်ကြီးပိုင်းတွေနဲ့ ကလေးသူငယ်တွေကလည်း နေပူတွေထဲမှာနာရီနဲ့ ချီ စောင့်ဆိုင်း နေရတဲ့ ဒုက္ခတွေကိုပါ ခံစားလာရတာဖြစ်ပါတယ်။ ဒီလိုကားလမ်းမဘေးမှာ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရတဲ့အတွက် အချိန်မီ စားသောက်ဖို့ပင် မလွယ်ကူသလို အပေါ့အလေး သွားဖို့အတွက်ပင် အခက်အခဲနဲ့ ရင်ဆိုင် နေရတာ ဖြစ်ပါတယ်။

“ ပုံမှန်ကား အိမ်စီးကားနဲ့ နံနက် စောစော သွားမယ် ဆိုရင်တော့ အနည်းဆုံး ၃ နာရီနဲ့ ၄ နာရီလောက် ပိတ်တယ်၊ ကားများချိန် နေ့လည်ပိုင်းလောက်မှ သွားမယ်ဆိုရင်တော့ ညအိပ်လိုက်ရနိုင်တာပေါ့ဗျာ”လို့ ခရီးသွားပြည်သူတစ်ဦးက ဆိုပါတယ်။

ပိုမိကြန့်ကြာမှုတွေနဲ့ ကျဆင်းလာတဲ့ ကုန်သွယ်မှု

စစ်ကောင်စီရဲ့ X-Ray စစ်ဆေးရေးစက်တွေဟာ  မြန်မာပြည် တောင်ပိုင်းဒေသတွေဖြစ်တဲ့ မွန်၊ ကရင်နဲ့ တနင်္သာရီတိုင်းဒေသတွေကထွက်ရှိတဲ့ ကုန်ပစ္စည်းတွေကို ရန်ကုန်၊ မန္တလေးစတဲ့ မြို့တွေဆီ အဓိက တင်ပို့ရာ လမ်းကြောင်းပေါ်မှာ တည်ရှိနေပါတယ်။ အရင် X-Ray စက် မရှိခင်က နေ့စဉ် ကုန်ပစ္စည်း တင်ပို့တဲ့နေရာမှာ တိုက်ရိုက်ဖြတ်ကျော်ပြီး သွားလို့ရခဲ့ပေမယ့် လက်ရှိ X-Ray စက်ကြောင့် အဲ့ဒီ နေရာမှာဘဲ တစ်ရက်နီးပါး အချိန်ကုန်ဆုံးနေရတာပါ။

ကုန်ပစ္စည်း သယ်ယူပို့ဆောင်တဲ့ နေရာမှာ X-Ray စက်တွေနဲ့စစ်ဆေးပြီး အချိန်ကြန့်ကြာတဲ့အတွက် ကုန်စည်စီးဆင်းမှု မမြန်တော့သလို ကုန်ပစ္စည်းတွေကလည်း လိုအပ်တဲ့အချိန်မှာ လိုသလောက် ပို့ဆောင်လို့ မရတဲ့အခက်အခဲတွေ ဖြစ်ပေါ်နေရတာပါ။ ဒါ့အပြင် လမ်းခရီးမှာ စောင့်ဆိုင်းရတဲ့အတွက် ကုန်ကျစရိတ် ပိုမိုကုန်ကျလာပြီးရရှိမယ့် အကျိုးအမြတ်တွေပါ နည်းလာတယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။

“စောင့်ရတာ ရက်နဲ့ချီ ကြာတာကိုး ကြာတော့ အဲ့ဒီမှာကုန်ကျ စရိတ်တွေများလာတယ်၊ နောက်ခရီး ကြန့်ကြာမှုတွေများတဲ့ အခါကျတော့ ကုန်စည်စီးဆင်းမှုတွေ ကြန့်ကြာတာပေါ့လေ၊ အဲ့ဒါတွေကတော့ အဓိက လတ်တလော ဖြစ်နေတဲ့ ပြဿနာပေါ့၊ စောင့်ရတော့ အရင်လို အလုပ်မဖြစ်တော့ဘူးပေါ့ဗျာ၊ အလုပ်မဖြစ်တော့ အကျိုးအမြတ်တွေပါ နည်းလာတာပေါ့ဗျာ”လို့ လုပ်ငန်းရှင် တစ်ဦးက ဆိုပါတယ်။

အရင် X-Ray စက် မရှိခင်က မွန်ပြည်နယ်အတွင်းက ထွက်ရှိတဲ့ကုန်ပစ္စည်းတွေကို တင်ပို့တဲ့နေရာမှာ တပတ်ကို (၄) (၅)ကြိမ်ခန့် တင်ပို့နိုင်ခဲ့ပေမယ့် လက်ရှိ X-Ray စက်ကြောင့် တပတ်ကို (၂)ကြိမ် (၃)ကြိမ် လောက်သာ တင်ပို့ နိုင်တော့တယ်လို့သိရပါတယ်။ အခုလို ဒေသတွင်းက ထွက်ရှိတဲ့ ကုန်ပစ္စည်းတွေကို အချိန်မီ လွယ်လွယ်ကူကူ တင်ပို့နိုင်ခြင်းမရှိတော့တာကြောင့် ကုန်စည်စီးဆင်မှုတွေ သိသိသာသာ ကျဆင်းလာတယ်လို့လည်း လုပ်ငန်းရှင်တွေက ပြောပါတယ်။

ယာဉ်တန်းက နှစ်ထပ် သုံးထပ်ဖြစ်နေတဲ့ X-Ray စက်စောင့်ဆိုင်းနေမှုများ

လိုရာမရောက် ခရီးမပေါက်ပေမဲ့ စားဝတ်နေရေးအတွက် စောင့်ဆိုင်းနေရတဲ့ ယာဉ်မောင်းများ

အရင်က မော်လမြိုင်နဲ့ ရန်ကုန်ကို ခရီးသည် ပို့ဆောင်တဲ့ နေရာမှာ ဖြစ်ဖြစ် ကုန်ပစ္စည်း တင်ပို့ရာမှာ ဖြစ်ဖြစ်  အချိန်တိုအတွင်း ပို့ဆောင်လို့ ရခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာ စစ်ကောင်စီရဲ့ X-Ray စက်ကြောင့် တစ်ရက် အသွားအပြန် လုပ်လို့ ရတဲ့ခရီးကို (၂)ရက်ကြာ သွားလာနေရတာကြောင့် ခရီးသည်တွေသာမက ယာဉ်မောင်းတွေလည်း အချိန်ကုန် လူပင်ပန်းမှုတွေနဲ့ပါ ရင်ဆိုင်နေရတာပါ။

“ကြန့်ကြာမှုကတော့ အဲ့ဒီ X-Ray စက်ကပဲ ရှိတာပါ၊ ကျန်တဲ့ နေရာ မရှိပါဘူး သူကတော့ အဲ့ဒီမှာ အကုန်လုံး ကားသေးရော ကားကြီးရော တားပြီးတော့ စစ်နေတာ ဆိုတော့လေ ဘယ်လောက် ကြာတုန်းဆိုရင် မနက် (၈)နာရီက တန်းရင် ညနေ (၂)နာရီလောက်မှ တစ်မနက်လောက် ကြာတာပေါ့၊ အိမ်စီးကားဆိုရင် ရန်ကုန်တောင် မနည်းမောင်း နေရတယ်၊ ကားကြီးတွေ ဆိုရင် နောက်ရက်မှ ရောက်တာ”လို့ ယာဉ်မောင်းတစ်ဦးက ခရီးသွားလာရတဲ့ အခက်အခဲကို ပြောပြပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ X-Rayစက်ကို ဖြတ်ကျော်ဖို့ စောင့်ဆိုင်းရတဲ့အချိန်တွေ ကြာမြင့်တာကြောင့် ညနေပိုင်းလောက်မှ ဖြတ်ကျော်လို့ရခဲ့ရင်တောင် လိုရာခရီးကို သွားရောက်လို့ မရတော့ပါဘူး။ အဓိက သွားလို့မရတဲ့ ပြသနာကတော့ စစ်ကောင်စီက ထုတ်ပြန်ထားတဲ့ ညမထွက်ရ အမိန့်တွေကြောင့် လမ်းခရီး အတွင်း မြို့ဝင်၊မြို့ထွက်တွေမှာ အခက်အခဲ အကြီးအကျယ် ရင်ဆိုင်နေရတာဖြစ်ပါတယ်။

အခုလို ညမထွက်ရ အမိန့်တွေကြောင့်လည်း ယာဉ်မောင်းတွေ အပါအဝင် ခရီးသွား ပြည်သူတွေပါ ကြုံတဲ့လမ်းဘေးတွေမှာ ညအိပ်ရပ်နား ရတာတွေ ရှိသလို တချို့ကတော့ နီးစပ်ရာ စားသောက်ဆိုင်တွေ တည်းခိုလို့ရတဲ့ နေရာတွေမှာ ညအိပ်ရတာတွေ ရှိတယ်လို့ သိရပါတယ်။ ဒီလို တွေ့ရာလမ်းဘေး နေရာတွေမှာ ညအိပ်ရပ်နားရတာကြောင့် ခိုးဆိုးလုနှိုက် ခံရနိုင်တဲ့ အန္တရာယ်တွေ ရှိလာသလို မြွေပါးကင်းပါး အန္တရာယ်တွေကလည်း စိုးရိမ်စရာ ဖြစ်လာပေမယ့် စားဝတ်နေရေးအရ ရုန်းကန် နေရဦးမှာဖြစ်တယ်လို့ ယာဉ်မောင်းတွေက ဆိုကြပါတယ်။

ပွင့်လင်းရာသီမှာ စိတ်ပျက်စရာ မွန်ခရီးသွား ကဏ္ဍ

မွန်ပြည်နယ်ဟာ ဝါလကင်းလွတ် သီတင်းကျွတ်ပြီး ပွင့်လင်းရာသီ ရောက်ပြီးဆိုတာနဲ့ ပြည်နယ်အတွင်း ကျိုက်ထီးရိုးစေတီ၊ ကျိုက်သလ္လံစေတီ၊ ကျိုက္ခမီနဲ့ စက်စဲကမ်းခြေအပါအဝင် ထင်ရှားတဲ့ နေရာတွေကို အနယ်နယ် အရပ်ရပ်က ခရီးသွား ပြည်သူတွေ လာရောက်လေ့ ရှိတာဖြစ်ပါတယ်။ ဒီနှစ်မှာတော့ ခရီးသွား ပြည်သူတွေက မွန်ပြည်နယ်အတွင်း လာရောက်ဖို့  X-Rayစက်ကြောင့် နောက်တွန့်ပြီး ခရီးစဉ်တွေ ပြောင်းလဲကုန်ပါတယ်။

“X-Ray ဂိတ်ကြောင့် ကျွန်တော်တို့ဒေသမှာတော့ တော်တော်လေးကို ကသီတာပေါ့လေ၊ ပြောလို့ ရှိရင်တော့ စိတ်အနှောက်အယှက် ဖြစ်တာပေါ့၊ ခရီး ကြန့်ကြာမှုတွေဖြစ်ပြီး မော်လမြိုင်ဘက် လာလို့ရှိရင်တော့ အဲ့ဒီမှာကို တစ်ရက်လောက် အချိန်ကုန်တာကို၊ အချိန်ကုန်တော့ လူတွေက သိပ်မလာချင် ကြဘူးပေါ့လေ၊ လာပြီးသား လူတွေလည်း တော်တော် စိတ်ညစ်သွားတာပေါ့၊ အဲ့ဒါက ကျွန်တော်တို့ ပြည်နယ်အတွက် တော်တော်အနှောက်အယှက်ပေးတာ” လို့ ခရီးသွား လုပ်ငန်းရှင် တစ်ဦးက ပြောပါတယ်။

လက်ရှိမှာတော့ မွန်ပြည်နယ်အတွင်း ခရီးသွားဝင်ရောက်မှု အရင်နှစ်တွေကထက် သိသိသာသာ လျော့နည်းသွားသလို အလုပ်ကိစ္စကြောင့် မဖြစ်မနေ လာရမယ့် ပြည်သူတွေ လောက်သာ ဝင်ရောက်မှု ရှိတော့တယ်လို့ သိရပါတယ်။ ခရီးသွားဝင်ရောက်မှုတွေ လျော့နည်းလာတာကြောင့် ပြည်နယ်အတွင်း ခရီးသွားဝန်ဆောင်မှု ကဏ္ဍတွေကျဆင်းလာသလို ဟိုတယ်လုပ်ငန်းတွေလည်း အလုပ်မဖြစ် တော့ဘူးလို့ ဟိုတယ်နဲ့ ခရီးသွား လုပ်ငန်းရှင်တွေက ဆိုကြပါတယ်။

အလွယ်တကူ မရောက်ရှိနိုင်တဲ့ ခရီးကြောင့် ဆုံးရှုံးရနိုင်တဲ့ ပြည်သူ့အသက်

စစ်ကောင်စီရဲ့ X-Rayစက် ရှိတဲ့ စစ်ဆေးရေးဂိတ်ဟာ နေ့စဉ်အချိန်နဲ့ အမျှ ကားလမ်း ပိတ်ဆို့မှုတွေ ဖြစ်ပေါ် နေတာဖြစ်ပါတယ်။ အခုလို ကားလမ်း ပိတ်ဆို့မှုတွေ ဖြစ်ပေါ်နေတာကြောင့် မွန်ပြည်နယ် အတွင်းက အရေးပေါ် လူနာတွေကို ရန်ကုန် ဆေးရုံကြီးသို့ ပို့ဆောင်တဲ့ နေရာမှာလည်း အရင်ကထက် ကြန့်ကြာမှုတွေ ဖြစ်ပေါ် နေပါတယ်။

လက်ရှိ အရေးပေါ် လူနာပါရင် စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက X-Rayစက်က မဖြတ်ခိုင်းပေမယ့် ကားတွေလမ်းအပြည့် ဖြစ်နေတာကြောင့် ကျော်တက်ရအခက်အခဲရှိပြီး တဖက်လမ်းကြောင်းရှင်းမှ ကျော်တက်သွားလာလို့ရတဲ့ အခြေအနေတွေ ဖြစ်နေရတာပါ။ အဲ့ဒီ X-Rayစက်ရှိတဲ့ လမ်းကိုဖြတ်ကျော်နိုင်ဖို့ အရေးပေါ် လူနာတင်ယာဉ်တွေ ၄၅ မိနစ်ခန့် ဥဩဆွဲပြီး ဖြတ်ကျော် ရတာကြောင့် အချိန်ကြန့်ကြာမှု ရှိတဲ့အတွက် လူနာတွေအချိန်မီ အသက်ကယ်နိုင်ဖို့ အခက်အခဲ ရှိနေရတယ်လို့ ပရဟိတ အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“လူနာတွေအတွက်အချိန်က ဒီမှာဘဲနှောင့်နှေးသွားတဲ့ အခြေအနေမျိုး ဖြစ်သွားနိုင်တာပေါ့နော်၊ အခက်အခဲတွေ အများကြီး ရှိနိုင်တယ်၊ အချိန်မီ မရောက်ရင် အသက်သေးဆုံးတဲ့အထိ ဖြစ်နိုင်တာပေါ့နော်၊ နောက်တစ်ခုက ကျွန်တော်တို့ မြင်တာက X-Rayစက် စစ်လို့ အချိန် ကြန့်ကြာမှုတွေကြောင့် လူနာပို့တဲ့နေရာမှာ အခက်အခဲ ရှိလာတယ်”လို့ ဆိုပါတယ်။

ဒါ့အပြင် မွန်ပြည်နယ်မှ ရန်ကုန်ကို အရေးပေါ် လူနာ ပို့ဆောင်ပြီး ပြန်လာပါကလည်း ညနေပိုင်း အချိန်တွေမှာ စစ်ကောင်စီ လက်အောက်ခံ ရဲနဲ့ ယာဉ်ထိန်းရဲတွေက လမ်းကြောင်း ရှင်းလင်းပေးတာ မရှိတာကြောင့် ကားတွေစည်းကမ်းမဲ့ မောင်းနေကြတာကြောင့် အပြန်မှာကိုပင် (၂)နာရီခန့် စောင့်ဆိုင်းရတယ်လို့ ပရဟိတ အဖွဲ့တွေကပြောပါတယ်။ အဲ့ဒီလို စောင့်ဆိုင်းရတဲ့အတွက် မိုးချုပ် သွားပါက ညမထွက်ရအမိန့်တွေကြောင့် အရင်လို ပြန်လို့ မရတော့ဘဲ ကြုံရာမှာ ကားထိုးပြီး အိပ်ရတာတွေလည်း ရှိတယ်လို့ သိရပါတယ်။

လမ်းမပေါ်က တရားမဝင် ငွေတောင်းခံမှုများ

စစ်ကောင်စီရဲ့ လုံခြုံရေးအကြောင်းပြချက်နဲ့ ဖွင့်လှစ်ထားတဲ့ X-Rayစက်ဟာ ခရီးသွားလာရာမှာ ပိုမို ကြန့်ကြာစေသလို နေ့စဉ်ကားလမ်းပိတ်ဆို့မှုကိုလည်း ဖြစ်ပေါ်စေပါတယ်။ ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်နေတဲ့အတွက် တချို့ ယာဉ်မောင်းတွေက အချိန်မီ ခရီးရောက် ရှိဖို့အတွက် စည်းကမ်းမဲ့ ကျော်တက်မောင်းတာတွေကို လုပ်ဆောင်လာကြပါတယ်။

အဲ့ဒီလို ကျော်တက်တဲ့ ကားတွေကိုတော့ စစ်ကောင်စီ လက်အောက်ခံ ရဲနဲ့ ယာဉ်ထိန်းရဲတွေက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာမှုမရှိတဲ့အတွက်ဆိုကာ ဝှီးတက်သိမ်းပြီး ငွေကျပ် (၅)သောင်း ဒဏ်ငွေရိုက်ပြန်ပါတယ်။ အခုလို ဒဏ်ရိုက်ငွေကို ချလန်မဖြတ်ပေးတာကြောင့် နိုင်ငံအတွက် အခွန်မရဘဲ သူတို့ အတွက်သာ ဖြစ်နေတယ်လို့ ဒဏ်ကြေးပေးဆောင်ခဲ့ရတဲ့ ယာဉ်မောင်းတစ်ဦးက ပြောပါတယ်။

“ ဖမ်းဆီးတာကိုတော့ ကျွန်တော်တို့ လက်ခံတယ်၊ ဖမ်းဆီးတဲ့အပေါ်မှာလည်း ကျွန်တော်တို့က တရားဝင် ချလန်ဖြတ်ပြီး ဖမ်းဆီးတဲ့ စနစ်ကို လုပ်စေချင်တယ်၊ အခုက အဲ့ဒီမှာပေး အဲ့မှာ ပိုက်ဆံ (၅)သောင်း ဆောင်လိုက် ပြီးရင် ယာဉ်မောင်း ဝှီးတက် ပြန်ယူလိုက်ဆိုတဲ့ စနစ်ဖြစ်တဲ့အတွက် မေးခွန်ထုတ်စရာ ဖြစ်လာနိုင်တဲ့ အနေအထားမျိုးတွေ ရှိတယ်” လို့ ဆိုပါတယ်။

ဒါ့အပြင် ကျော်တက်တဲ့ ကားတွေကိုအခုလို ငွေကြေး တောင်းခံတဲ့ နေရာမှာလည်း ဘယ်ဥပဒေ ဘယ်ပုဒ်မကြောင့် ဒီလောက် ဒဏ်ငွေဆောင်ရတာ ဖြစ်တယ်လို့ ဆိုပြီး ရှင်းလင်းပြောကြားတာ မရှိတာကြောင့် သူတို့ တောင်းသလောက်ကို ကြောက်ကြောက်နဲ့ ပေးနေရတာ ဖြစ်တယ်လို့ ယာဉ်မောင်းတွေက ပြောပါတယ်။ လက်ရှိ အခုလို ကားကျော်တက်မှု ဖြစ်စဉ်တွေ နေ့စဉ် ကားအစီးရေး ဆယ်နဲ့ချီ ရှိနေတာကြောင့် ရရှိတဲ့ ဒဏ်ကြေး ငွေတွေကို ဘယ်လို နေရာတွေမှာ အသုံးပြု နေလည်း ဆိုတာကိုတော့ မေးခွန်းထုတ် စရာ ဖြစ်နေတယ်လို့ ဆိုကြပါတယ်။

လက်ရှိ စစ်ကောင်စီရဲ့ X-Ray စက်ဟာ ဆိုရင် ခရီးသွား ပြည်သူတွေ အတွက် အကျိုးမပြုသလို ကုန်သွယ်ရေး လုပ်ငန်းတွေ၊ ဟိုတယ်နဲ့ ခရီးသွား လုပ်ငန်းတွေ အပါအဝင် ပြည်နယ် အတွင်းရှိ ကဏ္ဍ အသီးသီး အတွက်ပါ အနှောင့်အယှက် ဖြစ်စေတာ ဖြစ်ပါတယ်။

ကျော်တက်တဲ့ ကားတွေဆီကနေ ဒဏ်ငွေသဘောမျိုး ကောက်ခံနေတာလည်းရှိနေပါတယ်

စစ်ကောင်စီကတော့ X-Rayစက်ကို လုံခြုံရေး အကြောင်းပြချက်နဲ့ လုပ်ဆောင်ထားပေးမယ့် လက်ရှိမှာတော့ ခရီးသွားလာရာမှာ ကြန့်ကြာမှုတွေ၊ ကုန်စည်ပို့ဆောင်တဲ့ နေရာမှာ နှောင့်နှေးမှုတွေ အပြင် အရင်သွားလာရ လွယ်ကူပြီးသား လမ်းကြောင်းတွေကို ပိုမို ခက်ခဲအောင် လုပ်ဆောင်လာတာဖြစ်ပါတယ်။ စစ်ကောင်စီကတော့ လုံခြုံရေး အကြောင်းပြ စစ်ဆေးတယ်ဆိုပေမယ့် ပြည်သူတွေကတော့ ဘက်ပေါင်းစုံက အခြေခံလူ့အခွင့်အရေးတွေ ချိုးဖောက်ခံနေရတာဖြစ်ပါတယ်။

သံလွင်တိုင်းမ်သတင်းဌာန

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.