မင်္ဂလာပါရှင်။ သံလွင်တိုင်းမ်ရဲ့ အမှန် အမှား အစီအစဉ်ကနေကြိုဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု သတင်းမှားတွေကို အမှန်အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေတဲ့ “KNLA NUG ၊ CRPH တို့ လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများက ကျိုက်ထီးရိုးဘုရား၊ ကင်မွန်းချောင် တောင်တက်ကားဂိတ်အား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အကြောင်းမဲ့လာရောက်ပစ်ခတ်၊ ဘုရားဖူး ပြည်သူများသေဆုံး” ဆိုတဲ့သတင်းကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီအကြောင်းအရာကို စစ်တပ်လက်အောက်ခံ မီဒီယာတွေက ဝါဒဖြန့်နေပြီး စစ်ကောင်စီထောက်ခံသူတွေရဲ့ အကောင့်တုဖြစ်တဲ့ တပ်ကြပ်ကြီး ဖိုးစည် တယ်လီဂရမ်ကနေ စက်တင်ဘာလ (၁၈)ရက်မှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပါတယ်။

ပိုစ့်ပါ အကြောင်းအရာ အပြည့်အစုံကတော့ “PDFအကြမ်းဖက်အဖွဲ့တွေက ဘုရားဖူးပြည်သူတွေကိုပါ လိုက်လံပစ်ခတ်တဲ့ အကြမ်းဖက်မှုတွေ လုပ်ဆောင်နေတာတွေ့ရပါတယ်။

တိုက်ခိုက်မှုတွေ အရှိန်အဟုန်မြှင့်ပြီးလုပ်” ဆိုပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောထားတဲ့ရုပ်သံဖိုင်နဲ့အတူ ရေးသားဖြန့်ဝေခဲ့ကြတာပါ။စစ်တပ်ထောက်ခံသူတွေရဲ့ အကောင့်တုတွေကို အောက်ပါလင့်တွေမှာ ကြည့်ရှုနိုင်ပါတယ်။

https://bit.ly/3eIwW0fhttps://bit.ly/3gjwy9f

ပိုစ့်ပါအကြောင်းအရာနဲဲ့ ပတ်သက်ပြီး သံလွင်တိုင်းမ်မှ စစ်ဆေးကြည့်ရာမှာတော့ သတင်းအမှားကို ဖြန့်‌ဝေနေတာတွေ့ရပြီး ကျိုက်ထီးရိုးကားဂိတ် ပစ်ခတ်မှုအတွင်း ဘုရားဖူးပြည်သူ သေဆုံးမှုဟာ စစ်ကောင်စီလက်ချက်ဖြစ်တယ်ဆိုတာ KNUဘက်က သတင်းထုတ်ပြန်ထားပြီးဖြစ်တာ စိစစ်တွေ့ရပါတယ်။

“တောင်တက်ကား ဂိတ်နားက စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို လက်နက်ကိုင်အဖွဲ့တွေကလာပစ်တာ၊ လာပစ်တဲ့ လူတွေကတော်တယ်၊ ဘုရားဖူးတွေနားက စစ်ကောင်စီ စစ်သားတွေကိုတောင်မပစ်ဘူး ပြည်သူကိုထိမှာစိုးလို့၊ စစ်ကောင်စီဘက်က ပြန်ပစ်တာ တောင်တက်ကားပေါ်မှာရှိတဲ့ ဘုရားဖူး (၃) ဦးသေတယ်၊(၁၃) ဦးဒဏ်ရာရတယ်၊ စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်လို့ ရွာသား (၃) ဦးလည်းဒဏ်ရာရခဲ့တယ်” လို့ ကင်မွန်းချောင်းဒေသခံတွေရဲ့ ပြောဆိုချက်ကို KNUဘက်က သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားတာ တွေ့ရပါတယ်။

ဒါ့အပြင် တောင်တက်ဂိတ်အနီးမှာ သွားလာနေတဲ့ ဆိုင်ကယ်တွေနဲ့ ပြည်သူတွေကို ငွေကြေးကောက်ခံနေတာကြောင့် စစ်ကောင်စီဂိတ်စခန်းကို ပစ်ခတ်ခဲ့တာဖြစ်ပြီး ပစ်ခတ်ပြီးနောက် စစ်ကောင်စီဘက်က ပြန်ပစ်ခတ်မှုတွေကြောင့် ဘုရားဖူးတွေ ထိခိုက်သေဆုံးရတာဖြစ်တယ်လို့ သထုံ PDFကို မေးမြန်းကာ BBC သတင်းဌာနက ဖော်ထုတ်ရေးသားထားတာ တွေ့ရပါတယ်။

ဒါ့အပြင် ဘုရားဖူးပြည်သူ ၃ ဦးသေဆုံးရတဲ့ ပစ်ခတ်မှုဖြစ်စဥ်မှာ စစ်ကောင်စီတပ်စခန်းကိုသာ အဓိကပစ်မှတ်ထား ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ သထုံ PDFကို မေးမြန်းကာ BBCသတင်းဌာနက ရေးသားထားတာ တွေ့ရပါတယ်။

စစ်တပ်ထောက်ခံသူတွေ စွပ်စွဲရေးသားထားသလို PDF တွေလုပ်ဆောင်တာလို့ သက်သေအခိုင်အမာ မရှိသလို ဒေသခံတွေကလည်း မည်သူလုပ်ဆောင်ခဲ့ကြောင်း မသိရဘူးလို့ ဆိုကြပါတယ်။

BBCသတင်းဌာနရဲ့ ဖော်ပြချက် အပြည့်အစုံကို အောက်ပါလင့်မှာ ဖတ်ရှုနိုင်ပါတယ်။

https://bit.ly/3D2FY1E

KNUသတင်းထုတ်ပြန်ချက်လင့်

https://bit.ly/3CHhcCX

ဒီအချက်တွေကြောင့် လူမှုကွန်ယက်ပေါ်မှာ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေကြတဲ့ “KNLA၊ NUG ၊ CRPH တို၏လက်ဝေခံ PDF အမည်ခံ အကြမ်းဖက် သမားများက ကျိုက်ထီးရိုးဘုရား၊ ကင်မွန်းချောင် တောင်တက်ကားဂိတ် အား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အကြောင်းမဲ့ လာရောက်ပစ်ခတ်၊ ဘုရားဖူး ပြည်သူများသေဆုံး”ဆိုတဲ့ သတင်းဟာ ဖြစ်စဥ်အမှန်ကို သက်သေအခိုင်အလုံမရှိဘဲ PDF တွေ ကျူးလွန်ခဲ့သယောင် စွပ်စွဲရေးသားထားတဲ့ သတင်းတခုသာဖြစ်ကြောင်း သံလွင်တိုင်းမ် ပရိတ်သတ်တွေအတွက် စိစစ်ပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.