အာာဏာသိမ်းမှုကြောင့် မူလ NCA ပြဌာန်းချက်တွေကို အပြည့်အဝ အကောင်အထည် မဖော်နိုင်တော့ပေမယ့် NCA ရဲ့ အခြေခံမူ (၃) ရပ်ကို ကိုင်စွဲပြီး လူထုတွေ အကျပ်အတည်းကနေ လွတ်မြောက်ဖို့ ကြိုးပမ်းနေဆဲဖြစ်တယ်လို့ NCA လက်မှတ်ထိုးခြင်း ၇ နှစ်ပြည့်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) က ထုတ်ပြန်ပါတယ်။ ဒါကြောင့် PPST အနေနဲ့ လူထုတွေ အကျပ်အတည်းကနေ လွတ်မြောက်ဖို့ ဘယ်လိုပုံစံတွေနဲ့ ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားဖို့ စီစဉ်ထားလဲ။ NCA အခြေခံမူ ၃ ရပ်သာ ရပ်တည်ပြီး နိုင်ငံရေးပြဿနာ ဖြေရှင်းမယ်ဆိုတဲ့ လုပ်ငန်းစဉ်ကရော အမှန်တကယ် လုပ်ဖြစ်လာနိုင်မလား။ ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး PPST ပြောခွင့်ရ ဗိုလ်မှူးကြီး စောကျော်ညွန့်နဲ့ ဆက်သွယ်မေးမြန်းချက်။

PPST က လက်ရှိနိုင်ငံရေး အခင်းအကျင်းမှာ NCA အခြေခံမူ (၃) ရပ်ကို စွဲကိုင်ပြီး နိုင်ငံရေး ပြဿနာ ဖြေရှင်းဖို့ ဆက်လက် ကြိုးပမ်းသွားမယ်လို့ NCA ၇ နှစ်ပြည့်မှာ ထုတ်ပြန်ထားတာ တွေ့ရပါတယ်။ ဘယ်လိုပုံစံနဲ့ ဆက်လက် ကြိုးပမ်းသွားဖို့ ရှိနေလဲ။

NCA ဆိုတာကို ပြန်ပြီးတော့ စဉ်းစားမယ်ဆိုရင် အကောင်းမြင်တာလည်းရှိသလို မကောင်းမြင်တာလည်း ရှိကောင်းရှိနိုင်တယ်။ ကျွန်‌တော်တို့ နိုင်ငံမှာဖြစ်ပေါ်ခဲ့တဲ့ ပြည်တွင်းစစ်ရဲ့ အရင်းခံအကြောင်းတရားဟာ နိုင်ငံရေးပြဿနာဖြစ်တယ်။ နိုင်ငံရေး ပြဿာနာကို စစ်ရေးနည်းနဲ့ မဟုတ်ပဲ  နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးခြင်းနည်းနဲ့အဖြေရှာမယ့် နိုင်ငံရေးယှဉ်ကျေးမှုအသစ်ကို တည်ဆောက်ပြီး ပူးပေါင်းလုပ်ဆောင်ကြမယ်။ ဆရာတို့သိတဲ့အတိုင်းပဲ NCAကို ထိုးပြီးသား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းကတော့ ၁၀ဖွဲ့ ရှိတာပေါ့လေ။သို့ သော်လည်းပဲ ကျနော်တို့ NCA ထိုးပြီးတော့ စာချုပ်ပါအချက်တွေကို အကောင်အထည်ဖော်တာ လုပ်ဆောင်ခဲ့တယ်။ ပြည်ထောင်စုငြိမ်းချမ်ရေးညီလာခံအနေနဲ့ ပြောမယ်ဆိုရင် ငါးကြိမ်  လုပ်နိုင်ခဲ့တယ်။ ၂၁ ရာစုပင်လုံ အနေနဲ့တော့ လေးကြိမ် လုပ်နိုင်ခဲ့တယ်။ အဲ့လိုမျိုး နိုင်ငံရေးဆွေးနွေးမှုတွေ လုပ်ဆောင်နိုင်ခဲ့တဲ့အခါမှာ  ပြည်ထောင်စုသဘောတူစာချုပ် ၁၊၂၊၃ကို သဘောတူ စာချုပ်ချုပ်ဆိုနိုင်ခဲ့ကြတယ်။ ဒါကလည်း NCA လမ်းကြောင်းအရဖော် ဆောင်နေတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကနေ ထွက်ပေါ်လာတဲ့ အသီးအပွင့်လို့ပြောရင်လည်း မှားမယ်လို့ မထင်ဘူး။ ငြိမ်းချမ်းရေးကိုအပြည့်အ၀ အာမခံချက်ပေးနိုင်ဖို့အတွက်ဆိုရင်  ဒီမိုကရေစီနဲ့ ဖယ်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ဖို့လိုတယ်၊ အဲဒီလို တည်ဆောက်နိုင်ဖို့ဆိုတာ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ဒီမိုကရေစီအင်အားစုတွေ အကုန်လုံးပါ၀င်နိုင်ဖို့ လိုတယ်ပေါ့နော်။

ဒါကြောင့် တိုင်းရင်းသားလက်နက်ကိုင်တွေ နိုင်ငံရေးပါတီတွေ တိုင်းရင်းသားအစုအဖွဲ့တွေ အကုန်လုံးပါ၀င်နိုင်ဖို့ ကျွန်တော်တို့ ကြိုးပမ်းဆောင်ရွက်နေဆဲ ဖြစ်ပါတယ်။ လက်ရှိမှာ NCA အကောင်အထည်ဖော်မှုတွေကလည်း ရပ်တန့်သွားခဲ့ရတယ်။ NCA ယန္တရားကနေ လုပ်ဆောင်နေတဲ့ ဆွေးနွေးပွဲတွေလည်း ရပ်တန့်သွားခဲ့တယ်။  NCA ယန္တရားကနေ ဖော်ဆောင်နေတဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ မလုပ်ဆောင်နိုင်ဘူးဆိုပေမယ့် PPSTအနေနဲ့ နိုင်ငံရေးပြသာနာကို နိုင်ငံရေးဆွေးနွေးပွဲနည်းနဲ့ ဖြေရှင်းနိုင်ဖို့၊  သက်ဆိုင်သူတွေ အားလုံးပါ၀င်တဲ့ ဆွေးနွေးပွဲတွေ ဖြစ်မြောက်ဖို့၊  အရပ်သားများကို အကာအကွယ်ပေးရေးဆိုတဲ့ NCAရဲ့ အနှစ်သာရ ၃ ချက်အပေါ်မှာ အခြေခံပြီးတော့ လက်ရှိ အကျပ်အတည်းကို ကျော်လွှားနိုင်ဖို့ ဆောင်ရွက်နေပါတယ် ခင်ဗျာ့။

အာ:လုံးပါဝင်မှု မရှိတဲ့ နိုင်ငံရေး ဆွေးနွေးမှုတွေမှာ NCA အခြေခံမူ ၃ ရပ်ကို ရပ်တည်ပြီး နိုင်ငံရေးပြဿနာ ဖြေရှင်းမယ်ဆိုတဲ့ လုပ်ငန်းစဉ်ကရော အမှန်တကယ် လုပ်ဖြစ်လာနိုင်ပါ့မလား။

လက်ရှိမှာ နိုင်ငံရေးအခြေအနေက ပုံမှန် အနေအထားမဟုတ်ဘူး၊ ဒီလို ပုံမှန်မဟုတ်တဲ့ အခင်းအကျင်းအောက်မှာ အစုအဖွဲ့ကြားထဲမှာပဲဖြစ်ဖြစ်၊ အမြင်မတူတာတွေ သဘောထားမတိုက်ဆိုင်တာတွေ နားလည်မှုမတူတာတွေ ရှိကောင်းရှိနိုင်ပါတယ်။ ရှိလည်းရှိနေပါတယ်။ NCAဆိုတာ အကောင်းဆုံးမဟုတ်ပေမယ့်လည်း NCAကို  ရေးဆွဲတဲ့အချိန်တုန်းကလည်း ညှိ့နိုင်းပြီးတော့ ရေးဆွဲထားတာ ဖြစ်တဲ့အတွက်ကြောင့် ပြည်ထောင်စုငြိမ်းချမ်းရေးအတွက် အသိအမှတ်ပြုပေးသင့်ပါတယ်။

နောက်ဆုံးအနေနဲ့ အာဏာသိမ်းမှုကြောင့် NCA စာချုပ် အလုပ်မဖြစ်တော့ဘူးလို့ ဝေဖန်ပြောဆိုမှုအပေါ် ဘယ်လို မှတ်ချက်ပေးလိုပါသလဲ။

ခုနက ကျွန်တော်ပြောသလိုပဲ ပုံမှန်အနေအထားမဟုတ်တဲ့ အခင်းအကျင်းအောက်မှာ အမြင်အမျိုးမျိုးရှိမှာပါပဲ။ သို့သော်လည်းပဲ အမြင်တွေ ဘယ်လိုကွဲလွဲရှိနေလဲပေါ့လေ။ ပြည်တွင်းစစ်ကို အပြီးသတ် ချုပ်ငြိမ်းဖို့အတွက် ပြည်ထောင်စုငြိမ်းချမ်းရေးကို တည်ဆောက်ဖို့ဆိုတာကတော့ အားလုံးသဘောတူထားပြီးသားဖြစ်တယ်။ နိုင်ငံမှာ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အကျပ်အတည်းကို ကျော်လွှားနိုင်မယ့် နည်းလမ်းကောင်းတွေ ရှာလို့ရအောင် ကျွန်တော်တို့အနေနဲ့ ကြိုးပမ်းလုပ်ဆောင်သွားမယ်ဆိုတာ  ပြောချင်ပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.