မော်လမြိုင်၊ အောက်တိုဘာ (၉)

မွန်ပြည်နယ်ထွက် ပဲတွေကို ပြည်ပနိုင်ငံတွေ ဖြစ်တဲ့ အိန္ဒိယနဲ့ တရုတ်နိုင်ငံတို့ကနေ ဝယ်လိုအား မြင့်တက်နေတာကြောင့် ပြည်တွင်း ပဲဈေးကွက်မှာ လက်ကျန်ပဲ ပိုမို နည်းပါးလာတယ်လို့ ပဲလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒေသထွက် မတ်ပဲ အပါအဝင် ပဲမျိုးစုံဟာ တောင်သူနဲ့ကုန်သည်တွေလက်ထဲ လက်ကျန်ပဲ နည်းပါးနေချိန် အိန္ဒိယနဲ့ တရုတ် နိုင်ငံတွေက အဝယ်လိုက်နေတဲ့အတွက် ဈေးကွက်အတွင်း လက်ကျန်ပဲ ပိုမို နည်းပါးလာတာ ဖြစ်ပါတယ်။

ဒေသထွက် ပဲအမျိုးမျိုးကိုတော့ အိန္ဒိယနဲ့ တရုတ်နိုင်ငံတွေက သူတို့နိုင်ငံတွေမှာ ရာသီဥတု ဆိုးရွားပြီး ပျက်စီးဆုံးရှုံးတာတွေ ရှိနေတဲ့အတွက် ပဲဝယ်ယူမှု မြင့်တက်လာတာ ဖြစ်ပါတယ်။

ပဲလုပ်ငန်းရှင် တစ်ဦးကတော့ အိန္ဒိယနဲ့ တရုတ်နိုင်ငံတွေက လာမယ့် နိုဝင်ဘာလထိ ပဲဝယ်ယူမှု ဆက်ရှိနေမယ်ဆိုရင် ပြည်တွင်းဈေးကွက်မှာ လက်ကျန်ပဲ မရှိသလောက် ဖြစ်သွားနိုင်တယ်လို့ ပြောပါတယ်။

“ဝယ်လိုအားတွေ ကောင်းကြပါတယ် ။အိန္ဒိယတို့ ဘာတို့ကတော့ ရာသီဥတု ဆိုးတယ်ဆိုတော့ ကျွန် တော်တို့ မြန်မာပဲတွေကို များများ ဝယ်နေတယ်။ တရုတ် ဆိုလို့ ရှိရင်လည်း ရာသီဥတုက မိုးခေါင်တယ်လို့ ပြောရမှာပေါ့၊။ဆိုတော့ ဝယ်လိုအားတွေ ရှိတာပေါ့။ ကျွန်တော်တို့က အဓိက ကုန်သွယ်ဘက် နိုင်ငံက တရုတ်နဲ့ အိန္ဒိယပဲ။ ပြည်တွင်း ပဲလက်ကျန် အခြေအနေကတော့ တန်ချိန်ကတော့ နည်းနေပြီ။ ဒါပေမယ့် လက်ရှိ အနေအထားထိကတော့ သင်္ဘောတင်နိုင်တဲ့ အနေအထား ရှိတုန်းပဲ။ သူတို့ရဲ့ ဝယ်လိုအားကို ပေးနိုင်တုန်းပဲပေါ့။ ဒါပေမယ့် (၁၁)လပိုင်းမှာ သူတို့ဘက်ကနေ ထပ်ဝယ်မယ် ဆိုရင် ပြည်တွင်း လက်ကျန်မှာက နည်းပြီးပေါ့။ မရှိသလောက် ဖြစ်သွားမယ်။ တော်တော် နည်းသွားမှာပေါ့”လို့ ဆိုပါတယ်။

ဒါ့အပြင် ပြည်တွင်း ထွက်ရှိတဲ့ ပဲအမျိုးမျိုးဟာ ပြည်ပက ဝယ်လိုအား များနေတာကြောင့် ကုန်သည်တွေ အဝယ်လိုက်နေသလို ပြည်တွင်း အသုံးပြုသူတွေကလည်း ပွဲတော်ကာလ ဖြစ်တာကြောင့် ဝယ် လိုအား များနေတာ ဖြစ်ပါတယ်။

ပြည်တွင်း ထွက်ရှိတဲ့ ပဲအမျိုးမျိုးကိုတော့ ပြည်ပက အဝယ်လိုက် နေပေမယ့် ဒေါ်လာ ဈေးနှုန်း ပြန် လည် ကျဆင်း လာတာကြောင့် ပဲဈေးနှုန်းတွေလည်း အနည်းငယ် ပြန်လည် ကျဆင်းလာတာပါ။

လက်ရှိမှာတော့ ပဲတီစိမ်း ၂၀ ပိဿာ တစ်တင်းကို ကျပ် ၄၈၀၀၀ ၊ မတ်ပဲ တစ်တင်း ၆၀၀၀၀ နီးပါး၊ ပဲပုတ် တစ်တင်း ကျပ် ၆၂၀၀၀ ထိ ပေါက်ဈေးနှုန်း ရှိနေတာပါ။

မွန်ပြည်နယ်မှာတော့ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲပုတ်နဲ့ ပဲတီစိမ်း ရွှေဝါ တွေကို အဓိက စိုက်ပျိုးနေတာ ဖြစ်ပြီး ထွက်ရှိလာတဲ့ ပဲအမျိုးမျိုးကိုတော့ အိန္ဒိယနဲ့ တရုတ် နိုင်ငံတွေက အဓိက ဝယ်ယူနေသလို ပါကစ္စတန်၊ နီပေါ၊ စင်ကာပူနဲ့ ထိုင်းနိုင်ငံတွေကလည်း မှာယူ တင်သွင်းတာ ရှိနေပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.